သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးသင့် ရခိုင်ပြည်နယ် အရေးပေါ်အကူအညီ လိုအပ်


ရခိုင်ပြည်နယ်တွင်း ရေကြီးနေစဉ်။ သတင်းဓာတ်ပုံ- MOI
ရခိုင်ပြည်နယ်တွင်း ရေကြီးနေစဉ်။ သတင်းဓာတ်ပုံ- MOI

ရခိုင်ပြည်နယ်တွင်းက ရေလွှမ်းမှုဒဏ်ခံရတဲ့ မြို့နယ်တွေမှာ ရေပြန်ကျ လာနေပေမယ့်လည်း ၊ အကူအညီတွေတော့ လိုအပ်နေတုန်းပဲဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူတဦးက ပြောပါတယ်။ ရေကြီးမှုကြောင့် တံတား ၃ ခု အပါအဝင် ကျိုးကျ ပျက်စီးသွားခဲ့ပေမယ့်လည်း၊ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်ခဲ့တဲ့ အတွက် အရင်နှစ်ကလောက်တော့ သေဆုံးမှုမရှိဘူးလို့ သူကပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်တွေအတွင်း မိုးအဆတ်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေတွေကြီးပြီး ရခိုင်ပြည်နယ်အတွင်းက မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပေါက်တော၊ ဘူးသီးတောင် နဲ့ အမ်းမြို့နယ်တွေမှာ ရေလွှမ်းမိုးမှုတွေဖြစ်ပွားခဲ့တာပါ။ ဒါပေမဲ့လည်း အခုအခါမှာတော့ အဲဒီနေရာ အတော်များများမှာ ရေပြန်ကျ လာနေပြီး၊ ရေကြီး မှုနောက်ဆုံး အခြေအနေကိုတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဗွီအိုအေကို အခုလိုပြောပါတယ်။

" ပုံမှန်အခြေအနေကို ဒါ ပြန်လည်ရောက်ရှိခါနီးပါပြီ။ မြစ်ရေက စိုးရိမ်ရေမှတ် ၉၈၀အထက် အောက်ကို ပြန်ပြီးတော့ ကျသွားပြီ ဖြစ်တဲ့အတွက် မြစ်အနီးအနားမှာ ရှိတဲ့နေရာတွေ အားလုံးကလည်း ရေပြန်လျော့ သွားပါပြီ။ ရေကြီးချိန်က ရေလွှမ်း ခဲ့တဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း ဒီမြို့တွေကလည်း ရေလျော့ သွားပါပြီ။ ရေနည်းနည်း ကျန်နေတာကတော့ မင်းပြားတဝိုက်ပေါ့။ အမ်းတဝိုက်၊ မြောက်ဦး ချောင်းဖျားတဝိုက်လောက်ကတော့ ခုနကပြောတဲ့ ရေ ကျန်ပါသေးတယ်။ ရေလွှမ်းသွားတဲ့ အနေအထားတော့ မဟုတ်ပါဘူး။ ရေကျန်နေသေးတဲ့သဘောပဲ ရှိပါတယ်။ "

ရခိုင်ပြည်နယ်မှာ ပြီးခဲ့နှစ် ဇူလိုင်လက ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ကိုဘန်မုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်ပြီး လူပေါင် ၆၅ ယောက်သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုနှစ်မှာတော့ ရေကြီးမယ်ဆိုတဲ့ သတင်းကိုကြိုရပြီးကြိုတင်ပြင်ဆင်မှုတွေလုပ်နိုင်ခဲ့အတွက် ထိခိုက်သေဆုံးမှုဟာ အရင်နှစ်ကလို မများဘူးလို့ ဦးတင်မောင်ဆွေက ပြောပါတယ်။

" အထက်မှာ မိုးရွာတယ် ဆိုတာနဲ့ပဲ ပြည်သူလူထုက မိမိအစီအစဉ်နဲ့ပဲ ရေလွတ်ရာကို ရွှေ့ပြောင်းသွားတာ ဖြစ်တဲ့အတွက် ကျနော်တို့ ကျွဲနွားရော လူရော ထိခိုက်ဆုံးရှုံးတာ မရှိပါဘူး။ ဒါပေမဲ့ တချို့နေရာတွေ မှာတော့ ခြေချော် လက်ချော်နဲ့ ရေထဲပြုတ်ကျပြီးတော့ ဆုံးပါးတဲ့ဥစ္စာ ရှိပါတယ်။ ဥပမာဆို မနေ့က မြေပုံမြို့နယ်မှာ တစ်ယောက် မြောင်းထဲပြုတ် ကျပြီးတော့ ရေနစ်ဆုံးတယ်ဆိုပြီး သိရပါတယ်။ ကျန်တာတော့ မရှိပါဘူး။"

ပြည်ထောင်စုအစိုးရကလည်း လမ်းပမ်းဆက်သွယ်ရေးပြတ်တောက် သွားနိုင်တဲ့နေရာတွေကို သွားပြီး အရေးပေါ်ရေဘေးကယ်ဆယ်ရေးတွေလုပ်နိုင်ဖို့ ရဟတ်ယာဉ်တွေ စီစဉ်ပေးခဲ့တယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်တွင်း မှာ ရေဘေးကယ်ဆယ်ရေး အကူအညီပေးနေတာတွေနဲ့ ပတ်သက်ပြီး သူက အခုလို ပြောပါတယ်။

"အဓိကကတော့ လတ်တလော စားဖို့သောက်ဖို့အတွက်ကို ဆန်ရယ်။ နောက် ရေစို သွားတဲ့ အတွက် မိသားစုအတွက် Family Kit ထုတ်တွေပေါ့ ဒန်အိုး၊ ဒန်ခွက်၊ အနွေးထည် စောင်တို့ပါတဲ့ အဓိက ကတော့ ရေသန့်ဆေး ပါပဲ။ ရေသန့်ဆေး ကတော့ နောက်နေတဲ့ရေထဲ ကို ဆေးမှုန့်လေးတွေ ထည့်လိုက်မယ်ဆိုရင် ရေသန့် ဗူးထဲက ရေလိုပဲ ကြည်ပြီးတော့ သောက်လို့ရပါတယ်။ ဒီဆေးတွေကို အားလုံးကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ လိုက်ပြီးတော့ ကျေးရွာအဆင့်အထိရောက်အောင် ကျန်းမာရေး ဝန်ထမ်းတွေနဲ့ လိုက်ပြီးတော့ ဖြန့်ဖြူးပေးနေပါတယ်။ လောလောဆယ် မှာတော့ လတ်တလော စားဖို့သောက်ဖို့အတွက် ခေါက်ဆွဲခြောက်တို့ အမြန်စားနိုင်တဲ့ ဥစ္စာတွေ ဒီဥစ္စာတွေကိုပဲ ဖြန့်ဝေပေးထားပါတယ်။"

ဒါ့အပြင် လူမှုဝန်ထမ်းနဲ့ ပြန်လည်ကယ်ဆယ်ရေးအဖွဲ့ကလည်း ဒေသခံတွေအတွက် လိုအပ်တဲ့ ဆန်နဲ့ တခြားစားနှပ်ရိက္ခာတွေ ကူညီပေးဖို့ လုပ်ဆောင်နေသလို၊ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စည်းရုံးဆက်သွယ်ရေးရုံး UNOCHA အဖွဲ့ဘက်ကလည်း အကူအညီတွေပေးတာတွေရှိတယ်လို့ သူကပြောပါတယ်။

လောလောဆယ်မှာ စားနပ်ရိက္ခာ နဲ့ ဆေးဝါးအကူအညီတွေ အလုံအလောက် ရှိပေမယ့်လည်း နောက်ထပ် အကူအညီတွေတော့ ဆက်ပြီး လိုအပ်နေတုန်းပဲလို့ ဦးတင်မောင်ဆွေက ပြောပါတယ်။

" လိုအပ်ချက်က ဘာလဲဆိုတော့ ဒီကြားကာလမှာတော့ ဝင်ငွေ မရသေးတာဖြစ်တဲ့ အတွက် ဆန်တို့ စားစရာတို့ ဒီဥစ္စာတွေကိုတော့ ကျနော်တို့က ထောက်ပံ့ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပြီးလို့ရှိရင် ပျက်သွားတဲ့ စပါးတွေအတွက် မျိုး စပါးတွေ ပြီးလို့ရှိရင် ပြန်လည်ထူထောင်ရေးအတွက် အဓိက ကြုံတွေ့ရမှာ ကတော့ သောက်သုံးရေပြဿနာပေါ့။ ရခိုင်ပြည်နယ်က မိုးတွင်းမှာ ရေကြီးပေ မဲ့ နွေရာသီမှာက ရေရှားပါးပါတယ်။ ရေလွှမ်းမိုးတဲ့အတွက် မကောင်းတဲ့ရေတွေ ဝင်ပြီးတော့ ကန်တွေ ပျက်သွားတာရှိပါတယ်။ ဒီကန်တွေကို ကျနော်တို့က ပြန်လည် စုပ်ထုတ်ရမယ်။ စုပ်ထုတ်ပြီးတော့ စုပ်ထုတ်တဲ့အခါမှာလည်း မိုးမကုန်ခင် ပြန် စုပ်ထုတ်နိုင်မှ မိုးရေကို ပြန်လှောင်နိုင်ပြီး နွေရာသီ အတွက် ရေရမှာဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့အတွက် လိုအပ်တာ က ရေစုပ်စက်တွေ ရေသန့် ပစ္စည်းတွေ နောက် တခုက သဘာဝဘေးဒဏ်တွေ ဖြစ်လာပြီဆိုလို့ရှိရင် အမြန်ဆုံး အသုံးပြုနိုင်မယ့် မိုးကာလိပ်တွေပေါ့။ ဒီဥစ္စာတွေကို ပံ့ပိုးပေးနိုင်ဖို့ ပြည်ထောင်စု အစိုးရကိုလည်း တင်ပြ အကူအညီတောင်းခံ ထားပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းများ ကိုလည်းအကူအညီပေးဖို့ လှူဒါန်းနိုင်ဖို့ ဆက်သွယ် အကူအညီတောင်းထားပါတယ်။"

ရေကြီးမှုကြောင့် ရန်ကုန်-စစ်တွေကားလမ်းပေါ်က မြောက်ဦးမြို့ နယ် မြောင်းဘွေမြို့ကြား က တံတား ၃ စင်း ပျက်စီးသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG