သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှုထမ်း ဥပဒေအပေါ် တိုင်းရင်းသားတွေ စိုးရိမ်


စစ်မှုထမ်း ဥပဒေအပေါ် တိုင်းရင်းသားတွေ စိုးရိမ်
စစ်မှုထမ်း ဥပဒေအပေါ် တိုင်းရင်းသားတွေ စိုးရိမ်

မြန်မာပြည်တွင်းမှာ အရွယ်ရောက်တဲ့ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုထမ်းဖို့ ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအပေါ် တိုင်းရင်းသား လူမျိုးစုတွေကြားမှာ လူပြောများနေပါတယ်။ လူငယ်တွေကြားမှာ စိုးရိမ်ပူပန်နေကြသလို ဒီဥပဒေဟာ အမျိုးသမီးတွေအတွက် မသင့်တော်ဘူးလို့ ဝေဖန်တာတွေလည်း ရှိပါတယ်။ ဒီဥပဒေကို လက်တွေ့ အကောင်အထည် ဖော်တာမှာတော့ အခက်အခဲ ရှိလိမ့်မယ်လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က စုစည်း တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အရွယ်ရောက်တဲ့ ယောက်ျား၊ မိန်းမ မှန်သမျှ စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေသတင်းဟာ အခုတလော ပျံ့နှံ့မှု ရှိနေပါတယ်။ ဒီဥပဒေ ထုတ်ပြန်ထားတာနဲ့ ပတ်သက်ပြီး လူပြောများနေတယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌဖြစ်သူ နိုင်ငွေသိန်းက ပြောပါတယ်။

“စစ်မှုထမ်းရမယ်ဆိုတာ တော်တော်လေး ပြောနေကြတယ်။ အခုက တော်တော်ပြောနေကြပြီ။ မိန်းကလေး၊ ယောကျ်ားလေးရော။ အဲဒါကတော့ ကျနော်တို့ ငယ်ငယ်တုန်းက လွတ်လပ်ရေး ရခါစပေါ့ဗျာ၊ ဟိုတုန်းကတည်းက လူတိုင်း စစ်မှုထမ်းရမယ် ဆိုတာက ဟိုတုန်းကတော့ ဟုတ်ချင်လည်းဟုတ်မယ်။ အခုဆိုလို့ရှိရင် အမိန့်အရ ထုတ်ပြန်လိုက်တယ် ဆိုပေမဲ့လည်း အကောင်အထည် ဖော်တဲ့နေရာမှာ ကျနော့်အထင် မဖြစ်နိုင်ဘူးလို့ ထင်တယ်။ ကရင်၊ မွန် ဒေသမှာရှိတဲ့ ကလေးတွေဟာ စစ်ထဲဝင်မယ့်သူဆိုတာ မရှိဘူး။ ကလေးတွေ အကုန်လုံးဟာ တခြားနေရာ ရောက်ကုန်ပြီ။ အမိန့်တော့ အမိန့်ပေါ့ဗျာ။ ဒါပေမဲ့ အကောင်အထည်ဖော်ရမှာ တအားကို အခက်အခဲရှိမယ်လို့ ကျနော်မြင်တယ်ဗျ။”

စစ်မှုမထမ်းမနေရ ဥပဒေ အမိန့်အရ လူငယ်တွေ အနေနဲ့ စစ်မှုထမ်းရမှာကို စိုးရိမ်နေတယ်လို့ ကရင်ပြည်နယ် ဘားအံမြို့နေ လူငယ်တဦးက အခုလို ပြောပါတယ်။

“ဒီ စစ်မှုမထမ်းမနေရ သူတို့ပြောလိုက်တဲ့ အခါကျတော့ လူငယ်တွေက အထိတ်တလန့် ဖြစ်တာပေါ့။ စစ်မှုမထမ်းမနေရနဲ့ ပတ်သက်တာဟာ လာပြီးတော့ စစ်တမ်းကောက်ယူတာ မရှိဘူးလေ။ သူတို့ဘာသာ သူတို့ လုပ်တဲ့အခါကျတော့ ကျနော်တို့ လူငယ်တွေ အနေနဲ့ သိပ်ပြီးတော့ လက်မခံဘူးပေါ့။ မဖြစ်သင့်ဘူးလို့ ကျနော်တို့ မြင်တယ်လေ။ နောက်ပြီးတော့ ကျနော်တို့နိုင်ငံမှာလည်း နိုင်ငံရေးက ကမောက်ကမ ဖြစ်တဲ့အခါကျတော့ အကယ်၍ သူတို့လုပ်တဲ့ အခါကျတော့ တိုင်းရင်းသား အချင်းချင်းမှာပဲ လူငယ်ကို သုံးပြီးတော့ စစ်နဲ့ပတ်သက်တာ ထိုးစစ်ဆင်တဲ့သဘော အဲဒီလိုဖြစ်တယ်လို့ ကျနော်မြင်တယ်။”

ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ဖြစ်လာရင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသားတိုင်းနဲ့ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသမီးတိုင်း ၂ နှစ်ထိ စစ်မှုထမ်းရမှာ ဖြစ်သလို အစိုးရက အရေးပေါ် အခြေအနေ သတ်မှတ်ထားခဲ့ရင် ၅ နှစ်အထိ စစ်မှုထမ်းကာလကို တိုးမြှင့်သွားမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမဲ့ ဒီလို စစ်မှုမထမ်းမနေရ အမိန့်ဟာ အမျိုးသမီးတွေအတွက် ဥပဒေအရ ပြဋ္ဌာန်းလို့ မသင့်တော်ဘူးလို့ မော်လမြိုင်မြို့နေ ကျောင်းဆရာမတဦးက အခုလို ပြောပါတယ်။

“ဒီသတင်းကို စစဖတ်ခြင်း နည်းနည်းတော့ စိတ်ကသိကအောက် ဖြစ်တာပေါ့နော်။ ဒီဥပဒေကို လုံး၀ လက်မခံနိုင်ဘူး။ တကယ်လို့ စိတ်ပါလို့ရှိရင်လည်း ဝင်လို့ရတယ်။ ဒီဥပဒေ အနေနဲ့တော့ မပြဋ္ဌာန်းသင့်ဘူးလို့ ထင်တယ်။”

ဒီလို စစ်မှုထမ်းဥပဒေ ထုတ်ပြန်တာဟာ လူ့အခွင့်အရေးကို တနည်းတဖုံ ကျူးလွန်နေတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် ပလောင်အမျိုးသမီး အစည်းအရုံးရဲ့ အလုပ်အမှုဆောင် ကော်မတီဝင် မမိုခမ်းက အခုလို ပြောပါတယ်။

“ဒီအမျိုးသမီးတွေနဲ့ပဲ အဓိက ဦးတည်ပြောရမယ် ဆိုရင်တော့ ဒီစစ်မှုထမ်း ဥပဒေတွေက ကျမတို့ အမျိုးသမီးတွေကို နည်းလမ်းတမျိုးနဲ့ အကြမ်းဖက်တယ်လို့ပဲ ကျမကတော့ မြင်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ ဥပဒေအရကလည်း ဘယ်လိုမှ လိုက်နာနိုင်မှု မရှိဘူး။ ကျမတို့နိုင်ငံနဲ့ သင့်လျော် လျောက်ပတ်တဲ့ ဥပဒေ ဖြစ်မနေဘူးပေါ့နော်။ စစ်အာဏာရှင်စနစ် အုပ်ချုပ်မှုအောက်မှာပဲ ရှိနေသေးတယ်။ ဒီအုပ်ချုပ်မှုအောက်က ထွက်လာတဲ့ စစ်မှုထမ်း ဥပဒေ ဆိုတာက စစ်သားစုဆောင်းရေး ဥပဒေပဲ။ ဒါက လူ့အခွင့်အရေး ချိုးဖောက်မှု တမျိုးပဲ။ အထူးသဖြင့် အမျိုးသမီးတွေကို စစ်မှုထမ်းရမယ် ဆိုတဲ့ဟာမျိုးတွေဟာ ဒါ အမျိုးသမီးတွေ အပေါ်မှာ အကြမ်းဖက်မှု တမျိုးပဲလို့ ကျမကတော့ မြင်တာပေါ့နော်။”

ပြည်သူ့စစ်မှုထမ်း ဥပဒေအရ စစ်မှုထမ်းစာရင်း ပေးသွင်းဖို့ ပျက်ကွက်သူတွေဟာ ထောင်ဒဏ် ၃ နှစ် ကျနိုင်ပြီး ဟန်ဆောင် ရှောင်လွှဲခဲ့ရင်တော့ ထောင် ၅ နှစ်အထိ အပြစ်ပေးခံရမယ်လို့လည်း ပြဋ္ဌာန်းပါတယ်။ ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ အရန်တပ်ဖွဲ့ ဥပဒေကို မြန်မာနိုင်ငံပြန်တမ်း အမှတ် ၅၁၊ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အင်အား စုစုပေါင်း ၅၀၀,၀၀၀ ခန့် ရှိတယ်လို့ ဆိုပေမဲ့လည်း စစ်အစိုးရ တပ်ရင်းတိုင်းမှာ သတ်မှတ်ထားတဲ့ တပ်အင်အား အရေအတွက်ထက် လျော့နည်းနေတယ်လို့ စစ်ရေးအကဲခတ်သူတွေကနေ သုံးသပ်မှုတွေ ရှိနေပါတယ်။

XS
SM
MD
LG