ပဋိပက္ခတွေရှိခဲ့တဲ့ ရခိုင်မြောက်ပိုင်းဒေသမှာ အခြေအနေတွေ တည်ငြိမ်ပြီး လုံခြုံရေးနဲ့ဖွံဖြိုးရေးပိုင်း တစုံတရာပြန်လည်ကောင်းမွန်လာတယ် တွေ့ရပါတယ်။ ဒါပေမယ့်လည်း ဒေသတွင်း နေထိုင်တဲ့ မတူညီတဲ့ လူမှုအသိုင်းအဝိုင်းနှစ်အခုအကြား အပြန်အလှန်လက်ခံယုံကြည်မှုရှိလာဖို့ အနေအထားကတော့ လိုအပ်နေသေးတယ်လို့ အဲဒီဒေသမှာ သတင်းသွားရောက်ယူနေတဲ့ မမေခက သတင်းပေးပို့ထားပါတယ်။
ပြီးခဲ့တဲ့နှစ်သြဂုတ်လအတွင်းက အကြမ်းဖက်ပဋိပက္ခတွေဖြစ်ခဲ့တာကြောင့် နိုင်ငံတကာအထိပါ ဂယက်ရိုက်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းဒေသကို ပြည်ထောင်စုအစိုးရကနေ အသေအချာ ကြပ်မတ်လုပ်ကိုင်နေတာမို့ အခြေအနေတွေ တိုးတက်လာတယ်လို့ ဒေသခံ အသိုင်းအဝိုင်းက ပြောပါတယ်။ အကြမ်းဖက်မှုတွေဖြစ်ခဲ့တာလည်း အခုဆို တနှစ်ပြည့်တော့မှာပါ။ ဒေသခံ မွတ်ဆလင်တွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ခဲ့တဲ့ အင်းဒင်ကျေးရွာမှာနေထိုင်သူမရွှေခင်ကတော့ လက်ရှိ အစိုးရရဲ့ လုံခြုံရေးပိုင်း တာဝန်ယူမှုတွေနဲ့ပတ်သတ်လို့
"ကျမတို့ကတော့ အခုအချိန်မှာ လုံခြုံမှုရှိပါတယ် ဘာဖြစ်လို့လဲဆိုတော့ သူတို့မရှိတော့ လုံခြုံမှုရှိသွားတယ် အရင်တုန်းကတော့ ဘယ်နေ့လာဖမ်းမလဲဆိုတာတွေ စိုးရိမ်နေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုယ်တိုင်ပြောထားတယ် ကျမတို့ကို"
မြိုတိုင်းရင်းသား ဦးကျော်လှစိန်ကတော့ အစိုးရရဲ့ ပြန်လည်နေရာချထားရေးပိုင်း နဲ့ပတ်သတ်လို့ အခုလိုပြောပြလာတာ ပါ။
" ဒီအတိုင်းပဲနေရင် ပြန်ဒုက္ခရောက်နိုင်တယ် အဲဒါကြောင့်မို့လို့ ကျနော်တို့ကို တိုင်းရင်းသားတွေ ရင်ဘောင်တန်းပြီးအတူနေစေချင်တယ် ။ တဦးနဲ့ တဦးအားကိုးအားထားဖို့ပေါ့နော် အဲဒါကြောင့် အဲလိုဆောက်ပေးပါမယ်ဆိုပြီးတော့ နေရာတွေချပေးတယ်။ အိမ်အဆောက်အအုံတွေလုပ်ပေးတယ် နောက်ပြီးတော့ စားနပ်ရိက္ခာတွေ ပေးတယ်။"
ကြက်ရိုးပြင် ကျေးရွာက မိုဟာမက် အဏ္ဏဝါကတော့ အစိုးရရဲ့ လုပ်ဆောင်မှု တွေနဲ့ပတ်သတ်လို့
မေး။ သွားရေးလာရေးကတော့ အဆင်ပြေရဲ့လား။
ဖြေ။။ ။ အဆင်ပြေပါတယ်။ ရွာက ထောက်ခံချက်တွေနဲ့ ကျနော်တို့ သွားရတာအဆင်ပြေပါတယ်။
မေး။ ။ ဒီမှာ ကလေးတွေ ကျောင်းတွေဘာတွေ တက်တဲ့လူတွေရောရှိလား။
ဖြေ။ ။ ရှိပါတယ် ကျောင်းစာတွေတင်နေပါတယ်။
မေး။ ။စာသင်တယ်ဆိုတော့ ဗလီတွေမှာပဲသင်တာလား။
ဖြေ။ ။ မဟုတ်ပါဘူး ကျနော်တို့ စာသင်ကျောင်းတွေမှာပဲ သင်ပါတယ်။"
ပြီးခဲ့တဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) အကြီးအကဲ Mark Green ရဲ့ခရီးစဉ်မှာဘင်္ဂလားဒေရှ် နိုင်ငံဘက်ကို ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေပြန်လည် ရောက်လာရေးမှာ သူတို့ရဲ့ အခွင့် အရေးနဲ့ လုံခြုံရေးအတွက် အာမခံချက်ပေးဖို့ တောင်းခံကြတယ်လို့ ဆိုထားပါတယ်။ ဒေသခံ မွတ်ဆလင်တွေကတော့ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ သတ်မှတ်သုံးနှုန်းပေ့မယ့် မြန်မာအစိုးရကတော့ ဒီအသုံးအနှုံးကို လက်မခံပါဘူး။
မောင်တောမြို့ မဈေးမှာ အလုပ်လုပ်နေတဲ့ ရွှေဇားကျေးရွာက အသက် ၅၀ကျော်အရွယ် အီစွက်ဆိုသူက သူတို့ ရပ်တည်နေထိုင်နေရတဲ့ အခြေအနေကို ခုလိုပြောပြလာပါတယ်။
"ဒီမှာက နယ်ကြားစောင့်တွေရှိတယ်မလား သူတို့က ကျနော်တို့ကို ကာကွယ်တယ်။
မေး။ ။သူတို့ဘက်ကနေပြီးတော့ အန်ကယ်တို့ကို ဘာမလုပ်ရဘူး၊ ဘယ်မသွားရဘူးဆိုပြီးတော့ တားတာတွေရှိလား။
ဖြေ။ ။ဘာမှမရှိဘူး
မေး။ ။အဆင်ပြေတယ်ပေါ့ အကုန်လုံး။ အခုဒီမှာရှိတဲ့ကလေးတွေရော ကျောင်းပညာရေးအဆင်ပြေလား
ဖြေ။ ။အဆင်ပြေပါတယ်။
မေး။ ။ဘယ်တွေမှာ သွားတက်တာလဲ
ဖြေ။ ။အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေမှာ ကျောင်းတက်ရပါတယ်။
ဖွံ့ဖြိုးရေးကို ဗဟိုကနေသေချာ ကြပ်မတ်လုပ်ကိုင်တာမို့ တိုးတက်မှုတွေရှိနေပေမယ့် အဲဒီဒေသမှာ နေထိုင်နေကြတဲ့ မတူညီတဲ့ လူမှုအဖွဲ့တွေကြား က ယုံကြည်မှုတိုးတက်အောင်ကိုတော့ အစိုးရဘက်က လုပ်နိုင်စွမ်းမရှိသေးပါဘူး။ တဖက်နဲ့ တဖက်အကြောက်တရားတွေ က ကြီးစိုးလျက်ရှိနေပြီး မတူညီတဲ့ လူမှုအဖွဲ့တွေကြားအဆက်အဆံတွေက အတော်လေးသွေးအေးနေတာကို VOA သတင်းထောက်တွေ တွေ့ခဲ့ရပါတယ်။