နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး လက်ရှိလုပ်ငန်းစဉ်တွေမှာ အစိုးရ၊ တပ်မတော်နဲ့ RCSS/SSA တို့အကြား နားလည်မှု ကွဲလွဲနေတယ်ဆိုပြီး တရားဝင်နည်းလမ်းနဲ့ ဆက်သွားဖို့ ခက်လာတာကြောင့် သီးသန်းဆွေးနွေးသွားမယ်လို့ RCSS/SSA က ပြောပါတယ်။ အဖွဲ့ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအရေးပေါ်အစည်းအဝေးတရပ် ခေါ်ယူကျင်းပပြီးတဲ့နောက် အဲဒီလို ဆုံးဖြတ်လိုက်တာပါ။ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။
နိုဝင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့က တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS ဌာနချုပ်မှာကျင်းပခဲ့တဲ့အစည်းအဝေးမှာ အစိုးရနဲ့RCSS တို့အကြား သဘောတူချုပ်ဆိုထားတဲ့ ပြည်နယ် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူညီချက်တွေနဲ့ ပက်သက်လို့ အစိုးရတပ်မတော်နဲ့သာ သီးသန့် ပြန်လည်ဆွေးနွေးညှိနှိုင်းသွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ RCSS ပြောခွင့်ရဗိုလ်မှူးကြီးစိုင်းငိန်းကပြောပါတယ်။
“အခုကျွန်တော်တို့ RCSS က JMCU မှာရော JMCS မှာရော နည်းနည်းအဖုအထစ်တွေရှိနေတဲ့အနေအထား လို့ဘဲမြင်တယ် လေ။ ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကလဲ အရင်တုန်းကကျွန်တော်တို့ နှစ်ဦးနှစ်ဖက်လက်မှတ်ရေးထိုးထားတဲ့ ပြည် နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူစာချုပ်နဲ့လဲ ပက်သက်ဆက်စပ်နေတဲ့အနေအထားရှိတယ်။ အဲဒီစာချုပ်အပေါ်မှာ နှစ်ဦးနှစ်ဖက်နေပြီးတော့ နားလည်သဘောပေါက်ချင်းကမတူဘူး။ ပြဿနာကအဲဒီက စတာဘဲ လို့မြင်တယ်လေ။ NCAစာချုပ်အကောင်အထည်ဖေါ်တဲ့အပိုင်းမှာနည်းနည်း အားနည်းချက်တွေရှိတာပေါ့နော်။ တရားဝင်နည်း လမ်းနဲ့ကျွန်တော်တို့သွားလို့မရတဲ့အနေအထားရှိတယ်။ ဒါကြောင့်မို့ကျွန်တော်တို့RCSSအနေနဲ့ သီးသန့်ဆွေးနွေး ပွဲကနေတဆင့် ချဉ်းကပ်မယ်ဆိုတဲ့အနေအထားဖြစ်တယ်။”
လက်ရှိမှာဖွဲ့စည်းထားတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မီတီ JMCဟာ ဒေသအ တွင်းဖြစ်ပွါးနေတဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ခြင်းမရှိသလို တပ်မတော်ကနေ တဖက်သတ်ဆွေးနွေးနေတဲ့ အနေအ ထားဖြစ်နေတယ်လို့ သူကဆိုပါတယ်။
JMCအဆင့်ဆင့်ဖွဲ့စည်းပုံတွေ လုပ်ငန်းတာဝန် လုပ်ငန်းလမ်းညွှန်တွေ ပြန်လည်ပြင်ဆင်ဖို့လိုအပ်နေသလို နိုင်ငံ တကာရဲ့ပါဝင်မှုအခန်းကဏ္ဍတွေပါဝင်ဖို့လိုအပ်နေတယ်လို့လဲ RCSSဘက်ကထုတ်ပြန်ထားပါတယ်။
ဒါ့အပြင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တောင်းဆိုထားတဲ့ ပြည်ထောင်စုမှ ခွဲမ ထွက်ရေး တခုတည်းသောတပ်မတော်ဖွဲ့စည်းရေးကိစ္စတွေနဲ့ပက်သက်လို့ ဗိုလ်မှူးကြီးစိုင်းငိန်းကအခုလိုပြော ပါတယ်။
“ပြည်ထောင်စုမှမည်သည့်အခါမှခွဲမထွက်ရဆိုတဲ့အချက်နဲ့ပက်သက်ပြီးတော့ ဒါကNCAထဲ မှမပါဘူးလေ။ ဒီကိစ္စ ကတော့ကျွန်တော်တို့ဒီNCAအပေါ်မှာရပ်တည်ပြီးတော့ဘဲ ဆွေးနွေးမယ်သဘောထားရှိတယ်။ တခုထဲသောတပ်မ တော်ဆိုတဲ့ဟာလဲ ကျွန်တော်တို့အနေနဲ့ အစိုးရနဲ့တပ်မတော်နဲ့သီးသန့်တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ အနေအထား ဖြစ်တယ်။ ဒါမှလဲအမြင်ခြင်းဖလှယ်လို့ရမှာပေါ့။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်တွေအပေါ် အစိုးရ တပ်မတော်နဲ့ နှစ်ဦး နှစ်ဖက် ပြန်လည်တွေ့ ဆုံဆွေးနွေးပြီး ဆွေးနွေးမှုရလဒ် အပေါ် မူတည်ပြီးတော့ JMC အဆင့်ဆင့် အစည်းအဝေးတွေမှာတက်ရောက်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်သွားမယ်လို့လဲ (RCSS) က မနေ့ကရက်စွဲနဲ့ကြေညာချက် ထုတ်ပြန် ထားပါတယ်။
အလားတူ ကချင်လွတ်လပ်ရေးအဖွဲ့KIOလိုင်ဇာဌာနချုပ်မှာလဲ KIOဦးဆောင်ပြီး လူထုတွေ့ဆုံပွဲအစည်းအဝေး တရပ်ကျင်းပခဲ့ပါတယ်။ အစည်းအဝေးကျင်းပတာမပြီးစီးသေးပေမဲ့ ဆွေးနွေးခဲ့တဲ့အကြောင်းအရာနဲ့ ပက်သက်လို့ တက်ရောက်သူကိုယ်စားလှယ်တဦးကအခုလိုပြောပါတယ်။
“ပြည်ထောင်စုကခွဲမထွက်ရေးဆိုတဲ့ အစိုးရနဲ့တပ်မတော် ပြောဆိုနေတဲ့စကားအပေါ်မှာ အခုလတ်တလော အခြေ အနေအရ သဘောနှစ်ခုပေါင်းတာဘဲ။ ပြီးတပ်မတော်တခုသာထားရှိရေးဆိုတဲ့ အချက်အလက်နဲ့ စစ်ဘေးရှောင် ပြည်သူတွေကို ဘယ်လိုညှိနှိုင်းဆွေးနွေးပြီးတော့ နေရာချထားမလဲဆိုတဲ့ ဒီကဏ္ဍတွေကိုဆွေးနွေးဖြစ်ပါတယ်။”
ပြီးခဲ့တဲ့နိုဝင်ဘာ ၆ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ဘားအံခရိုင် လေးဝါးစခမ်းမှာကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုကော်မတီအရေးပေါ်အစည်းအဝေးကျင်းပခဲ့ပြီး KNUအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေရဲ့ တရားဝင် အစည်း အဝေးတွေမှာပါဝင်မှုကို ယာယီရပ်ဆိုင်းလိုက်ပြီး အလွတ်သဘောတွေ့ဆုံမှု လမ်းကြောင်းတွေကနေ တဆင့် ဆွေးနွေးအဖြေရှာသွားမယ်လို့ သဘောထားထုတ်ပြန်ခဲ့ပါတယ်။
NCAအပစ်ရပ်လက်နက်ကိုင်အင်အားကြီးအဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့တောင်ပိုင်းရှမ်းပြည်တပ်မတော်နဲ့ KNUကရင်အမျိုးသား အစည်းအရုံးတို့ဟာ လက်ရှိသွားနေတဲ့ NCAလမ်းကြောင်းကို သံသယရှိလာတဲ့အနေအထားလို့လဲ နိုင်ငံရေးအကဲ ခတ်တွေကယူဆမှုတွေရှိလာနေခဲ့ပါတယ်။
လက်ရှိအစိုးရတပ်မတော်နဲ့NCAအပစ်ရပ်တိုင်းရင်းသားလက်နက်အဖွဲ့တို့အကြားဖွဲ့စည်းထားတဲ့ ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မီတီ JMC လုပ်ဆောင်ချက်တွေလျော့ရဲလာလို့ NCAလမ်းကြောင်းကို ထိခိုက်လာတယ်လို့လဲ ကချင်အမျိုးသားကွန်ကရက်ပါတီဥက္ကဌ Mကွန်လကအခုလိုသုံးသပ်ထားပါတယ်။
“JMC State ရဲ့ အခန်းကဏ္ဍက သြဇာမလွှမ်းဘူး။ ချိုးဖေါက်ရင်အပစ်ပေးအရေးယူရမယ်လေ။ အရေးယူရမဲ့အပိုင်းက ပျောက်နေတယ်။ အဲဒီအခန်းကဏ္ဍတွေမကြေလည်တော့ရေရှည်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေနှစ်ဖက်က ဘယ်လိုမှ အဆင်မပြေတော့ဘူး။ အဲဒီကနေပြီးတော့မှ အခုNCAကိုထိခိုက်လာတဲ့သဘောဘဲ။ NCAရဲ့ အခန်းကဏ္ဍကအခုက တော်တော်လေးတော့လျော့ကျသွားပြီးဆိုတဲ့အနေအထားကမြင်ရတယ်။ အင်အားကြီးနှစ်ဖွဲ့က အခုလက်မခံတော့ တဲ့အနေအထားတွေ့လာတယ်။ ကျွန်တော်တို့အနေနဲ့ပြောလိုတာ တခုခုဖြစ်လာရင် သူ့မှာအခြေခံအကြောင်းတရား တွေ အဲတာကိုပြန်သုံးသပ်စေချင်တယ်။ မှန်မှန်ကန်ကန်ကိုပြောပြီးတော့ဖြေရှင်းဖို့လိုတယ်။ မဟုတ်ရင်တော့ ရှေ့ လျှောက်ဆက်ဖို့က အယုံအကြည်ကမရှိတော့ဘူးလေ။ ”
တောင်ပိုင်းရှမ်းပြည်တပ်မတော်နဲ့ KNUကရင်အမျိုးသား အစည်းအရုံးတို့ဟာ NCA ရေးထိုးထားပေမဲ့ တပ်မတော် နဲ့ မကြာခဏဆိုသလို စစ်ရေးပဋိပက္ခတွေဖြစ်ပွါးနေပါတယ်။
နှစ်ဖက်တိုက်ပွဲတွေကြောင့်ဒေသခံရွာသားတွေကလဲ စစ်ဘေးတိမ်းရှောင်နေရတဲ့အခြေအနေမှာရှိနေပါတယ်။