တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွေရပ်တန့်နေပေမဲ့ မြန်မာပြည်တွင်းက မြေရှားသတ္တုတွေကိုတော့ တရုတ်က အလုံးအရင်းနဲ့ တူးဖော်သယ်ယူနေတယ်လို့ ကချင်ဒေသခံတွေက ပြောပါတယ်။ မြေရှားသတ္တု တူးဖေါ်ထုတ်လုပ်ရာမှာ ပြင်းထန်တဲ့ လုပ်ငန်းသုံးဓာတုဆေးဝါးတွေလည်း သုံးရတာကြောင့် သစ်တောပြုန်းတီးမှုနဲ့ သောက်သုံးရေရှားပါးတဲ့ နောက်ဆက်တွဲပြဿနာတွေကို ဒေသခံတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
မြန်မာဘက်က စစ်ပွဲတွေကြောင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားပေမယ့် ကချင်ပြည်နယ်ကတူးဖော်ရရှိတဲ့ မြေရှားသတ္တုအတွက်တော့ တရုတ်က နယ်စပ်ဂိတ်ကို ဖွင့်ပေးထားပါတယ်။ အကြီးအကျယ် တူးဖော်ထုတ်လုပ်မှုတွေနဲ့အတူ လုပ်ကွက်သစ်တွေတိုးပွားနေပြီး မြေယာဆုံးရှုံးတာ၊ သစ်တောပြုန်းတီးတာ၊ သောက်သုံးရေ အဆိပ်သင့်တာ စတဲ့ ဆိုးကျိုးတွေ ခံစားနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒါတွေကို ရပ်တန့်ဖို့ ကန့်ကွက်နေကြောင်းလည်း ဗန်းမော်မြို့က ဒေသခံတဦးက ပြောပါတယ်။
"သူ့ရဲ့ဆိုးကျိုးတွေလည်း မျက်မြင်ကိုယ်တွေ့ မြင်နေရပါတယ်။ အဲမှာ (တူးဖော်ရေးမှာ) အလုပ်သွားလုပ်တဲ့သူတွေလည်း သွေးအန်တာတို့၊ ရင်ဘတ်အောင့်တာတို့ ရှာခဲ့တဲ့ပိုက်ဆံ လေးငါးဆယ်က သူတို့ပြန်ကုတာတောင်မှ မလောက်တော့တဲ့အဆင့် ပြန်ဖြစ်တဲ့အခါကြတော့ ကြောက်တာပေါ့။ ပြီးရင် မြေနေရာတွေ၊ တောင်ကုန်းတွေဆိုလည်း သစ်ပျော့တွေကတော့ အကုန်လုံး အရောင်တွေ ဝါသွားတယ်ပေါ့။ မြေတွေပြိုတာမြင်တဲ့အခါကျတော့ သူတို့ဒေသ ပျက်စီးသွားမှာရယ်၊ အသက်ရှင်သန်မှုတွေကို ခြိမ်းခြောက်ခြင်းကို သူတို့ကိုယ်တိုင်မြင်နေရတော့ ကန့်ကွက်နေတာပါ။"
ချီဖွေခရိုင်က ဖရဲနဲ့ ပန်ဝါမြို့၊ ဗန်းမော်ခရိုင်က မိုးမောက်မြို့နယ်တွေမှာ တရုတ်နိုင်ငံသားတွေဦးဆောင်ပြီး မြေရှားသတ္တုကို ထုတ်လုပ်နေကြတာပါ။ လုပ်ကွက်တွေလည်း တဖြည်းဖြည်း ကျယ်ပြန့်လာကြောင်း ကချင်ဒေသခံတွေက ပြောပါတယ်။ ဒါတွေကို ဖြေရှင်းပေးဖို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကို ချီဖွေဒေသခံတွေက ပြီးခဲ့တဲ့ရက်ပိုင်းကတောင်းဆိုခဲ့ပေမဲ့ KIA နဲ့ ဒေသခံတွေပဲ ထိပ်တိုက်ပဋိပက္ခဖြစ်ခဲ့ရပါတယ်။ တကယ်တော့ အိမ်နီးချင်းတရုတ်ရဲ့ လွှမ်းမိုးမှုကပဲ အခရာကျလိမ့်မယ်လို့ မြေရှားသတ္တုတူးဖော်မှု ဆန့်ကျင့်ကန့်ကွက်ရေး ဦးဆောင်ကော်မတီတခုရဲ့တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။
