ရခိုင်ပြည်နယ်ပဋိပက္ခနဲ့ ဆက်စပ်လို့ ဖမ်းဆီးခံရတဲ့ ရိုက်တာသတင်းထောက်တွေရဲ့ အမှုနဲ့ပတ်သတ်ပြီး တရားရုံးမှာ ထွက်ဆိုရတဲ့ ရဲအရာရှိ မိသားစု- ဝန်ထမ်း အိမ်ယာကနေ နှင်ထုတ်ခံရတယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။ ရိုက်တာ သတင်းထောက်တွေကို ရဲက ထောင်ခြောက်ဆင် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဒုရဲမှူး မိုးရန်နိုင် တရားရုံးမှာ ထွက်ဆိုပြီးနောက်မှာပဲ သူ့ရဲ့မိသားစု - နေပြည်တော်မှာရှိတဲ့ ရဲမိသားစု လိုင်းခန်းကနေ ချက်ချင်း ဖယ်ရှားပေးဖို့အတွက် ညွန်ကြားခံရတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ရဲအရာရှိရဲ့ ညီဖြစ်သူနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ မအေးအေးမာ ပြောပြပေးပါမယ်။
ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်တွေ လွတ်မြောက်ရေးအတွက် မြန်မာအစိုးရကို နိုင်ငံတကာနဲ့ လူအခွင့်အရေးအဖွဲ့တွေက ဝေဖန်မှုတွေ မြင့်တက်နေချိန်မှာပဲ ဧပြီလ ၂၀ ရက်နေ့က ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်တရားရုံးုမှာ တရားလိုပြ သက်သေအဖြစ် ဒုရဲမှူး မိုးရန်နိုင်က သက်သေ ထွက်ခဲ့တာပါ။ ဒီ သက်သေထွက်ချက်ထဲမှာ နိုင်ငံတော်လုံခြုံရေး စာရွက်စာတမ်းတွေပေးပြီး ဖမ်းဆီးဖို့ ရဲမှူးချုပ် တင်ကိုကိုက အမိန့်ပေးတာဖြစ်ကြောင်း ဒုရဲမှူး မိုးရန်နိုင်က တရားခွင်မှာ ထွက်ဆိုခဲ့တာဖြစ်ပါတယ်။
ဒီလို ထွက်ဆိုအပြီးမှာတော့ နေပြည်တော်မှာရှိတဲ့ သူရဲ့မိသားစုတွေနေထိုင်ရာ ရဲတန်းလျားကနေ ဖယ်ရှားပေးဖို့အတွက် အထက်က ညွန်ကြား လာတာဖြစ်ကြောင်း ညီဖြစ်သူက ပြောပြပါတယ်။
“ အကိုက ရန်ကုန်ကိုရဲတပ်ရင်း (၈)ကို ပြောင်းသွားရတာလေ၊ ဒါက နဂိုနေတဲ့ နေရာလေ။ ကလေးတွေရဲ့ကျောင်းက ကျောင်းထားဖို့ဆိုတော့ ဒီမှာဆိုတော့ လိုက်မပြောင်း ဖြစ်သေးတာပေါ့။ ကျန်နေသေးတာပေါ့။ ဝန်ထမ်းစည်းကမ်းအရ ဆိုရင်တော့ ပုံမှန်ကတော့ ခင်ပွန်းက ပြောင်းသွားတာဆိုတော့ သက်ဆိုင်မှုတော့မရှိဘူးပေါ့။ ဒါပေမဲ့ ဒီလိုပဲ ဆက်နေနေခဲ့တာ။ အခုကတော့ အထက်ကညွန်ကြားချက်နဲ့ ဖယ်ပေးရတာမျိုး ဖြစ်သွားတာပေါ့”
မေး။။အဲဒါက ဒုရဲမှူး ထွက်ဆိုချက်နဲ့ သက်ဆိုင်လား။
ဖြေ။ ။ “ဆိုင်တော့ ဆိုင်မယ်ထင်တာပဲ .. ကျနော်တို့လည်း ”
မေး။ ။ ဟုတ်ကဲ့ - မိသားစုက အခု ဘယ်လိုများနေထိုင်ကြသလဲရှင့်၊ အဲဒီလိုမျိုး ဖြစ်သွာတော့။
ဖြေ။ ။ “ကျနော်တို့မိသားစု ညီအကိုမောင်နှမတွေ အိမ်မှာပဲနေတယ်။ နဂိုထဲက ကျနော်တို့အကို အဖမ်းခံရကတည်းက မိသားစုကို ခေါ်ထားလိုက်တာ.. ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ အကိုအကြောင်း သိတယ်။ ကျနော်တို့အကိုက မှန်တယ်ထင်ရင် ဘယ်ကိုမှ မငဲ့ဘူး မှန်တဲ့အတိုင်းပဲ လုပ်တတ်တဲ့ အကျင့်ရှိတော့၊ မိသားစုတော့ ဒုက္ခရောက်လိမ့်မယ်လို့ ကျနော်တို့က နဂိုထဲက သိထားတော့၊ ခေါ်ထားလိုက်တာ။ အခုကျတော့မှ ဖယ်ပေးပါဆိုတော့ ဖယ်ပေးလိုက်တာပဲ ”
မေး။ ။ သူ့ကိုခေါ်သွားပြီးကတည်းက လစာတွေဘာတွေ မပေးတော့ဘူး ဆိုတာ .. အဲဒါကော ဟုတ်လား။
ဖြေ။ ။ “ဟုတ်တယ်ဗျ။ လစာ မရတာကြာပြီဗျ .. လစာ မရတာကြာပြီ .. လေးလ ကျော်သွားပြီ”
မေး။ ။ မိသားစုနဲ့ကော တွေ့ခွင့်ရလားအဖမ်းခံရတဲ့ကာလမှာ …။
ဖြေ။ ။ “တွေ့ခွင့် မရဘူးဗျ ”
မေး။ ။အခုလိုမျိုး သူဖွင့်ပြောလိုက်တော့ မိသားစုဝင်တွေအနေနဲ့ ဘယ်လိုမြင်လဲရှင့်။
ဖြေ။ ။ “ဘယ်လိုမြင်လဲဆိုတော့ ကျနော်တို့မိသားစုအနေနဲ့ သိပ်မအံ့သြဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့အကိုက အခုမှ မဟုတ်ဘူး။ သူ့ဘ၀ တလျောက်လုံးမှာ သူနေတဲ့နေရာဒေသ စခန်းတိုင်းမှာ မှန်တယ်ထင်ရင် နောက်မဆုတ်တတ်ဘူး လုပ်တတ်တဲ့အကျင့် ရှိတယ်ဆိုတော့ .. ကျနော်တို့က ကိုယ့်အကိုအကြောင်းကို သိပြီးသားပါ။ ခံစားချက်အနေနဲ့ပြောရရင်တော့ ဂုဏ်ယူပါတယ်ဗျ ဒါပါပဲ”
ဒါကတော့ ဖမ်းဆီး ထိမ်းသိမ်းခံထားရတဲ့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ မိသားစုကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။