သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် မြောက်ပိုင်း ၃ မြို့နယ်မှာ တိုက်ပွဲဖြစ်


မြန်မာစစ်သားတချို့ ရခိုင်ဒေသတွင် ကင်းလှည့်စဉ်။ (မှတ်တမ်းဓာတ်ပုံ)
မြန်မာစစ်သားတချို့ ရခိုင်ဒေသတွင် ကင်းလှည့်စဉ်။ (မှတ်တမ်းဓာတ်ပုံ)

ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် သုံး မြို့နယ်မှာ မနေ့ကတရက်ထဲ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့ တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် အခြေအနေ ဆက်လက် တင်းမာနေပါတယ်။ တိုက်ပွဲတွေ ဆက်လက် ဖြစ် ပွားဆဲ မင်းပြားမြို့နယ်မှာတော့ ဒေသခံရွာသားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာပါ။ ရခိုင်ပြည်နယ်တွင်းက တိုက်ပွဲတွေ နောက်ဆုံး အခြေအနေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က အပြည့်အစုံ ပြောပြပေးမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ်၊ အမ်းမြို့နယ်နဲ့ မင်းပြားမြို့နယ်တွေမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ဆက်တွဲ စစ်ရေးတင်းမာမှုတွေနဲ့ ကြုံနေရတာပါ။ မနေ့တုန်းက မြို့နယ် ၃ မြို့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာတော့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့လည်း AA အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။

“ကျနော်တို့ ရခိုင်ဘက် သြဂုတ်လ ၂၆ ရက် နေ့လည် တနာရီ ၄၈ မှာ မြေပုံမြို့နယ်ကျောက်ခုံရွာနဲ့ ကျောက်ငနွား ရွာအကြားမှာ အင်အား ၁၀၀ လောက်ပါတဲ့ ဗမာစစ်ကြောင်းတခုနဲ့ တိုက်ပွဲဖြစ်တာ ရှိတယ်။ အဲဒီမှာ ရန်သူဘက်က ၇ဦးကျဆုံးတာပေါ့။ နောက် ၁၀ ဦး ဒဏ်ရာရတာ ရှိတယ်။ နောက်ပြီးတော့ ညနေ ၃ နာရီမှာ အမ်းမြို့နယ်ကဇူးကိုင်းရွာ အနားမှာ တိုက်ပွဲဖြစ်တာ ရှိတယ်ဗျ။ အဲဒီမှာလည်းပဲ ဗမာစစ်တပ်ဘက်က အကျဆုံးတွေ ရှိတယ်ဗျ။ နောက်ပြီးတော့ မင်းပြား မြို့နယ်ထဲမှာတော့ သြဂုတ်လ ၂၆ ရက် ညနေ ၄ နာရီ ၂၅ လောက်မှာတော့ ပန်းမြောင်းရွာရဲ့အရှေ့မြောက်ဘက် အဲဒီမှာ ဗမာစစ်တပ်ဘက်က ထိုးစစ်ဆင်လာတဲ့ အတွက်ကြောင့်မို့လို့ တိုက်ပွဲဖြစ်တာ ရှိတယ်။ အဲဒီမှာလည်းပဲ ဗမာစစ်တပ်ဘက်က အကျဆုံးတွေများပြီးတော့ သူတို့ပြန်ဆုတ်သွားတာ ရှိတယ်။”

မနေ့ကအမ်းမြို့နယ် ကဇူးကိုင်းကျေးရွာအနီးဖြစ်တဲ့ တိုက်ပွဲမှာ မြန်မာစစ်ယာဉ်တန်းကို AA ဘက်က ဗုံးခွဲတိုက်ခိုက်တာ ဖြစ်တယ်လို့ ကဇူးကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးကပြောပါတယ်။

“ပစ်ခတ်မှုတွေတော့ဖြစ်တယ်။ မိုင်းခွဲတယ်လို့ပြောတယ်။ တပ်မတော်ယာဉ်တန်းကိုပေါ့။ ကဇူးကိုင်းနဲ့ တမိုင်လောက်ပဲ ဝေးတယ်။ ရွာသားတွေကတော့ ဘာမှမဖြစ်ပါဘူး။ ရွာထဲမှာပဲရှိနေတော့။”

ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ မင်းပြားမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက အတည်ပြုပြောပါတယ်။

“ကျနော်တို့ အုပ်ချုပ်မှု ယာဉ်တန်း တခုသွားတဲ့အခါမှာ ကဇူးကိုင်းရောက်တဲ့အခါမှာ ရန်သူကနေပြီးတော့ ဆွဲမိုင်းဆွဲ တယ်။ ဒါပဲရှိတယ်။ မင်းပြားဘက်မှာတော့ ပစ်နေတုန်း၊ ခတ်နေတုန်းပဲ။”

တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်မှုအခြေအနေကိုတော့ ပြောဆိုခြင်း မရှိခဲ့ပါဘူး။

မနေ့က မြေပုံမြို့နယ် အမ်းမြို့နယ်နဲ့ မင်းပြားမြို့နယ်အတွင်းဖြစ်ပွားတဲ့ တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ထိခိုက်မှု များပြားတယ်လို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ပြောဆိုမှု ရှိနေသလို သီးခြား အတည်မပြုနိုင်သေးပါဘူး။

မင်းပြားမြို့နယ် ပန်းမြောင်းရွာဘက်မှာ ပစ်ခတ်မှု ရှိနေဆဲဖြစ်ပြီး ရွာသားတွေလည်း တိမ်းရှောင်နေရတယ်လို့ ပန်းမြောင်း ရွာသား တဦးကပြောပါတယ်။

“လက်ရှိမှာကတော့ လက်နက်ကြီးတွေနဲ့ တိုက်နေတယ်။ လက်နက်ကြီးနဲ့ ပန်းမြောင်းက အောင်မင်္ဂလာတောင်မှာရော ပစ်နေတာ။ ရွာသားတွေကတော့ ကိုယ့်အိမ်စွန့်ခွါပြီးထွက်နေရပါတယ်။ ထောင်ဂဏန်းလောက်ရှိပါတယ်။ မြောက်ဦး တို့ မင်းပြားဘက်ကိုသွားပါတယ်။

မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအတွင်းမှာ ပြီးခဲ့တဲ့စနေနေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ကျောင်းနေကလေး သုံး ဦးသေဆုံးခဲ့ပြီး လူကြီး သုံး ဦးကတော့ ဒဏ်ရာနဲ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

လက်နက်ကြီးကျရောက် ပေါက်ကွဲမှုဟာ မြန်မာစစ်တပ်ကနေ ပစ်ခတ်တာလို့ ဒေသခံရွာသားတွေက ပြောဆိုနေပေမဲ့ မြန်မာစစ်တပ်ဘက်ကတော့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တွေ ရွာတွင်းကိုပစ်ခတ်တာလို့ စွပ်စွဲထားပါတယ်။ ဒါကို ရခိုင်လက်နက်ကိုင်အဖွဲ့က ငြင်းဆိုထားပါတယ်။

ပန်းမြောင်းကျေးရွာသား ထက်ဝက်နီးပါးကလည်း မြောက်ဦး၊ မင်းပြား၊ ပေါက်တောမြို့တွေမှာ စစ်ရှောင်နေရပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ စစ်ရေးအခြေအနေကလည်း ကျယ်ပြန့်စွာ ဖြစ်ပွားနေသလို စစ်ရှောင်ဦးရေကလည်း ၆၁,၀၀၀ ကျော် တိုးပွားလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG