သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ဆန္ဒပြသူတွေ ထိပ်တိုက်မတွေ့အောင်ရှောင်ပြီး ဆန္ဒဆက်ပြဆဲ


တောင်ဥက္ကလာပဆန္ဒပြ (၂ဝ၂၁၊ အေပြီလ၊၀၁)
တောင်ဥက္ကလာပဆန္ဒပြ (၂ဝ၂၁၊ အေပြီလ၊၀၁)

{{Zawgyi/Unicode}}

ရန်ကုန်မြို့က နွေဦးတော်လှန်ရေး ဆန္ဒပြသပိတ်တွေ အချိန်ကာလ ၂ လကျော်လာချိန်အထိ အားကောင်းနေဆဲပါ။ ဆန္ဒပြသူတွေကို လက်နက်ကိုင်တွေဘက်က အကြမ်းဖက်ဖိနှိပ်တာတွေကြောင့် ပြည်သူတွေဘက်က ထိပ်တိုက်မတွေ့တော့သလို လက်နက်ကိုင်တွေဘက်ကလည်း ကင်းပုန်းစောင့် ခြောက်လှန့်တာတွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း အာဏာရှင်စနစ် ကျဆုံးရေးအတွက် ရတဲ့နည်းနဲ့ ဆန့်ကျင်နေကြတဲ့ ရန်ကုန်ကလာတဲ့ သပိတ်အခြေအနေတွေကို မဆုမွန်က ပြောပြပါမယ်။

ဖေဖော်ဝါရီလ ၁ရက်နေ့ကစပြီး စစ်ကောင်စီက အာဏာသိမ်းခဲ့တာ အချိန်ကာလ ၂ လပြည့်ပြီး ကျော်လွန်လာချိန်အထိ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်နေကြဆဲပါ။ ရန်ကုန်မြို့က ဆန္ဒပြသပိတ်တွေကို လက်နက်သုံး အကြမ်းဖက်ပစ်ခတ် ဖြိုခွဲတာတွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေရှိခဲ့ပြီးတဲ့နောက် ဆန္ဒပြသူတွေဟာ ခံတပ်အခိုင်အမာနဲ့ ဆက်ပြီး အံတုခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အဲဒီခံတပ်တွေကို လက်နက်ကြီးသုံးဖြိုခွဲတာနဲ့ မီးရှို့ဖျက်ဆီးတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပြည်သူတွေဘက်က စစ်တပ်နဲ့ ရဲတွေကို ထိပ်တိုက်မတွေ့တော့ဘဲ ရတဲ့နည်းနဲ့ ပုံစံမျိုးစုံဆန္ဒ ဆက်ပြခဲ့ကြပါတယ်။

ဒီကနေ့မှာတော့ သာကေတမြို့နယ်တွင်းက ဆန္ဒပြသပိတ်တွေ မစတင်ခင်မှာ လက်နက်ကိုင်အင်အားပြတာတွေ ရှိခဲ့လို့ ပြည်သူတွေက ရှောင်တိမ်းခဲ့ကြပါတယ်။ လမ်းတွေထဲဝင်လာပြီး ကာရံထားတဲ့ အတားအဆီးတွေကို ရွှေ့ပေးဖို့ အနုနည်းသုံးပြောတာတွေ ရှိလာတယ်လို့ ရပ်ကွက်နေပြည်သူတဦးက VOA ကိုပြောပါတယ်။

"ရပ်ကွက်ထဲကို ဝင်လာတယ်။ ပြည်သူတွေကို မကြောက်ပါနဲ့ပေါ့နော်။ ညီလေးတို့ မင်းတို့မကြောက်နဲ့၊ မင်းတို့ကို ငါတို့က မပစ်ဘူးပေါ့။ အဲလိုမျိုးတွေ ပြောလာတယ်။ ပြည်သူတွေကိုလည်း သူတို့သွားတဲ့လမ်းမှာ တွေ့ရင် မကြောက်ပါနဲ့၊ မပြေးပါနဲ့ပေါ့နော်၊ သူတို့ဘာမှ မလုပ်ပါဘူးပေါ့။ ဒီတံခါးတွေကို မီးရေးထင်းရေးအတွက် မီးသတ်ကားတွေ ဝင်တာ ထွက်တာ အခက်အခဲရှိတယ်ပေါ့။ အဲတော့ ဒီတံခါးတွေကို မပိတ်ထားပါနဲ့၊ ဖြုတ်ထားပါပေါ့၊ မင်းတို့ကို မပစ်ပါဘူး၊ အဲလိုမျိုးပေါ့ ... နည်းနည်း ပျော့ပျော့ပျောင်းပျောင်းပေါ့နော့်၊ သူတို့ဘက်က ဆက်ဆံတယ်။ ဒါပေမဲ့ ပြည်သူတွေကတော့ ဒီအတိုင်းပဲလေ၊ သူတို့အပေါ်မှာ မပြောင်းလဲဘူး။"

လူမဲ့သပိတ်၊ အရုဏ်ဦးသပိတ် အပါအဝင် ရန်ကုန်မြို့က နေရာတချို့မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ်ကို မီးရှို့ဖျက်စီးတဲ့ သပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။ မြို့ထဲလမ်းတွေပေါ်စစ်ကားတွေ လှည့်လည်ကြသလို ရပ်ကွက်တွေထဲ စစ်သားနဲ့ ရဲတွေ လက်နက်ကိုင်ချီတက်တာတွေကြောင့် ပြည်သူတွေ အိမ်ပြင်မထွက်ရဲဘဲ ရှိနေတယ်လို့ ဗဟန်းမြို့နေပြည်သူတဦးက VOA ကိုပြောပါတယ်။

"မနက်က အစောကြီးတုန်းကတော့ ဗဟန်းဘက်မှာ စစ်ကားတွေ အစီး ၂၀ လောက် စောင့်တယ်။ မနေ့က ဖြစ်သွားတဲ့ Case ကြောင့်လို့ ပြောတယ်။ မနေ့က ကိုရီးယားဘဏ် အကြို အပို့ကားကို ဦးချစ်မောင်အိမ်ယာရှေ့မှာ သေနတ်နဲ့ ပစ်ခံလိုက်ရတယ်။ BBM တက်နေတဲ့ ကောင်မလေးတယောက် ထိသွားတယ်လို့ ပြောတယ်လေ။ အဲဒီ Case ကြောင့် အစ်မတို့ ဒီလမ်းထိပ်တောက်လျှောက်မှာ စစ်ကား အစီး ၂၀ နဲ့ စစ်သား ၇၀ လောက် မနက်ပိုင်းတပိုင်း လျှောက်တယ်။ မနက်ပိုင်းရဲ့အရှိန်နဲ့ ညနေပိုင်းတော့ ငြိမ်နေတယ်။"

မနေ့က ည ၂နာရီဝန်းကျင်မှာ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးနားက Gandamar Wholesale နဲ့ ပန်းဆိုးတန်းက Ruby Mart မီးလောင်မှုဖြစ်ခဲ့ပြီး အဓိကအကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။ ဖြစ်စဉ်ဖြစ်ပွားချိန်ဟာ စစ်ကောင်စီက ညမထွက်ရအမိန့် ထုတ်ထားလို့ ပြည်သူလူထု အိမ်ပြင်ထွက်မရတဲ့ အချိန်မှာ ဖြစ်ခဲ့တာပါ။

စစ်တပ်နဲ့ ရဲက ဆန္ဒပြသူတွေအပေါ်အကြမ်းဖက်ပစ်ခတ်လို့ အာဏာသိမ်းပြီး ၂ လတာ ကာလအတွင်းမှာ သေဆုံးသူ ၅၃၆ ဦးရှိသွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB ရဲ့ မတ်လ ၃၁ ရက်အထိ စာရင်းမှာ ဖော်ပြထားပါတယ်။ ဒီအရေအတွက်ဟာ AAPPB က ကောက်ယူရရှိထားတဲ့ သေဆုံးသူအရေအတွက်ဖြစ်ပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသူတွေဟာ ဒီထက်မကရှိနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ကြိုးမဲ့ Broadband အင်တာနက်ဆက်သွယ်မှုတွေကို ဒီနေ့ညကစပြီး တော့ အကန့်အသတ်မရှိပိတ်ထားဖို့ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်ရရှိထားတယ်လို့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းမှာ လုပ်နေသူတွေက အတည်ပြုပါတယ်။ လက်ကိုင်ဖုန်းပေါ်ကနေ အင်တာနက်သုံးနိုင်တဲ့ WiFi နဲ့ Mobile data အင်တာနက်ဆက်သွယ်မှုတွေကိုလည်း စစ်အာဏာသိမ်းပြီးထဲက ပိတ်ပင်ထားပါတယ်။"

...........................

တိုက်ရိုက် လင့်ခ်

{{Unicode}}










XS
SM
MD
LG