စစ်ရေးပဋိပက္ခ မတည်ငြိမ်သေးတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စံဂိုးထောင် ကျေးရွာဘက်မှာ ဒီကနေ့ မြန်မာ့တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ရွာသားတွေ နေရပ်စွန့်ခွာပြီး စစ်ဘေး တိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြန်မာစစ်တပ် ပြောခွင့်ရကတော့ ဒီကိစ္စ သူမသိရှိသေးကြောင်း ပြောဆိုထားပြီး ရသေ့တောင်မြို့နယ် အငူမော် မောင်တောကားလမ်းဘက်မှာသာ မနေ့ညနေပိုင်းက မိုင်းဗုံးတချို့ ရှာတွေ့ လို့ ဖေါက်ခွဲဖျက်စီးခဲ့ရတာ ရှိတယ်လို့ ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။
ဒီကနေ့မနက် ဘူးသီးတောင်မြို့နယ် စံဂိုးထောင်အုပ်စု နွားရုံတောင်ကျေးရွာဘက်ကို တပ်မတော်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေမှုကြောင့် ရွာသားတွေ ထွက်ပြေးနေရတယ်လို့ စံဂိုးထောင်ရွာသားဦးကျော်လှ ကပြောပါတယ်။
“စံဂိုးထောင်မှာ အစောကြီး သူတို့က တပ်က အမြှောက်နဲ့ လက်နက်ကြီး၊ လက်နက်ငယ်ရော တိုက်တယ်။”
စံဂိုးထောင်ရွာသားတွေဟာ စေတီတောင်ကျေးရွာဘက်ကို တိမ်းရှောင်နေရတယ်လို့ စေတီတောင်ကျေးရွာအုပ်ချုပ် ရေးမှူးဦးကျော်သန်းက ပြောပါတယ်။
“စံဂိုးထောင် နွားရုံတောင်ဘက်မှာ တိုက်သံကြားနေတယ် ကျနော်တို့။ ရွာသားတွေတော့ကျနော်တို့ စေတီတောင်ကိုပဲ စေတီတောင် ကယ်ဆယ်ရေးစခန်းကိုပဲ အကုန်လုံးထွက်ပြေးလာကြတာ။ စစ်ရှောင်ဦးရေ (၁၅၀၈) ယောက် ရှိတယ်။”
စံဂိုးထောင် နွားရုံတောင် သျှစ်သျှားတောင်စတဲ့ ရွာသား (၁၅၀၀) ကျော်ဟာ စေတီတောင်စစ်ရှောင်စခန်းမှာ ခိုလှုံနေကြရပြီး စားသောက်ရေးအတွက် လူမှုကူညီရေးအဖွဲ့တွေကနေအကူညီပေးဆောင်နေပေမဲ့ ရေရှည်အတွက် အခက်တွေ့နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
ဘူးသီးတောင်မြို့နယ်အတွင်းမှာ ဒီကနေ့ တိုက်ပွဲဖြစ်ပွါးတာမျိုးမရှိဘဲ တပ်မတော်ဖက်ကသာ တဖက်သတ် ပစ်ခတ်တာလို့ ရခိုင့်တပ်တော် AA ပြန်ကြားရေး တာဝန်ခံခိုင်သုခက ပြောပါတယ်။
“ဘူးသီးတောင်မြို့နယ်ထဲမှာလည်း အဲဒီနွားရုံတောင်တို့၊ စံဂိုးထောင်တို့၊ ဥယျာဉ်သာတို့ အဲဒီရွာတွေကို ဗမာစစ်တပ်က လက်နက်နဲ့ လှမ်းပစ်နေတယ်ဗျ။ ဘာမှတိုက်ပွဲဖြစ်တာ မရှိဘူး အဲဒီနေရာတွေမှာ။ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ဗမာစစ်တပ်က သက်သက်နေပြီးတော့မှ အကြောင်းမဲ့ ပစ်နေတာ။ ဒါပြည်သူလူထုတွေကို မနေနိုင်အောင် လုပ်တာပဲ။
မြန်မာစစ်တပ်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ဘူးသီးတောင်မြို့နယ်အတွင်း ဒီကနေ့ပစ်ခတ် တိုက်ခိုက်မှုဖြစ်စဉ်ကို မသိရှိရသေးဘူးလို့ ပြောပါတယ်။
ဒါပေမဲ့လည်း ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာကားလမ်းမှာတော့ မနေ့ညနေပိုင်းက မိုင်းဗုံးတချို့ ရှာတွေ့ခဲ့တာကြောင့် ဖောက်ခွဲဖျက်ဆီးခဲ့ရတဲ့အကြောင်း တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“မနေ့ကအငူမော်နဲ့ မောင်တောနဲ့လမ်းမှာတော့ ကျနော်တို့ မိုင်း ရှာဖွေတွေ့ရှိရတယ်။ မိုင်းကျနော်တို့ တွေ့တယ်။ မသင်္ကာစရာတွေ့လို့ ကျနော်တို့ ဖေါက်ခွဲဖျက်စီးလိုက်တာတာတော့ ရှိတယ်။ မနေ့ကညနေ (၃)နာရီလောက်မှာ။ ထိခိုက်မှု မရှိပါဘူးဗျ။ အဲဒီမှာ ရီမုမိုင်း (၄)လုံး ကျနော်တို့ တွေ့တယ်။ အဲတာ ဖေါက်ခွဲဖျက်စီးလိုက်တယ်။ ဘယ်သူဘယ်ဝါလက်ချက်လို့ ကျနော်တို့ စွပ်စွဲရတာခက်တယ်။
အငူမော် ကျေးရွာသားတွေကတော့ ဒါဟာ ဗုံးဖောက်ခွဲ တိုက်ခိုက်မှုဖြစ်တယ်လို့ ယူဆနေကြပြီး ဒီပေါက်ကွဲမှုကြောင့် စိုးရိမ်စိတ်နဲ့ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေရတယ်လို့အငူမော်ကုန်းတန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းထွန်းက ပြောပါတယ်။
“ရွာက လူတွေကတော့ ညတုန်းကကြောက်လို့ ဘုန်းကြီးကျောင်းမှာ ညအိပ်ကြတယ်တဲ့။ မိန်းမတွေ တော်တော်များများက ဘုန်းကြီးကျောင်းထဲမှာ အိပ်ကြတယ်လို့ ပြောတာပဲ။”
ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွါးနေဆဲဖြစ်ပြီး အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေလည်း ပိုများလာနေသလို စစ်ဘေးရှောင်ရွာသားတွေလည်း တိုးပွါးလာနေပါတယ်။
မြောက်ဦးတမြို့နယ်ထဲမှာ စစ်ရှောင်စခန်း (၄၁) ခုထိရှိနေပြီး စစ်ရှောင်ဦးရေ ၁,၀၀၀ ကျော်ရှိနေပါတယ်။ ရခိုင်ပြည်နယ် (၅) မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ စုစုပေါင်း စစ်ရှောင်ဦးရေ (၃၀၀၀၀) ကျော်ရှိနေပြီး ဒီစစ်ရှောင်တွေ အကူညီပေးဆောင်နိုင်ရေးမှာ အာဏာပိုင်တွေဘက်က ကန့်သတ်ထားတဲ့ အခြေအနေကြောင့် ရေရှည်စားသောက် နေထိုင်ရေးအတွက် အခက်တွေ့လာနိုင်တယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့တွေက ပြောပါတယ်။