သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် စစ်ရှောင်ဒုက္ခသည်တွေ ကျန်းမာရေးပြဿနာနဲ့ကြုံ


ရခိုင်ဒုက္ခသည်များ (သတင်းဓါတ်ပုံ - Khine Murn Chun (Citizen Journalist))
ရခိုင်ဒုက္ခသည်များ (သတင်းဓါတ်ပုံ - Khine Murn Chun (Citizen Journalist))

ရခိုင်ပြည်နယ် စစ်ရေးပဋိပက္ခအတွင်း နေရပ်ကနေ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေမှာ နွေရာသီ သောက်သုံး ရေပြတ်လတ်မှုနဲ့အတူ နောက်ဆက်တွဲ ဝမ်းပျက်ဝမ်းလျှောနဲ့ ဖျားနာမှုတွေ သိသိသာသာ ဖြစ်လာနေတယ်လို့ အကူညီပေးအဖွဲ့တွေက ပြောပါတယ်။ တိုက်ပွဲတွေကြား သွားလာရေး အခက်အခဲကြောင့် ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝရဖို့ ခက်ခဲတယ်လို့လည်း ဆိုပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ဧပြီလရဲ့ ပူပြင်းတဲ့ရာသီမှာ မသန့်ရှင်းတဲ့ သောက်သုံးရေတွေကြောင့် ရခိုင်ပြည်နယ်က စစ်ရှောင်စခန်းတချို့မှာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပွါးနေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု အစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

“ဒီမှာအရမ်းကိုပူပြင်းတဲ့ အခြေအနေရှိတယ်... အပူချိန်က။ ဒုက္ခသည်တွေရော တော်တော်များများက ဒီတာလပတ်အစ အောက်မှာ ရှိနေတုန်းပဲ။ အဲဒီအပူဒဏ်နဲ့ အတူတကွရှိလာတာကတော့ သောက်သုံးရေ ရှားပါးတဲ့ ပြဿနာပေါ့။ သောက် သုံးရေကအခုက စခန်း တဝက်လောက်မှာ သောက်သုံးရေ သောက်ရေ ပြဿနာတက်နေတာ အခုက။ တချို့စခန်းတွေဆို သောက်ရေလုံး၀ ပြတ်လပ်သလောက် ဖြစ်နေပြီ။ တချို့စခန်း တဝက်လောက်မှာတော့ သောက်ရေက ရှိနေတယ်ဆိုပေမဲ့လည်း ရေက သိပ်မကောင်းဘူး။ အဲဒီတော့ ပူတာရယ် ရေရှားပါးတာရယ်၊ အာဟာရ မပြည့်ဝတာရယ်နဲ့ ကျန်းမာရေးပိုင်းမှာ ဆိုလို့ရှိရင်တော့ ဖျားနာချောင်းဆိုး ဝမ်းပျက်ဝမ်းလျှောတွေက တကယ့်တော်တော်များများမှာ ဖြစ်နေကြပါတယ်။ အဖြစ် များတာကတော့ ရသေ့တောင်မြို့နယ်ထဲမှာဆိုရင် ဆင်ခုန်းတိုင် ပိုးဖေါက် ဖျားနာတာရော၊ ဝမ်းပျက်ဝမ်းလျောတာရော ရှိ တယ်။ နောက် လေးမြို့မြစ် အထက်ပိုင်းမှာရှိတဲ့ စင်းဘောကိုင်းတို့ ဆင်တဲတို့ပေါ့လေ။ ကျောက်တော်မြို့နယ်ထဲမှာ ဝါးတောင် တောင်မင်းကုလား ကန်စောင့် ဒီစခန်းတွေမှာလဲ ကျန်းမာရေးချို့ယွင်းချက် တွေ ရှိနေပါတယ်။”

မြောက်ဦးမြို့နယ်ဆင်ကဲ စစ်ဘေးရှောင်စခန်းမှာ ဖျားနာခြင်းနှင့် ဝမ်းလျောရောဂါ ဖြစ်ပွားနေသူ ၈ ဦးအပြင် တခြား ရောဂါဖြစ်ပွားသူ ၁၀ ဦးထက်မနည်းရှိနေသလို ကျောက်တော်မြို့နယ် ဝါးတောင်စခန်းမှာ ဖျားနာဝမ်းလျှောသူ (၂၂) ဦး တောင်မင်း ကုလားစခန်းမှာ(၁၈)ဦး ရှိနေတယ်လို့ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

ဒီစာရင်းဟာ ရခိုင်တိုင်းရင်းသား မျိုးနွယ်စု အစည်းအရုံးရဲ့ လက်လှမ်းမှီသလောက် တွေ့ရှိထားတာဖြစ်ပြီး တခြားစခန်းတွေမှာလည်း ဖျားနာမှုတွေရှိနေကြောင်း ဦးဇော်ဇော်ထွန်းကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မြောက်ဦးမြို့နယ်ဆင်ကဲ စစ်ဘေးရှောင်စခန်းမှာ ဖျားနာတာနဲ့ ဝမ်းလျောရောဂါ ဖြစ်ပွားခဲ့သလို ဒီရက်တွေမှာတော့ ကျန်းမာရေးဝန်ထမ်းတွေ ရောက်လာလို့ကုသနေဆဲလို့ ဆင်ကဲစစ်ရှောင်စခန်း တာဝန်ခံ ဦးထွန်းဖြူကပြောပါတယ်။

“ပြီးခဲ့တဲ့ ရက်တုန်းကတော့ အဖျားတွေလည်း ရှိတယ်။ နောက်ပြီးလို့ ဝမ်းလျှောဝမ်းပျက်လည်း ဖြစ်တယ်။ အော့အန်တဲ့ ကလေးတွေလည်း ရှိတယ်။ အခုတော့ ကျန်းမာရေးမှူးရောက်နေလို့ အဲတာတွေဆေးကုနေပါတယ်။”

အထူးသဖြင့် ဆင်ကဲစခန်းမှာ မသန့်ရှင်းတဲ့လေးမြို့ မြစ်ရေကိုသာ သောက်သုံးနေရတယ်လို့ ဦးထွန်းဖြူကဆက် ပြောပါတယ်။

“သောက်သုံးရေကတော့ ဒီလေးမြို့မြစ်ရေကို သုံးနေရတယ်။ သန့်ရှင်းမှုတော့ သိပ်မရှိဘူး။ မြစ်မှာဆိုတော့ သိတဲ့အတိုင်းပဲ အညစ်အကြေးလည်းမျောတယ်။ အပုပ်ကောင်တွေလည်းမျောတယ်။ ငါးအသေကောင်တွေ အဲဒီလို သန့်ရှင်းမှုတော့ သိပ် မရှိဘူး။

ဒုက္ခသည်စခန်းအတွင်း ဝမ်းပျက်ဝမ်းလျှော ဖျားနာသူတွေကို ကုသရေးမှာ နယ်မြေလုံခြုံရေး အခြေအနေကြောင့် ကျန်းမာရေး ဝန်ထမ်းတွေသွားရောက်ဖို့ အခက်ခဲရှိနေတယ်လို့လည်း ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

“ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေပေါ့လေ ဒီအစိုးရကတော့ သူတို့ကိုသွားဖို့ ညွှန်ကြားတယ်။ ဒါပေမဲ့ လူကြီးပိုင်းဆိုင်ရာ အစီအစဉ်တွေက မရှိနေဘူး။ မရှိနေတော့ တချို့စခန်းတွေကလည်းပဲ တိုက်ပွဲတွေနဲ့ နီးနီးစပ်စပ်ရှိတဲ့အခါကျတော့ မသွားမလာရဲကြဘူး။ နောက်တခုက လမ်းပန်းဆက်သွယ်ရေး အသွားလာခက်တယ် အခုက။ လောလောလတ်လတ်မှာက တိုက်ပွဲတွေကြားထဲမှာ တခုခု ဖြစ်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေက ရှိနေတယ်။”

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ အကြားတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း မြောက်ဦးမြို့နယ်အစပ်မှာ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရဆဲဖြစ်ပြီး တိုက်ပွဲဖြစ်ပွါးမှုကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

၂၀၁၈ နိုဝင်ဘာလကုန်ကစပြီး ၂၀၁၉ ခုနှစ် ဒီကနေ့အထိ နှစ်ဘက်တိုက်ပွဲကြောင့် ကျောက်တော် မောင်တော ဘူးသီးတောင် ရသေ့တောင် ပုဏ္ဏားကျွန်းမြို့နယ်တွေဘက်မှာ စစ်ရှောင်စခန်း (၆၆) ခုရှိနေပြီး စစ်ရှောင်ဦးရေ (၃၄၀၀၀) ကျော်အထိ တိုးလာနေတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စု အစည်းအရုံးကနေ စာရင်း ထုတ်ပြန်ထားပါတယ်။

ဒီဒုက္ခသည် စခန်းတွေဟာ ဒေသခံလူမှု အဖွဲ့အစည်းတွေကနေ ကူညီ ထောက်ပံ့နေရတာဖြစ်ပြီး ဒီလို အကူအညီပေးမှုတွေမှာလည်း အာဏာပိုင်တွေရဲ့ ကန့်သတ်တာခံနေရတယ်လို့ ကူညီပေးရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG