သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက်တွေကို တရားရုံးစွဲချက်တင်


နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ဖောက်ဖျက်တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ရိုက်တာသတင်းသမားနှစ်ဦးကို စွဲချက်တင်ဖို့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးကနေ ဆုံးဖြတ်လိုက်ပါပြီ။ သတင်းမီဒီယာသမားတွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေ နည်းပါးတာကြောင့်၊ ရိုက်တာသတင်းသမားနှစ်ဦးအမှုမှာ ပြန်လည်ခုခံဖို့ အားနည်းနေတယ်လို့ သတင်းသမားတွေရဲ့ ရှေ့နေတွေက ပြောပါတယ်။ ဒီနေ့ တရားခွင်ကို သတင်းသွားယူခဲ့တဲ့ မမေခ သတင်းပေးပို့ထားပါတယ်။

ပြည်ထဲရေးက စွဲတင်ထားတဲ့ ဒီအမှုကို ၆ လကျော်ကြာ စစ်ဆေးပြီးတဲ့နောက်၊ ရိုက်တာသတင်းသမားနှစ်ဦးကို နိုင်ငံတော်လျှိ့ဝှက်အက်ဥပဒေချိုးဖောက်မှုနဲ့ စွဲချက်တင်ဖို့ တရားရုံးကနေ ဒီကနေ့ ဆုံးဖြတ်လိုက်တာပါ။ သတင်းသမားနှစ်ဦးစလုံးကတော့ သူတို့ဟာ သတင်းသမားကျင့်ဝတ်ဖောက်ဖျက်တာမရှိခဲ့သလို၊ စွတ်စွဲခံထားရတဲ့ ပုဒ်မတွေအတွက်လည်း အပြစ်မရှိဘူးလို့ တရားသူကြိးကို ဖြေဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေလိုတဲ့ရည်ရွယ်ချက်နဲ့ လုံခြုရေးတပ်ဖွဲ့တွေရဲ့လျို့ဝှက်စာရွက်စာတမ်းတွေရယူစုဆောင်းခဲ့တယ်ဆိုတဲ့ အစိုးရအမှုစစ်အရာရှိရဲ့စွပ်စွဲချက်တွေကို စစ်ဆေးဖို့အတွက်သတင်းထောက် နှစ်ယောက်လုံးကို ပုဒ်မ၃(၁)(ဂ) နဲ့ဆွဲချက်တင်လိုက်တယ်လို့တရားသူကြီးက ဆုံးဖြတ်ပါတယ်။

အခုလို ဆုံးဖြတ်လိုက်တဲ့အပေါ် ရိုက်တာသတင်းထောက် ကိုဝလုံးကတော့ အခုလိုတုံပြန်ပြောလိုက်ပါတယ်။

" ဘယ်လိုဘဲကျတော်တို့ကို စွဲချက်တင်တင် ကျတော်တို့ဆောင်ရွက်ခဲ့တဲ့ ကိစ္စသည် သတင်းသမားကျင့်ဝတ်နဲ့အညီ ရခိုင်ပြည်နယ်မှာရှိ တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကျင့်ပျက်ချစားမှုတွေကို စုံစမ်းဖော်ထုတ်ခဲ့တယ်ဆိုတာ အားလုံးသိပါတယ်။ ဒါတွေကို ဘဲဆက်ပြီးတော့တရားရုံးတော်မှာရင်ဆိုင်သွားမှာပါ။ ဒီကိစ္စတွေကြောင့် ကျနော်တို့နောက်ဆုတ်မှာ စိတ်လျော့သွားမှာမဟုတ်ပါဘူး။"

လျှို့ဝှက်အက်ဥပဒေနဲ့စွဲချက်မတင်ဘဲ တရားရှင်လွှတ်ဖို့ ရိုက်တာရှေ့နေတွေဘက်က ပြီးခဲ့တဲ့ရုံးချိန်းတုန်းက တင်ပြခဲ့တာကိုတရားရုံးကပလပ်လိုက်တာဖြစ်ပါတယ်။ရခိုင်ပြည်နယ်၊မောင်တောခရိုင်မှာဖြစ်ခဲ့တဲ့နယ်မြေရှင်းလင်းမှုဖြစ်စဉ်အစီရင်စာတွေလက်ဝယ်တွေ့ရှိ တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ရိုက်တာ(Reuters)သတင်းထောက်ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ကိုမြန်မာနိုင်ငံလျှို့ဝှက်ချက်များအက် ဥပဒေ၊ပုဒ်မ၃(၁) (ဂ)နဲ့၂၀၁၇ခုနှစ်ဒီဇင်ဘာ၁၂ရက်နေ့ညမှာဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးစစ်ဆေးမှုတွေ ၆လကျော်ကြာချိန်အတွင်း တရားလို ပြသက်သေ၂၃ဦးကို တရားရုံးက စစ်ဆေးခဲ့ပါတယ်။

