ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေကို စုံစမ်းဖို့ ဖွဲ့ထားတဲ့ ပြည်တွင်း ကော်မရှင်တွေ အားလုံးက ရိုဟင်ဂျာတွေ အပေါ် ကြမ်းကြုတ်ရက်စက်မှုတွေ ဒါမှမဟုတ်လည်း တရားမျှတမှုနဲ့ ပတ်သက်ပြီး ခိုင်မာတိကျစွာ အစီရင်ခံဖို့ ပျက်ကွက်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW က ပြောဆိုလိုက်ပါတယ်။
၂၀၁၂ ခုနှစ်က စလို့ ဖွဲ့စည်းခဲ့တဲ့ မြန်မာ အစိုးရရဲ့ ကော်မရှင် ၈ ခု အပေါ် HRW က ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန်လိုက်တာပါ။ အနာဂတ်မှာ တရားစွဲဆိုနိုင်ရေး အတွက် အချက်အလက်တွေ စုဆောင်း ပြင်ဆင်နိုင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက အဖွဲ့တခု ဖွဲ့ဖို့လည်း HRW က တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း ပဋိပက္ခကို ဖြေရှင်းနိုင်ရေး အကြံညဏ်ပေးဖို့၊ ဒါမှမဟုတ်လည်း နှိပ်စက်ညှဉ်းပန်း ဖိနှိပ်မှုတွေကို စုံစမ်းစစ်ဆေးပါတယ်ဆိုတာကို ပြသနိုင်ဖို့မြန်မာ အစိုးရကကော်မရှင် ၈ ခု ကို ဟန်ပြ ဖွဲ့စည်းခဲ့တာလို့လည်း HRW က ပြောဆိုလိုက်ပါတယ်။ အခုနောက်ဆုံး နိုင်ငံတကာ ပညာရှင်တွေ ပါတဲ့ ကော်မရှင်ကလည်း အရင်က အဖွဲ့တွေထက် ပိုကောင်းလာမှာ မဟုတ်ဘူးဆိုတာ ပေါ်လွင်နေတယ်လို့ HRW က စွပ်စွဲပါတယ်။
ဖိလစ်ပိုင် သံတမန်ဟောင်း Rosario Manalo ဦးဆောင်တဲ့ ကော်မရှင်နဲ့ ပတ်သက်လို့လည်း မြန်မာ အစိုးရဘက်က များများစားစား ထုတ်ပြန်ထားတာ မရှိတဲ့ အပြင် ကော်မရှင် အနေနဲ့ ၂၀၁၉ ခုနှစ် သြဂုတ်လ အထိ အစီရင်ခံစာ အတွက် အချိန်ယူမှာကိုလည်း HRW က ထောက်ပြပါတယ်။ ဒီကော်မရှင်ကလည်း နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေကနေ သက်သာ လျော့ပါးသွားအောင် ဖွဲ့စည်းပုံ ရတာကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ မြန်မာ အစိုးရဖွဲ့စည်းတဲ့ ကော်မရှင်ကို မစောင့်ဆိုင်းသင့်ဘူးလို့လည်း HRW က တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံတွင်းက ဆိုးရွားလှတဲ့ ရာဇဝတ်မှု ကျူးလွန်ခံရသူတွေ အတွက် တရားဥပဒေကြောင်းအရ ဆောင်ရွက်နိုင်ရေး လမ်းကြောင်းဖော်ပေးနိုင်ဖို့ သက်သေ အထောက်အထားတွေကို အခုချိန်မှာ စုဆောင်းထိန်းသိမ်းဖို့လည်း HRW က တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ မြန်မာ အစိုးရဘက်ကတော့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာကို အသိအမှတ်မပြုသလို ကုလ စုံစမ်းရေးမှူးတွေကိုလည်း နိုင်ငံတွင်း ဝင်ခွင့် ပိတ်ပင်ထားပါတယ်။ နိုင်ငံတွင်းက ထွက်ပြေးရသူ အားလုံးကို ပြန်လည် လက်ခံမယ်လို့ အစိုးရက ပြောထားပေမယ့် ရိုဟင်ဂျာဆိုတဲ့ အမည်ကို အသိအမှတ်မပြုသလို နိုင်ငံသား ဖြစ်ခွင့်ကိုလည်း အာမခံချက် မပေးပါဘူး။