ရှေ့သီတင်းပတ်ထဲ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ စီစဉ်နေချိန်မှာပဲ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာစစ်တပ်ကြား ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အရပ်သားတွေကို လမ်းပြအဖြစ် ခေါ်ယူတာတွေ ရှိခဲ့တယ်လို့လည်း ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်ဗွေနဲ့ ဒါးဖြူရွာအကြား ဒီကနေ့မနက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း လက်နက်ကြီး ကျရောက်လို့ ရွာသားတွေ ထိခိုက်မှု ရှိခဲ့သလို လမ်းပြအဖြစ် ခေါ်ယူမှုတွေ ရှိခဲ့ကြောင်း ဒါးဖြူရွာသားတဦးက ပြောပါတယ်။
“ကျနော်တို့ တောင်ဗွေနဲ့ ဒါးဖြူရွာအကြားမှာ သူတို့ အချင်းချင်း ပစ်တာလား မသိဘူး။ လက်နက်ကြီးတွေနဲ့ တပ်မ ၅၅ က ပစ်တာ။ ရွာကတော့ နှစ်ယောက်ပဲ ထိသွားတယ်။ လင်မယားနှစ်ယောက် မိန်းမကတော့ ရင်ဘတ်မှာ နို့အထက်က ကျည်ထိတယ်၊ လက်နက်ကြီးထိတယ်။ ယောကျာ်းမှာတော့ လက်မမှာ ထိသွားတယ်။ အခုသူတို့က နာရေးကားနဲ့ ယူသွားတယ်။ လူ ၂၀ လောက် ဖမ်းသွားတယ်။ သူတို့ဖမ်းတာ ကျနော်တို့ ရွာအထက်ကို သံပုရာဒေါင့်ဆိုတဲ့ ရွာရှိတယ်။ အဲဒီရွာဘက်ကို ခေါ်သွားတယ်။ ရွာတွေမှာလည်းအကုန် မွှေပြီးပြီးလေ။ အိမ်တွေအကုန် စစ်တယ်။ ပစ္စည်းတွေ ပါသွားတယ်။ ဘာမှမကျန်ဘူး။”
ကျောက်တော် မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းစိန်ကတော့ တိုက်ပွဲကြောင့် ထိခိုက်မှု အခြေအနေနဲ့ တပ်မတော်ဘက်က လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရွာသားတွေ ပြန်လည်ရောက်ရှိရေး ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
“ပစ်ခတ်မှုတွေ ဖြစ်တာတော့ အရပ်သားပြည်သူ သုံး ဦး ထိခိုက်ဒဏ်ရာရတယ်။ ရွာသားတွေလည်း ဖမ်းဆီးခေါ်ယူသွားတယ်လို့ ပြောကြတယ်။ အဲဒီဘက်က ပြည်သူတွေ ကျနော်တို့ကို အကြောင်းကြားလာတဲ့အတွက် ဒီတပ်ကသူတို့ကို ပြန်လည် ကျောက်တော်မြို့ကို ရောက်နိုင်ဖို့ ကြိုးစားပြီးတော့ ဆောင်ရွက်နေပါတယ်ခင်ဗျာ။”
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြာခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ ကျောက်တော်မြို့နယ် တောင်ဗွေ နဲ့ ဒါးဖြူရွာအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အတည်ပြုပြောဆိုပြီး အခြေအနေကို မသိသေးဘူးလို့ ဆိုပါတယ်။
“ကျနော်တို့ကျောက်တော်ရဲ့ မြောက်ဘက်နားလေးမှာဖြစ်တာ။ အတိအကျတော့ ဘာမှတော့ဖြစ်တာ မသိဘူး။ ရင်ဆိုင် တွေ့ဆုံ ဒီလောက်ပဲ ဖြစ်တာပဲ။”
တိုက်ပွဲအတွင်း အရပ်သားထိခိုက်မှုနဲ့ လမ်းပြအဖြစ် ခေါ်ဆောင်သွားမှု အခြေအနေကို မသိရှိသေးဘူးလို့ ဆိုပါတယ်။
ဒီကနေ့ မနက်မှာလည်း ဘူးသီးတောင်မြို့နယ် ခွဆုံရွာဘက်မှာ ပစ်ခတ်တိုက်ခိုက်တဲ့ လက်နက်သံတွေ ကြားရကြောင်း ဒေသခံရွာသူ တဦးက ပြောပါတယ်။
မနေ့ကလည်း ကျောက်တော်မြို့နယ်ဘက်နဲ့ မင်းပြားမြို့နယ်ဘက်မှာ တပ်မတော်စစ်ကြောင်းအဖွဲ့ကို AA အဖွဲ့ကနေ မိုင်းဖေါက်ခွဲမှု ပြုလုပ်ခဲ့တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“မနေ့ကတော့ ကျနော်တို့ ကျောက်တော်ဘက်မှာ ရီမုမိုင်းဖေါက်ခွဲခဲ့တာ ရှိတယ်။ တင်းမကျေးရွာရဲ့ အရှေ့တောင်ဘက်လို့ ပြောတယ်။ ဟိုဘက်ကော ဒီဘက်ကော ထိခိုက်ဒဏ်ရာ ရရှိမှု မရှိပါဘူး။ နောက်ပြီးတော့ မင်းပြားမြို့မှာလည်း ရာမောင် တံတားရဲ့ တောင်ဘက် မီတာ ၄,၀၀၀ လောက်မှာလည်း ရီမုမိုင်း တလုံး ဖေါက်ခွဲခဲ့တာ ရှိတယ်။ အဲဒီမှာတော့ ကျနော်တို့ရဲ့ စစ်သည်တချို့ ဒဏ်ရာရရှိမှုတော့ ရှိတယ်။”
ဒီရက်ပိုင်း မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို သိရှိဖို့ AA ဘက်ကို ဆက်သွယ်ခဲ့ပေမဲ့လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။
ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲတွေ လျော့ကျလာတာ မရှိသေးဘဲ ပိုမိုပြင်းထန်လာနေတာပါ။
တိုက်ပွဲကြောင့်လည်း သေဆုံး ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားတွေ များပြားလာနေသလို စစ်ဘေးတိမ်းရှောင်နေရတဲ့ အရေအတွက်ဟာလည်း ၇၀,၀၀၀ ခန့် ရှိလာနေပြီး ဖြစ်ပါတယ်။
မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်က ရှေ့သီတင်းပတ် တနင်္လာနေ့ကျရင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA အပါအဝင် မြောက်ပိုင်းမဟာမိတ် လေး ဖွဲ့ကို ဖိတ်ခေါ်ထားပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်ကတော့ ကမ်းလှမ်းချက်နဲ့ ပတ်သက်လို့ အဖွဲ့ဝင်တွေကြား ညှိနှိုင်းသွားမှာဖြစ်ပြီး တပ်မတော်ဘက်က ကိုယ်စားလှယ် စေလွှတ်ဖို့လည်း တောင်းဆိုထားကြပါတယ်။