သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက်နှစ်ဦးတရားခွင် ထွက်ဆိုချက်များ ကွဲလွဲ


ရိုက်တာသတင်းထောက် ၂ ဦးကို ဖမ်းဆီးတဲ့နေရာနဲ့ပတ်သက်လို့ တရားရုံးမှာ ထွက်ဆိုချက်တွေဟာ ရဲဘက်က ထွက်ဆိုတာနဲ့ ဖမ်းခံထားရသူတွေဘက်က ထွက်ဆိုချက်တွေ အခုချိန်ထိ ကွဲလွဲမှုတွေ ရှိနေတယ်လို့ သတင်းထောက်တွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ သတင်းထောက်တွေရဲ့ အမှုကို ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့တာမှာ မိသားစုဝင်တွေကတော့ သူတို့ ပြန်လွတ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုကြပါတယ်။ ဖမ်းဆီးခံရိုက်တာသတင်းထောက်ရဲ့ နောက်ဆုံးအခြေအနေအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုစည်သူက တင်ပြပေးပါမယ်။

ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို (၅) ကြိမ်မြောက်အဖြစ်နဲ့ ဒီကနေ့ ရုံးထုတ်စစ်ဆေးရာမှာ ဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့ ရဲဝန်ထမ်းတစ်ဦးနဲ့ အရပ်သား သက်သေတစ်ဦးကို တရားခွင်မှာစစ်မေးခဲ့တာပါ။

အရပ်သားသက်သေရဲ့ထွက်ဆိုချက်နဲ့ ရဲဘက်က ထွက်ဆို အချက်အလက်တွေ ကွဲလွဲနေတယ်လို့ သတင်းထောက်တွေရဲ့အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

"ဖမ်းတဲ့နေရာပေါ့ဗျာ။ ရဲပြောတဲ့နေရာမဟုတ်ပဲနဲ့ ရဲကအမှတ်(၃) လမ်းမကြီးလို့ပြောတာကိုးဗျ ၊ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ကိုဖမ်းတာ ဆောင်းနှင်းမွန် ဘီယာဆိုင်ရဲ့ရှေ့လမ်းမမှာ ထွက်ထွက်ချင်းဖမ်းတာလို့ ၊ အခုတော့ အရပ်သက်သေကတော့ ဖမ်းတဲ့နေရာဟာ ဆင်ကြီးရဲ့ဆိုင်ရှေ့လို့ပြောတယ် ။ ဆင်ကြီးဆိုင်ရှေ့က ကျွန်တော်တို့ပြောတဲ့ ဘီယာဆိုင်နဲ့ ကပ်လျက်ပေါ့ဗျာ။ အဲဒီအချက်အလက်လေးကတော့ ရဲနဲ့ကွဲသွားပြီးပေါ့ဗျာ"

လေးကြိမ်မြောက် ရုံးထုတ်စဉ်မှာလည်း အစိုးရသက်သေအဖြစ် ထွက်ဆိုခဲ့သူ ဒုရဲအုပ် မျိုးကိုကိုကရဲအရာရှိတဦး အနေနဲ့ ရဲလက်စွဲဥပဒေကို မသိရှိကြောင်း ထွက်ဆိုခဲ့သလို ထွက်ဆိုချက်တွေဟာ ရှေ့နောက် ကွဲလွဲမှုတွေ ရှိနေတဲ့အတွက် သူ့ရဲ့ ထွက်ဆိုချက်တွေ အပေါ် သံသယရှိခဲ့တယ်လို့ သတင်းထောက်တွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

အဖမ်းခံထားရတဲ့ သတင်းထောက်နှစ်ဦး သူတို့ကို ရုံးထုတ်တဲ့ ဒီကနေ့မှာ အာမခံနဲ့ လွတ်မြောက်လိမ့်မယ်လို့ မိသားစုအနေနဲ့ မျှော်လင့်ခဲ့ကြောင်း သတင်းထောက်ကိုကျော်စိုးဦးရဲ့ ဇနီး မချစ်စုဝင်းက ပြောပါတယ်။

"သမီး ယောက္ခမကဒီနေ့ မနက်အစောကြီး ဖုန်းဆက်တယ်။ သမီးရေ နင့်ယောကျာၤးဒီနေ့လွတ်မယ်လို့ ပြောတော့ တအားပျော်သွားတယ်။ အဲလိုဖြစ်ရင်တော့ ကောင်းတာပေါ့။ သမီးယောက္မကလည်းပြောတယ်။ နင့်ယောကျာၤးလွတ်မလားမသိဘူးတဲ့ ။ ပျော်တယ် ဒီနေ့ ပျော်တာ ဘယ်လိုပျော်လို့ပျော်မှန်းမသိဘူး။ ကိုယ်ကလွတ်မယ်လို့လည်းယုံကြည်တယ်။ "

ဖမ်းဆီးခံ ရိုက်တာ သတင်းထောက်ကို ဝလုံးရဲ့ဇနီး ပန်းအိမွန်ကလည်း သူ့မျှော်လင့်ချက်ကို အခုလို ပြောပြပါတယ်။

"ကိုယ်ကတော့ ရုံးချိန်းတိုင်းမှာ လွတ်စေချင်တယ်သူ့ကို၊ တခါတည်းများဒီနေ့ အိမ်ပြန်ပါလာမလားဆိုတဲ့ မျှော်လင့်ချက်က ရုံးချိန်းနေ့တိုင်း နေ့တိုင်းမှာရှိတယ်။ "

ဒါပေမယ့်လည်း တရားခွင်မှာ အစိုးရသက်သေ နှစ်ဦးကိုသာ စစ်မေးခဲ့ပြီး နောက်ထပ်ရုံးချိန်း ချိန်းဆိုခဲ့ပါတယ်။

၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်နေ့ညက ရဲအရာရှိတချို့က ညစာစားဖို့ဖိတ်ကြားလို့ သွားရောက်တွေ့ဆုံစဉ်မှာ လျို့ဝှက်စာရွက်စာတမ်းတချို့ လက်ခံခဲ့ရပြီးချက်ချင်းဆိုသလို အဖမ်းခံခဲ့ရတယ်လို့ ဖမ်းဆီးခံ သတင်းထောက်တွေက သူတို့ရဲ့မိသားစုကို ပြောပြကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံ သတင်းထောက်နှစ်ဦးဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ အစ္စလာမ်ဘာသာဝင် ၁၀ ဦးကို တပ်မတော်သားတွေနဲ့ ရွာသားတချို့က ရိုက်နှက်ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး အစုလိုက်အပြုံလိုက် မြှပ်နှံထားခဲ့တယ် ဆိုတဲ့သတင်းကို ရိုက်တာသတင်းဌာန အတွက် ရေးသား ဖော်ထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။

သူတို့ကို ၁၉၂၃ ခုနှစ်ကပြဌာန်းခဲ့တဲ့ အစိုးရလျှို့ဝှက်ချက်ဥပဒေချိုးဖောက်မှုနဲ့ စွဲချက်တင်ထားတာဖြစ်ပြီး ပြစ်မှု ထင်ရှားမယ်ဆိုရင် ထောင်ဒဏ် ၁၄ နှစ်ထိ ကျခံရမှာ ဖြစ်ပါတယ်။ ဖမ်းဆီးထားတဲ့ သတင်းထောက် နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်၊ ဥရောပသမဂ္ဂ အပြင် ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ကပါ တောင်းဆိုနေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG