သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ တိုက်ပွဲတွေကြောင့် ဒေသခံတွေ သေကြေထိခိုက်


စစ်ကောင်စီကို တော်လှန်နေသည့် ကရင်နီပြည် ခေါ် ကယားပြည်နယ်မှ PDF တပ်သားများ (Courtesy: KNDF)
စစ်ကောင်စီကို တော်လှန်နေသည့် ကရင်နီပြည် ခေါ် ကယားပြည်နယ်မှ PDF တပ်သားများ (Courtesy: KNDF)

ကရင်နီဒေသ၊ လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ လမ်းမကြီး တလျှောက်မှာ စစ်ကောင်စီက တပ်အင်အား ဖြည့်တင်းနေသလို၊ ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်ရေးတင်းမာမှု အရှိန် ဆက် မြင့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေအထိ နှစ်ဘက် ထိတွေ့ တိုက်ပွဲတွေ ရှိခဲ့သလို၊ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သား သေဆုံးတာ၊ ထိခိုက် ဒဏ်ရာ ရတာတွေလည်း ရှိတဲ့အကြောင်း ဒေသခံတွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ သတင်းပေးပို့ချက် အပြည့်စုံကို မအင်ကြင်းနိုင်က တင်ပြပေးပါမယ်။

အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းဆင်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေအကြား ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က စလို့ လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ လမ်းမကြီး တလျှောက်မှာ ရက်ဆက် တိုက်ပွဲပြင်းထန် ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ဗဟို ပြန်ကြားရေး တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီတိုက်ပွဲတွေ အတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်တာမျိုး မရှိပေမဲ့ လက်နက်ကြီးတွေ အလွန်အကျွံ အသုံးပြု ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။ ဒီလိုပစ်ခတ်မှုကြောင့် ၁၆ နှစ်အရွယ် အရပ်သားတဦး သေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာ ရရှိတယ်လို့လည်း KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူက ခုလို ပြောပါတယ်။

“လက်နက်ကြီးတွေ အများကြီးသုံးပြီးတော့ တိုက်ခိုက်တယ်။ အထူးသဖြင့် ဒီပြည်သူတွေ ရှိနေတဲ့ ကျေးရွာတွေကို ဒါ လက်နက်ကြီး ကျရောက်ပြီးတော့ ပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိတယ်။ ၂၀ ရက်နေ့ကနေ စဖြစ်တယ်။ ဒီတိုက်ပွဲတွေ အတွင်းမှာပေါ့နော် လက်နက်ကြီး ထိခိုက်မှုကြောင့် ပြည်သူ ၉ ဦးအထိ ဒဏ်ရာရပြီးတော့ ၁၆နှစ် လူငယ်တဦး ထိခိုက်သေဆုံးတယ်ပေါ့နော်။”

ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ဗွီအိုအေ အနေနဲ့ သီးခြား အတည်မပြုနိုင်သလို၊ စစ်ကောင်စီဘက်က ထုတ်ပြန်တာလည်း မရှိပါဘူး။

လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ လမ်းမကြီးတလျှောက်မှာ ဇူလိုင်လ ၂၀ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။ ဇူလိုင် ၂၄ ရက်နဲ့ ၂၅ ရက်နေ့ နှစ်ရက်တာ တိုက်ပွဲမှာ စစ်တပ်ဘက်က အယောက် ၂၀ ထက်မနည်း သေဆုံးကြောင်းနဲ့ လက်နက်ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရမိတဲ့ အကြောင်း ပူးပေါင်း တပ်ဖွဲ့တွေက ဓာတ်ပုံနဲ့အတူ ထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီဘက်က တစုံတရာ တုံ့ပြန်တာ မရှိသေးပါဘူး။

ဒီကနေ့မှာ နှစ်ဘက် ထိတွေ့ တိုက်ပွဲဖြစ်တာမျိုး မရှိပေမဲ့ လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ လမ်းမကြီးတလျှောက်မှာ စစ်ကောင်စီတပ်တွေက တပ်စွဲ နေရာယူထားတာမို့ အချိန်မရွေး နှစ်ဘက်တိုက်ပွဲ ပြင်းထန်လာနိုင်တယ်လို့ KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