တရားရုံးဘက်ကအခုလိုဆုံးဖြတ်လိုက်တာကြောင့်ရိုက်တာသတင်းသမားတွေအနေနဲ့ဆက်လက်တရားရင်ဆိုင်သွားရတော့မှာဖြစ်ပြီးရှေ့သတင်းပတ်မှာ သတင်းထောက်ကိုဝလုံးကို စတင်စစ်ဆေးမှာဖြစ်ပါတယ်။ ရိုက်တာသတင်းသမားတွေဘက်က တရားခံပြသက်သေ ၆ဦး စစ်ဆေးဖို့ တင်ပြ ထားပါတယ်။

ရိုက်တာ သတင်းသမားတွေရဲ့ရှေ့နေ ကိုသန်းဇော်အောင်ကတော့ မီဒီယာသမားတွေကို ကာကွယ်တဲ့ ဥပဒေနည်းပါးလွန်းတာကြောင့် မီဒီယာသမားတွေအနေနဲ့ ပြန်လည်ခုခံနိုင်ဖို့ အားနည်းနေတယ်လို့ဆိုလိုက်ပါတယ်။

"သတင်းသမားတွေဘက်က နိုင်ချေရှိလားဆိုတော့ သတင်းသမားက အမြဲတမ်းအရှုံးဘက်ကချည်ဘဲပေါ့။ သတင်းသမားဘက်က cover ပေးမယ့် ဥပဒေကလောက်လောက်လားလားမရှိဘူး။ တည်ဆဲဥပဒေတွေက အချိန်မရွေးတရားစွဲနိုင်တဲ့ ဥပဒေတွေအများကြီးဘဲလေ အဲတော့သတင်းသမားတွေဘက်က အရှုံးချည်းဘဲရှိတယ်"

ရခိုင်မြောက်ပိုင်းသတင်း အထူးသဖြင့် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ အင်းဒင်ကျေးရွာဖြစ်ရပ်မျိုးကို သတင်းစုံစမ်းခဲ့တဲ့ ရိုက်တာသတင်းသမားနှစ်ဦးကို ဖမ်းဆီးတာဟာ၊ လွတ်လပ်စွာ သတင်းရယူမှုကို ပိတ်ပင်တဲ့ လုပ်ရပ်လို့ နိုင်ငံတကာသတင်းမီဒီယာတွေရော လူ့အခွင့်အရေးအဖွဲ့တွေကပါ ယူဆထားကြတာပါ။ ရခိုင်မြောက်ပိုင်းအရေး သတင်းရေးသားမှုကြောင့် ဒီသတင်းသမားနှစ်ဦး ဖမ်းခံရတာဆိုပြီး၊ သတင်းသမားနှစ်ဦးကို ပြန်လွှတ်ဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်တွေကို ထောက်ပြပြောဆိုကြတိုင်းလည်း အခုလို ရိုက်တာသတင်းသမားနှစ်ဦး ဖမ်းခံထားရတဲ့ကိစ္စကို နိုင်ငံတကာက ရည်ညွှန်းပြောဆိုလေ့ရှိပါတယ်။

ဒါပေမယ့်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရတာဝန်ရှိသူတွေကတော့ ဒီသတင်းသမားတွေကို ဖမ်းဆီးတာဟာ ရခိုင်အရေးနဲ့မပတ်သက်ပါဘူးလို့ ငြင်းဆန်ထားပါတယ်။

ရိုက်တာသတင်းသမားတွေရဲ့ရှေ့နေ ဦးခင်မောင်ဇော်ကတော့ဒီကနေ့ တရားရုံးက ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သတ်ပြီး အခုလို သုံးသပ်ပြောဆိုလိုက်ပါတယ်။

"ဥပဒေမှာတော့ တရားလိုဘက်ကတင်လာတဲ့ဟာကို စွဲချက်တငိကိုတင်ရမယ်မရှိပါဘူး၊ တရားလိုပြသက်သေတွေကို ကြည့်ပြီဒးစွဲချက်တင်လိုက်တာပေါ့ ဘယ်လိုသုံးသပ်လဲမပါဘူး"

သတင်းထောက်တွေကိုတရားစွဲထားတဲ့ဒီဥပဒေဟာပြစ်မှုထင်ရှားတယ်လို့ဆုံးဖြတ်ခဲ့ရင်အမြင့်ဆုံးပြစ်ဒဏ်ထောင်ဒဏ်၁၄နှစ်ထိပြစ်ဒဏ်ချမှတ်နိုင်တဲ့ဥပဒေတခုဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG