သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားလွှတ်တော်က အတည်ပြုပေးလိုက်တဲ့ တပ်မတော်အက်ဥပဒေက ဘယ်သူတွေကို အကျိုးရှိစေမလဲ


မှတ်တမ်းဓါတ်ပုံ-၂၀၂၀ ဖေဖော်ဝါရီလ ၁၂ ရက်နေ့
မှတ်တမ်းဓါတ်ပုံ-၂၀၂၀ ဖေဖော်ဝါရီလ ၁၂ ရက်နေ့

(Zawgyi/Unicode)

အမျိုးသားလွှတ်တော်မှာ ဇူလိုင်လအကုန်က ပြင်ဆင်အတည်ပြုခဲ့တဲ့ တပ်မတော် အက်ဥပဒေပုဒ်မခွဲဟာ စစ်ဘက်ဆိုင်ရာတရားရုံးတွေမှာ ရင်ဆိုင်ရမယ့် အောက်ခြေစစ်သားတွေအတွက် တရားမျှတရေး အကာအကွယ်မဲ့စေကြောင်း လူ့အခွင့်အရေးဥပဒေပညာရှင်တွေက ထောက်ပြ ခဲ့ကြပါတယ်။ ဒါအပြင် ကာကွယ်ရေးဦးစီးချုပ်နဲ့ ထိပ်ပိုင်း စစ်ခေါင်းဆောင်တွေရဲ့ အာဏာပိုကြီးထွားလာအောင် အထောက်အကူဖြစ်စေတယ်လို့ သုံးသပ်ကြပါတယ်။

မအင်ကြင်းနိုင်က အကြောင်းစုံကို ဆက်လက်တင်ပြမှာပါ။

အောက်ခြေတပ်သားတွေကို စည်းကမ်း ပိုမို တင်းကြပ်ဖို့ဆိုပြီး အမျိုးသားလွှတ်တော်မှာ ဇူလိုင်လ (၃၀)ရက်နေ့က ဒုတိယ ဗိုလ်မှူးကြီး အောင်ထွန်းလင်းကနေ ၁၉၅၉ တပ်မတော် အက်ဥပဒေ ပုဒ်မ ၁၂၅၊ ပုဒ်မခွဲ (၁)ကို ပြင်ဆင်ကြောင်း အဆိုတင်သွင်းရာမှာ ရန်ကုန်တိုင်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖေချစ်က ထောက်ခံပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာပါ။

အရင် ဥပဒေပြဌာန်းချက်မှာ စစ်သားတဦးဟာ ပြစ်မှု ကျူးလွန်တဲ့ နေ့ရက်ကနေ ၃ နှစ် ကျော်သွားပြီးဆိုရင် အဲဒီပြစ်မှုအတွက် စစ်တရားရုံးနဲ့ စစ်ဆေး စီရင်ခြင်းကို စတင်မပြုလုပ်ရလို့ ဖေါ်ပြထားပါတယ်။ဒါပေမယ့် အခု ပြောင်းလဲလိုက်တာက ပြစ်မှုကျူးလွန်တဲ့ နေ့ရက်အစား အာဏာပိုင်က စတင် သိရှိတဲ့ နေ့ရက် လို့ ပြင်ဆင်လိုက်တာဖြစ်ပါတယ်။ဒီပြင်ဆက်ချက်အရဆိုရင် အောက်ခြေစစ်သားတွေ အရေးယူနိုင်ရေး အထက်အရာရှိတွေကို အာဏာပေးလိုက်တာမျိုး ဖြစ်နေပြီး ဥပဒေအရ အားနည်းချက်တွေရှိနေတယ်လို့ ကချင်ပြည်နယ် အခြေစိုက် ဖယ်ဒရယ်ဥပဒေ အကယ်ဒမီ ကျောင်းအုပ်၊ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူး က ဗွီအိုအေကို ပြောပါတယ်။

" အရင် ဥပဒေဟောင်းမှာက ရှင်းရှင်းလေးပဲ။ တပ်မတော်သားတယောက်အရေးယူမယ်ဆိုရင် သုံးနှစ်သက်တမ်းကာလအတွင်း အရေးယူရတယ်။ သုံးနှစ်သက်တမ်းကာလကို ဘယ်ကနေ စတွက်သလဲ။ ပြစ်မှုစတင်ကျူးလွန်တဲ့ ရက်ကစတွက်တယ်။ အဲဒီကြားထဲမှာ အရေးယူတယ်။ ဥပဒေရည်ရွယ်ချက်က ဘာလဲဆိုတော့ မြန်မြန်အရေးယူဖို့ သတ်မှတ်ပေးထားတယ်။ အခု အထက်လွှတ်တော်က ပြင်လိုက်တဲ့ဟာက ပြစ်မှုကျူးလွန်ကြောင်း စတင်သိရှိတဲ့ရက်ကနေစ အရေးယူမယ်။ ဒါဆိုရင် ရိုဟင်ဂျာကိစ္စ၊ ကာချုပ် မင်းအောင်လှိုင်နဲ့ အဆင့်မြင့်အရာရှိတွေက အမိန့်ပေးလိုက်တယ်။ အောက်မှာ ကျူးလွန်လိုက်ပြီ။ သူတို့အမိန့်အတိုင်း ကျူးလွန်ရတာနော်။ ကျူးလွန်တဲ့သူတွေကို အရေးယူမလား မယူဘူးလားဆိုတာ အထက်က ကာချုပ် မင်းအောင်လှိုင်နဲ့ အဆင့်မြင့်အရာရှိတွေရဲ့ လက်ထဲကို ရောက်သွားပြီ။ အောက်က တိုင်းမှူးနဲ့ တပ်မမှူးတွေ အဆင့်အကုန်လုံးက ကာချုပ်မင်းအောင်လှိုင်နဲ့ အဆင့်မြင့်အရာရှိတွေ ပေးတဲ့ အမိန့်ကို နာခံနေသမျှကာလပတ်လုံး အရေးယူခံရမှာမဟုတ်ဘူး။ ဆိုလိုတာက ပြစ်မှုကျူးလွန်ကြောင်း စတင်သိရှိတဲ့ရက်ဆိုတာ ဘာကို ပြောတာလဲ။ ဥပဒေအရ လုံး၀ ဝေးဝါးသွားပြီ။ အဲတော့ အောက်ကလူတွေကို အရေးယူဖို့ပဲ အထက်က ပုဂ္ဂိုလ်တွေမှာ အာဏာရှိတယ်။ ကာချုပ်မင်းအောင်လှိုင်နဲ့ သူ့အထက်အရာရှိတွေ ပေးသမျှ အမိန့်ကို နားခံနေသမျှကာလပတ်လုံး အောက်က ပုဂ္ဂိုလ်တွေကို အရေးမယူပဲ ထားလိုက်တော့မယ်ဆိုတဲ့ အခြေအနေမျိုးကြီးဖြစ်သွားမယ်။ အဲဒီဥပဒေကို အတည်ပြုသွားမယ်ဆိုရင်။"

အခုလို တပ်မတော်သားတဦး ပြစ်မှု ကျူးလွန်တဲ့ နေ့ရက်အစား အာဏာပိုင်က စတင် သိရှိတဲ့ နေ့ရက် လို့ ပြင်ဆင်လိုက်တဲ့အတွက် ဘယ်အချိန်ကပဲ ပြစ်မှုကျူးလွန်ခဲ့သည်ဖြစ်စေ အပြစ်ရှိတယ်ဆိုရင် စစ်တရားရုံးနဲ့ အရေးယူခံရမှာဖြစ်တယ်လို့ တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ တိုင်ကြား၊ သတင်းပေးလာတဲ့သူရှိလာရင် အရေးယူလို့ရအောင်နဲ့ စစ်စည်းကမ်းထိန်းသိမ်းရေးနဲ့ တပ်မတော်ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ပိုမိုမြင့်မားလာစေရေးအတွက် ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

ဒါပေမယ့် ဒီပြင်ဆင်ချက်အရ အောက်ခြေတပ်မတော်သားတွေ ကို တင်းတင်းမာမာ ချုပ်ကိုင်ချင်တဲ့ သဘောတွေ့ရပြီး တရားခံအဖြစ် စီရင်ခံရမယ့် စစ်သားတွေအတွက် အကာအကွယ် လုံးဝမရှိဖြစ်နေကြောင်း ပြည်တွင်း စစ်ဘက်ဆိုင်ရာ သုတေသီတချို့က သုံးသပ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ စစ်ဘက်ဆိုင်ရာ တရားစီရင်ရေး သီးခြားဖြစ်နေပြီး အထူးသဖြင့် စစ်ဘက်အယူခံတရားရုံးဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက်ထဲမှာရှိနေတဲ့အတွက် စစ်မိန့်ပေးသူတွေက ပြစ်ဒဏ်ကနေ ကင်းလွတ်နေပြီး အောက်ခြေစစ်သားတွေကိုပဲ ကြိုက်သလို အပြစ်ပေး အရေးယူနိုင်ကြောင်း ဦးအောင်ထူးက ထောက်ပြပါတယ်။

" စစ်ခုံရုံးကနေ တရားစီရင်ခံလိုက်ရပြီဆိုရင် တဖက်စောင်းနင်းဖြစ်နေတယ်။ အဲဒါဘာလဲဆိုတော့ တရားခံဘက်ကနေ လိုက်ပါဆောင်ရွက်ပေးမယ့် အင်အားက ထုနဲ့ ထည်နဲ့ ရှိမနေဘူး။ သို့သော် တရားလိုဘက်က စစ်ခေါင်းဆောင်က ခန့်တဲ့ တရားစွဲတဲ့ စစ်အရာရှိက အာဏာအပြည့်ရှိနေတယ်။ ဘက်မမျှတဲ့ တရားစီရင်ရေးဖြစ်နေတယ်။ ဒါကြောင့် ခြုံပြီးပြောရရင် လက်ရှိသွားနေတဲ့ ၁၉ ၅၉အက်ဥပဒေနဲ့ အခြေခံပြီးသွားနေတဲ့ တရားရုံးတွေဟာ ဒီကနေ့အချိန်မှာ အတော်လေး တရားမျှတမှု ကင်းမဲ့နေတယ်။ တရားစွဲခံရတဲ့ ရဲဘော်တွေအတွက် မျှော်လင့်ချက် မရှိသလောက်ဖြစ်နေတယ်။ သူတို့အမိန့်ပေးလို့ နာခံ လိုက်နာရင်း ပြစ်မှုကျူးလွန်တဲ့ စစ်သားတွေကိုတော့ ပုံသဏ္ဍာန်အရ ပြစ်ဒဏ်ချလိုက်မယ်။ ပြီးရင် ပြန်လွှတ်တာမျိုး။ အင်းဒင်မှာဖြစ်တဲ့ ပုံစံမျိုးပေါ့။ တရားမဝင် ကိုယ့်ကျင့်တရားမဲ့တဲ့ ဖြစ်ရပ်တွေဟာ တောက်လျောက် စစ်ဘက်ဆိုင်ရာ တရားရုံးလည်ပတ်မှုတွေမှာ ဖြစ်နေတာ။"

၂၀၁၇ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း မှာ တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း ရိုဟင်ဂျာမွတ်စလင်တွေကို ဖိနှိပ်ခဲ့မှုမှာ မြန်မာအစိုးရဘက်က လူမျိုးတုန်းသတ်ဖြတ်မှု ကာကွယ်တားဆီးရေးစာချုပ် ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာအစိုးရကို ၂၀၁၉ ခုနှစ်မှာ ICJ နိုင်ငံတကာတရားရုံးမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံမှာရှိတဲ့ICJ တရားရုံးမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ကြားနာပွဲကိုတက်ရောက် ခုခံချေပခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ တပ်မတော်ရဲ့ ပြစ်မှုကျူးလွန်မှုတွေကို ပြည်တွင်း ဥပဒေနဲ့ပဲ ကိုင်တွယ်အရေးယူမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီကြားနာပွဲမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်ပြု သုံးနှုန်းခြင်းမရှိခဲ့ပါဘူး။မြန်မာအစိုးရအနေနဲ့ ကြားဖြတ်အရေးယူစီမံဆောင်ရွက်ချက်တွေကို လုပ်ဆောင်ဖို့ ပြီးခဲ့တဲ့နှစ် အကုန်မှာ ICJ တရားရုံးက ဆုံးဖြတ်ချက်ချခဲ့ပြီးနောက်မှာ အခုလို တပ်မတော်ဘက် ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေ အချို့ကို ပြင်ဆင်ဖို့ လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


...............

(Unicode)












XS
SM
MD
LG