(Zawgyi / Unicode)
ICJ နိုင်ငံတကာ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ခုခံချေပတာမှာ တာဝန်ခံမှု၊ တာဝန်ယူမှုအပိုင်းဖြစ်တဲ့ အစိုးရနဲ့ စစ်တပ်တို့ရဲ့ စုံစမ်းရေး ကော်မရှင်တွေဘက်က အချက်အလက်တွေ ဘယ်လောက်ထိ ရှာဖွေတွေ့ရှိထားသလဲဆိုတာ မှန်မှန်ကန်ကန် ချပြမှုမရှိရင် ဂုဏ်သိက္ခာ ထိခိုက်မယ့်အန္တရာယ် ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အကြီးအကဲဟောင်းတဦးက သတိပေး ပြောဆိုလိုက်ပါတယ်။ ICJ တရားရုံးမှာ ဂမ်ဘီယာက မြန်မာကို လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နဲ့ တရားစွဲထားတဲ့ ကိစ္စအပေါ် နိုဝင်ဘာလ ၂၃ ရက် စနေနေ့က နေပြည်တော် သမ္မတအိမ်တော်မှာ အစိုးရနဲ့ တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြတဲ့အပေါ် သဘောထား အမြင်တချို့ကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။
ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာက မြန်မာကို တရားစွဲထားတဲ့ကိစ္စကို မနေ့က သမ္မတအိမ်တော်မှာ အဓိက ရှင်းလင်းပြောသွားသူနှစ်ဦးကတော့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်နဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေတို့ပဲ ဖြစ်ပါတယ်။
ဦးကျော်တင်က အရင်ဆုံး ရှင်းလင်းရာမှာ ၂၀၁၆-၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းရေးမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ တာဝန်ခံမှု ရှိစေရေးအတွက် ဒီလအတွင်း နိုင်ငံတကာကနေ နည်းလမ်းမျိုးစုံနဲ့ အရှိန်မြှင့် ဆောင်ရွက်လာတာနဲ့ ပတ်သက်လို့ အချက်အလက်တွေနဲ့ ပြောဆိုသွားပါတယ်။ ဒါ့အပြင် FFM မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်၊ IIMM လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား၊ အတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ်၊ အထွေထွေညီလာခံရဲ့ တတိယကော်မတီ၊ လုံခြုံရေးကောင်စီ စတဲ့ ကုလသမဂ္ဂယန္တရား ၇ ခုက မြန်မာနိုင်ငံကို လေ့လာစောင့်ကြည့်နေတယ်လို့ ဦးကျော်တင်က ပြောပါတယ်။
တာဝန်ခံမှုရှိစေရေးအပိုင်းမှာ ဆိုရင်လည်း အစိုးရအနေနဲ့ လျစ်လျူပြုထားခြင်းမရှိဘဲ ဒုသမ္မတ ဦးဆောင်တဲ့ ရခိုင်စုံစမ်းရေးကော်မရှင်၊ ဒီနှစ်မကုန်ခင် အစီရင်ခံစာ တင်သွင်းတော့မယ့် ဖိလစ်ပိုင်သံအမတ်ကြီး Rosario Manalo ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် အပါအဝင် တပ်မတော်ဘက်ကလည်း စုံစမ်းရေးကော်မရှင် ဖွဲ့စည်းပြီး စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ဦးကျော်တင်က ပြောသွားပါတယ်။
အခု ICJ တရားရုံးမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခုခံချေပရာမှာ မြန်မာက ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေရဲ့ တွေ့ရှိချက်တွေကို ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ဖော်ပြောဆိုဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အကြီးအကဲဟောင်း Priscilla Clapp က ဗွီအိုအေကို ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်အတွက် အန္တရာယ်အလွန်ကြီးတယ်လို့ ကျမထင်ပါတယ်။ မြန်မာကဖွဲ့ထားတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ တွေ့ရှိချက်တွေကို တင်ပြဆွေးနွေးဖို့ သူ့အနေနဲ့ ပြင်ဆင်ထားမှု မရှိဘူးဆိုရင် ယုံကြည်မှုရှိကြမှာ လုံးဝမဟုတ်ပါဘူး။ ဒီကော်မရှင်တွေ ဖွဲ့စည်းထားတဲ့ ကိစ္စမှာ နိုင်ငံတကာ စုံစမ်းရေးကော်မရှင်တွေကို မြန်မာဘက်က ငြင်းဆိုထားပြီး ဖြစ်တဲ့အတွက် ပိုပြီး ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်နေပါတယ်။”
ဂမ်ဘီယာရဲ့စွဲချက်ကို ကြည့်ရင် လူမျိုးတုံးသတ်ဖြတ်မှုကို မြန်မာအစိုးရက အားပေးအားမြှောက် ပြုခဲ့တယ်ဆိုတဲ့ အချက်ဖြစ်ပြီး ဒါကို ခုခံချေပတဲ့နေရာမှာ ဝန်ကြီး ဦးကျော်တင် ပြောသွားတဲ့ မြန်မာဘက်က တာဝန်ခံမှု၊ တာဝန်ယူမှုအပိုင်းနဲ့ ပတ်သက်ရင် မေးခွန်းတွေ အများကြီးရှိနေကြောင်း ဂျာမနီအခြေစိုက် တိုင်းရင်းသားနဲ့ ဖက်ဒရယ်အရေး လေ့လာသုံးသပ်သူ စိုင်းဝမ်စိုင်းက ဗွီအိုအေကို ပြောပါတယ်။
“အစိုးရအနေနဲ့ ဒါ အားပေးအားမြှောက်ပြုပြီးလုပ်တာ မဟုတ်ပါဘူးဆိုတဲ့ဟာကို သူတို့ သက်သေပြဖို့အတွက် အသေးအမွှားလေးတွေကို လိုက်ပြီး ထုချေမယ်လို့ အဲလိုယူဆရတာပေါ့။ ဒါပေမယ့် တကယ့်အရေးကြီးတဲ့အချက်က တကယ်တမ်း ဖြစ်လာတဲ့ကိစ္စကို တာဝန်ခံမှု၊ တာဝန်ယူမှု အစိုးရဘက်က ယူမလား၊ မယူဘူးလား၊ အဲဒီအပေါ်မှာ အများကြီး ဖြေလျှော့မှုနဲ့ တင်းမာမှု သွားဖြစ်နိုင်တယ်။ အဲဒါကို အစိုးရအနေနဲ့ ဘယ်လိုနည်းနဲ့ ကိုင်တွယ်မလဲဆိုတာတော့ ကျနော်တို့လည်း မသိနိုင်ဘူး၊ အခုလောလောဆယ်။ အနှစ်ချုပ်လိုက်ရင် စဉ်းစားရမှာက မှားသွားတဲ့ဟာကို ကိုယ်ဝန်ခံမလား။ အတင်းဘူးခံငြင်းပြီး မဟုတ်ဘူး၊ ဟုတ်တယ်ပဲ အဲလိုဆက်သွားမလား ဆိုတာတော့ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့။”
အခုလို ICJ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ရင်ဆိုင်မယ့် ကိစ္စကို မြန်မာတပ်မတော်က အပြည့်အ၀ ကူညီဆောင်ရွက်မှာဖြစ်တယ်လို့ တပ်မတော်ဘက်က ပြောလာတဲ့အချက်ကို သူ့အနေနဲ့ကြိုဆိုကြောင်း Priscilla Clapp က ပြောပါတယ်။
“သူတို့ အဲဒီလိုပြောတဲ့အတွက် ကျမ အလွန်ပဲ ကျေနပ်ပါတယ်။ အစိုးရနှစ်ရပ်လိုဖြစ်နေတဲ့ အနေအထားကနေ အခုနောက်ဆုံးမှာတော့ အတူတကွ ပေါင်းစည်းမိကြပြီး ဂမ်ဘီယာရဲ့စွဲချက်ဟာ တကယ့်ကို အရေးကြီးတယ်ဆိုတာ သူတို့ သဘောပေါက်ကြပြီ ဖြစ်ပါတယ်။ ဒါ အလွန်ကောင်းတဲ့အချက်ပါ။ ဒီလိုပူးပေါင်းဆောင်ရွက်မှုဟာ အကူအညီကိုပဲဖြစ်စေပြီး ထိခိုက်နစ်နာတာမျိုးမဖြစ်ဖို့ ကျမမျှော်လင့်ပါတယ်။”
ICJ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး မြန်မာနိုင်ငံကိုယ်စား ဖြေရှင်းမယ့် ကိစ္စအပေါ် လူထုထောက်ခံပွဲတွေကို ပြည်တွင်းမှာ ပြုလုပ်သွားဖို့ စီစဉ်နေကြောင်း အာဏာရ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က သတင်းဌာနတွေကို ပြောကြားခဲ့ပါတယ်။ အလားတူ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေကို နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ဗြိတိန်နိုင်ငံက ဂမ်ဘီယာနဲ့ အာဂျင်တီးနား သံရုံးတွေရှေ့မှာ ပြုလုပ်ဖို့ ဗြိတိန်ရောက် မြန်မာမိသားစုတွေက ပြင်ဆင်နေကြပါတယ်။
-----------------------------
(Unicode)