“လမ်းမကြီး တလျှောက်ပေါ့နော်။ လွိုင်ကော မိုးဗြဲကြားက လမ်းမကြီး တလျှောက်မှာတော့ စစ်ကောင်စီ အရင် စစ်ဆေးရေးဂိတ် စခန်းတွေမှာ ချထားတဲ့ ကင်းပုန်းတွေရှိတယ်။ နောက်ပြီးတော့ ဒီကုန်းသာတို့ ဆောင်းကန်းတို့ အထူးသဖြင့် ဒီရှမ်း ကယားနယ်တဝိုက်မှာရှိတဲ့ ကျေးရွာတွေမှာတော့ စစ်ကောင်စီကတော့ တပ်စွဲထားပြီးသား ဖြစ်တယ်ပေါ့နော်။”

မိုးဗြဲမြို့က စစ်ရှောင်တွေကို ကူညီနေသူတဦးကတော့ အချက်အချာကျတဲ့ ပြည်ထောင်စုလမ်းမကြီးရဲ့ နေရာတော်တော်များများမှာ စစ်တပ်ဘက်က ပိတ်ဆို့စစ်ဆေးတာတွေ ရှိနေမို့ သွားရေးလာရေး ခက်ခဲနေသလို၊ ပစ်ခတ်မှုတွေကြောင့် နေရပ်မပြန်နိုင်သေးတဲ့အကြောင်း ပြောပါတယ်။

“သွားလာရေးကျတော့ သိပ်အဆင်အပြေဘူးပေါ့နော်၊ စစ်ကောင်စီဂိတ် အခုလည်း မိုးဗြဲ အနောက်ဘက်ခြမ်းလည်း စစ်ကောင်စီတွေက အဲ့မှာ လမ်းပိတ်ထားတာပေါ့။ အဲ့ဒီတိုက်ပွဲဖြစ်နေတဲ့ ဧရိယာလည်းဖြစ်တယ်။ နောက်..သူတို့လမ်းလည်း အသေပိတ်တယ်ပေါ့။ နောက်လမ်းမကြီး အပေါ်ပိုင်းကျတော့ သွားလာလို့ လုံးဝမရဘူးပေါ့။ မနေတဲ့လူတွေ များတယ်ပေါ့။ နေတဲ့လူလည်း ဝေးဝေးမှာ တအိမ် အဲ့လိုမျိုးပေါ့နော် အဲ့လိုမျိုးပဲနေတယ်။ နောက်(ဒေသခံတွေ)ဝင်နေတာနဲ့ ပစ်ခတ်ခံရတာတွေလည်း ကြုံတာမျိုး များတဲ့ခါကျတော့ မဝင်ဖြစ်ကြတော့ဘူး။”

မိုးဗြဲမြို့မှာ ပြီးခဲ့တဲ့ ဇွန်လတိုက်ပွဲတွေ ပြင်းထန်လာခဲ့ချိန်ကစလို့ မြို့ခံ အကုန်းနီးပါး အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြ ရတာပါ။ တိုက်ခိုက်မှုတွေ ငြိမ်သက်သွားတဲ့အခါမျိုးမှာ ဒေသခံတွေ မြို့ထဲပြန်ဝင်ဖို့ ကြိုးစားကြပေမဲ့ စစ်တပ်ဘက်က ပစ်ခတ်တာတွေ ရှိလို့ နေရပ် မပြန်ရဲတာလို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်း မိုးဗြဲ တိုက်ပွဲမှာ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ဦးတည်ရာမဲ့ ရမ်းသမ်း ပစ်ခတ်တာကြောင့် အရပ်သား ၂၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြေပြင်ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောဆိုကြပါတယ်။ လက်ရှိချိန်ထိ ရှမ်း-ကယားအစပ် ဒေသတွေမှာ နှစ်ဘက် ပစ်ခတ် တိုက်ခိုက်သံတွေ ကြိုကြားဆိုသလို ကြားနေရပြီး စိုးရိမ် ထိတ်လန့်နေကြ ရတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG