[[Zawgyi/Unicode]]
ရခိုင်ပြည်နယ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မြို့ဖြစ်တဲ့ အမ်းမြို့ပေါ်မှာ မနေ့က ညနေအပိုင်းက သေနတ်ပစ်သံတွေ ကြားရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ AA ရခိုင်အဖွဲ့ထိန်းချုပ်ရာ ရခိုင်ဒေသမှာ စစ်ကောင်စီတပ်လှုပ်ရှားမှုတွေတိုးလာကြောင့် ပြန်ပြီး ထိပ်တိုက်တွေ့လာစ်နိုင်တယ်လို့ AA ခေါင်းဆောင်ပိုင်းက သတိပေးပြောဆိုနေချိန်မှာပဲ အခုလို ပစ်ခတ်သံတွေ ကြားလာရတာကြောင့် ဒေသခံတွေ စိုးရိမ်မှုတွေမြင့် တက်လာနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မြို့ဖြစ်တဲ့ အမ်းမြို့ပေါ်မှာ မနေ့က ညနေအပိုင်းလောက်က လက်နက်ကြီးလက်နက်ငယ်တွေ ပစ်သံခတ်သံတွေ ကြားရတာကြောင့် မြို့ခံတွေ ထိတ်လန့်နေကြတယ်လို့ အမ်းမြို့ ဒေသခံတွေကပြောဆိုကြပါတယ်။
ပစ်ခတ်သံတွေဟာ မြန်မာစစ်တပ်အခြေချနေထိုင်တဲ့ စခန်းအနီးတဝိုက်က ကြားရတာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်တာမျိုးမဟုတ်ဘဲ တဘက်တည်း ပစ်ခတ်သံတွေသာကြားရတယ်လို့ အမ်းမြို့ပေါ်နေထိုင်သူတဦးကပြောပါတယ်။
“တမြို့လုံးကြားတယ်။ မြို့အနားမှာ ဖြစ်တာကို။ အချိန်ကတော့ သိပ်မကြာပါဘူး။ ပစ်တာကတာ့ ၂ နေရာ ၃ နေရာ ပစ်တာ။ တနေရာကို လေးငါးခြောက်ချက်လောက်ပေါ့။ သူက တပ် အတွင်းထဲကတော့ မဟုတ်ဘူး။ တပ်ဧရိယာနားကပေါ့၊ လေယာဉ်ကွင်းရပ်ကွက်မှာ တောင် ကုန်းတွေရှိတယ်။ အဲဒါကို အမြဲတမ်းပဲ တပ်က လုံခြုံရေးယူထားတယ်လေ။ အဲမှာ နေ့ရော ညရော သူတို့လူတွေရှိတာကို။ အောက်ရွာနဲ့ လေယာဉ်ကွင်းနား အဲဒီက ပစ်တယ်။ နောက်တခါ အမ်းတောင်ကုတ်လမ်းဘက်မှာ စစ်ဆေးရေးဂိတ်တွေ ရှိတယ်။ အဲဒီဘက်က ပစ်တယ်။ နောက်တခုက ရန်ကုန်-စစ်တွေလမ်းမှာ ၃၇၃ တပ်ဆိုတာရှိတယ်၊ အဲဒီဘက်ကပစ်တယ်၊ တဘက်တည်းပစ်တာပါ။ အပြန်အလှန်ပစ်တာမျိုးမဟုတ်ပါ တဘက်တည်းပါ။”
မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား စစ်ရေးတင်းမာနေတဲ့အချိန်မှာ အခုလို ပစ်ခတ်သံတွေ ကြားရတဲ့ အတွက် စိုးရိမ်ရသလို မြန်မာစစ်တပ်ဘက်ကလည်း အမ်းမြို့ပေါ်နေအိမ်တွေကိ မကြာခဏစစ်ဆေးနေတာတွေရှိတာကြောင့် စိုးရိမ်မှုတွေ တိုးလာနေတယ်လို့ အမ်းဒေသခံ အမျိုးသမီး တဦးကလည်း အခုလို ပြောပါတယ်။
“အချိန်မတော်ကြီးပေါ့နော် သေနတ်သံတွေ ကြားရတယ်ဆိုတော့ တော်တော်စိုးရိမ် သွား တယ်။ အစကတော့ ဘာဖြစ်တာလဲပါ့။ နောက်ထပ်လည်း အသံတွေ ကြားရတော့ ပိုပြီးတော့ စိုးရိမ်လာကြာတယ် စစ်ဖြစ်မလားပေါ့။ တိုက်ပွဲဖြစ်နေတာလည်း ဒီထက်ပိုပြီးဆိုး လာမလား၊ အဲလို မျိုးတွေ တယောက်နဲ့ တယောက် စိုးရိမ်မှုတွေ ရှိလာကြတယ်။ အရင်ကဆိုရင် လမ်းပေါ်မှာ သွားလာနေကြတာလည်းရှိတယ်။ ဒီလိုအသံတွေ ကြားလာရတော့ နည်းနည်းတိတ်ဆိတ်သွားတာပေါ့နော်၊ တချို့ဆိုလို့ရှိရင် ရပ်ကွက်ထဲမှာပေါ့နော် သုံးရက် တခါလောက် ဖြစ်ဖြစ် တရက်တခါလောက်ဖြစ်ဖြစ် ဧည့်စာရင်းစစ်တာတွေရှိတယ်။ သေနတ်အပြည့်၊ လက်နက်အပြည့်နဲ့ အဲလိုမျိုးတွေလည်း ရှိနေတဲ့အခါကျတော့ ညအိပ်ရတာ တောင် အဆင်မပြေဘူး။ ထိတ်လန့်နေရတယ်။”
စစ်ကောင်စီနဲ့ AA ရခိုင်အဖွဲ့တို့ကြား ဆက်ဆံရေးတင်းမာပြီး အပြန်အလှန်ခြိမ်း ခြောက်ပြောဆိုမှုတွေရှိနေပါတယ်။ ဒေသတွင်းအုပ်ချုပ်ရေးကို AA ဘက်က နှောင့်ယှက်နေတဲ့သဘော စစ်ကောင်စီက စွပ်စွဲပြောသလို AA ဘက်ကတော့ သူတို့ထိန်းချုပ်တဲ့နယ်မြေမှာ သူတို့ရဲ့လုပ်ပိုင်ခွင့်ကို ဆောင်ရွက်တာလို့ အခိုင်အမာပြော နေပါတယ်။
AA အဖွဲ့ရဲ့စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း AA ရဲ့ ရခိုင်ပြည်တွင်း လုပ်ဆောင် ချက်တွေကို နှောင့်ယှက်နေတာကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူးကို သတိပေးပြောဆိုထားတာလည်းရှိပါတယ်။ အဲဒီနောက်ပိုင်း သေနတ်သံတွေ ကြားရတာကြောင့် မြို့ပေါ်အထိ တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာဖြစ်တယ်လို့ အမ်းဒေသခံတဦးကပြောပါတယ်။
“အခုက ကျနော်တို့ မြို့ပေါ်တွေမှာလည်း မဖြစ်ဘူးလို့ ပြောလို့မရတော့ စိုးရိမ်စိတ်ကတော့ ပိုများတာပေါ့၊ ဒီအသံကတော့ အရင်တုန်းကလည်း ကြားတော့ ကြားဖုူးနေကြပြီ၊ ဖြစ်လည်း ဖြစ်ပြီးပြီ။ ဖြစ်ဖူးတယ်ဆိုတာက ပြည်သူလူထုနဲ့ ထိပ်တိုက်တွေ့တာတော့မဟုတ်ပါဘူး။ သူတို့မကြာခဏ ပစ်လည်းပစ်နေကြတယ်။ ဒါပေမယ့် အဲလောက်ထိ မစိုးရိမ်ကြဘူး။ အခုက ဟိုဘက်ကလည်း ပြည်သူတွေ သတိရှိရှိနေကြဖို့ ပြောထားတာ တခုရယ်၊ နောက်ပြီးတော့ နပခအထိ တက်ကြိတ်မယ်ဆိုတဲ့ဟာကျတော့ မြို့ခံတွေကတော့ ပိုပြီး စိုးရိမ်တာ ပေါ့နော်၊ တကယ်ပြင်းပြင်းထန် ထန်ဖြစ်ကြတော့ မလားဆိုပြီးစိုးရိမ်စိတ်က တော့ ပိုများတာ ပါ့။”
လက်ရှိမှာလည်း အမ်းမြို့နယ်အတွင်းမှာ စစ်ဆေးမှုတွေ တင်းကြပ်ထားတယ်လို့လည်း အမ်းဒေသခံတဦးကပြောပါတယ်။
“သူတို့စစ်ရေး တင်းမာနေတဲ့အခါကျတော့ ပြည်သူတွေအနေနဲ့ နေရခက်တယ်၊ အနေအစားမရှောင်ဘူး၊ အခုဆိုလို့ရှိရင်အဲလို ဖြစ်ပြီးတဲ့နောက် အမ်းမြို့နယ်တွေထဲမှာ ဆိုလို့ရှိရင် ဆန်ဆိုင်တို့ ဘိလပ်မြေဆိုင်တို့ ပိတ်တာတွေရှိတယ်၊ သွားလာရေးခက်ခဲတာတွေဖြစ်လာတယ်၊ တနေရာကို သွားတော့မယ်ဆိုလို့ရှိရင် အစစ်အဆေးအရမ်းများတယ်။ ဆိုင်ကယ်နဲ့ သွားရင် ဆိုက်ကယ် ဘောက်တွေကို လှန်ပြရတာမျိုးတွေအထိရှိတယ်”
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်ကစပြီး စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ တို့ကြား နှစ်ဖက်နားလည်မှုနဲ့ အပစ်ရပ်ထားကြပေမယ့် လက်ရှိမှာတော့ နှစ်ဖက်ကြားတင်းမာမှုတွေ တိုးလာနေပါတယ်။
စစ်ကောင်စီကတော့ ရခိုင်ပြည်နယ်အတွင်းအုပ်ချုပ်ရေးပိုင်းနှောင့်ယှက်မှုတွေကို ထိမ်းထိမ်းသိမ်းသိမ်းနဲ့ဆောင်ရွက်နေတယ်လို့ ပြောနေပါတယ်။ ဒါဟာ ရခိုင်ပြည်သူတွေ ထိခိုက်မှာ စိုးရိမ် လို့ဖြစ်ပြီး ဒါကိုမှ ပြဿနာတရပ်ဖြစ်လာရင်တော့ အဆိုးမဆိုဖို့ဆိုပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတိပေး ပြောကြားခဲ့ပါတယ်။
ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်လည်း စစ်ကောင်စီအနေနဲ့ ပြည်သူတွေကို လူမျိုးတုန်း သတ်ဖြတ်ဖို့ အစီစဉ်ရှိတယ်လို့ စွပ်စွဲပြောဆိုထားတွေလည်း ရှိပါတယ်။
============
[[Unicode]]
============