"အိမ်နီးချင်းနိုင်ငံက စူပါ ပါဝါဆိုတဲ့အခါကျတော့ သူတို့ရဲ့ဖိအားကို ဒီဘက်ကလည်း မခံနိုင်ဘူးပေါ့။ ဥပမာ တရုတ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့တောင်ကြောနဲ့ စီးဆင်းနေတဲ့ မြစ်ချောင်းထဲကို စိမ့်ဝင်၊ စီးဝင်နိုင်ရင် တူးဖော်ခြင်းကို တရုတ်က ခွင့်မပြုပါဘူး။ မြန်မာနိုင်ငံဘက်ကို စီးသွားနိုင်တဲ့ စီးနိုင်တဲ့မြစ်ချောင်း အဲဘက်မှာတွေပဲ တူးဖော်ခြင်းပြုလုပ်တယ်။ ပြီးရင် ဒေသထွက်ကုန်တွေပေါ့နော် ဥပမာ ရှောက်ကော်တို့၊ သစ်ကြားသီးတို့ အမျိုးမျိုးပါပဲ။ အဲလိုစားသောက်ကုန်တွေလည်း အရင်ကလို သူတို့မယူတော့ဘူးပေါ့။ အဲဒါတွေကတော့ ဒေသခံတွေအတွက်ကတော့ သူတို့ခံစားရတဲ့ အရာတွေပဲပေါ့။ ပိုပြီးဆိုးတာက အိမ်နီးချင်း တရုတ်အနေနဲ့ ဘာမူဝါဒမှ မချမှတ်ဘဲနဲ့ ပရမ်းပတာ လာတူးတာကတော့ ကျနော်တို့အတွက်က တအားစိုးရိမ်ရပါတယ်။"
တရုတ်နိုင်ငံဟာ တချိန်တုန်းကတော့ သူ့နိုင်ငံထဲမှာ မြေရှားသတ္တုကို တူးဖော် ထုတ်လုပ်ခဲ့ပေမဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကြောင့် မြန်မာနယ်စပ်ကို ရွှေ့ပြောင်း ထုတ်လုပ်ခဲ့တာပါ။ အချိန်ကြာလာတာနဲ့အမျှ ဒီလုပ်ငန်းခွင်တွေ တိုးချဲ့လာပြီး ကချင်ဒေသခံတွေရဲ့ လူမှုစီးပွားနဲ့ သဘာဝ ပတ်ဝန်းကျင်တွေကို ထိခိုက်လာပါတယ်။
စာရင်းအင်း သုသေသနအဖွဲ့ Statista ရဲ့ အချက်အလက်အရဆိုရင် မြန်မာနိုင်ငံရဲ့ မြေရှားသတ္တုတူးဖော်မှုက ၂၀၁၈ ကနေ တဖြည်းဖြည်းတက်လာပြီး ၂၀၂၃ မှာ အမြင့်ဆုံးကို ရောက်နေပါတယ်။ ၂၀၂၃ ခုနှစ်ထဲ မက်ထရစ်တန်ချိန် ၃၈,၀၀၀ ထုတ်လုပ်ခဲ့တယ်လို့ဆိုပါတယ်။ ဒီပမာဏကြောင့်ပဲ မြန်မာက ကမ္ဘာ့မြေရှားသတ္တု ထုတ်လုပ်မှုရဲ့ တတိယအဆင့်ကို ရောက်ရှိနေကြောင်း Statista က အခု ဖေဖော်ဝါရီလ ၁၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်က ၂၀၂၃ မှာ မက်ထရစ်တန်ချိန် ၂၁၀,၀၀၀ နဲ့ အများဆုံးဖြစ်ပြီး ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ၇၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ အမေရိကန်ကတော့ ၁၂.၂၉ ရာခိုင်နှုန်းနဲ့ ဒုတိယမြောက် အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံဖြစ်တယ်လို့ Statista ကဖော်ပြထားပါတယ်။
တရုတ်ကထုတ်လုပ်နေတဲ့ မြေရှားသတ္တုရဲ့ ၄၀ ရာခိုင်နှုန်းကို မြန်မာကနေ ရရှိနေကြောင်း နိုင်ငံတကာ သတင်းတချို့မှာ ဖော်ပြကြပါတယ်။ ၂၀၂၃ ပထမ ခြောက်လထဲမှာတင် မြန်မာက တရုတ်ကို အမေရိကန်ဒေါ်လာ ၇၇၃ သန်းဖိုး ရောင်းချခဲ့တယ်လို့ တရုတ်အကောက်ခွန် စာရင်းအင်းဌာန CCD က မကြာသေးခင်ကပဲ ဖော်ပြထားပါတယ်။