ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့AA တို့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး တိုက်ပွဲဖြစ်ပွါးရာဒေသက ကျေးရွာသားတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိလာနေပါတယ်။ ရသေ့တောင်မြို့နယ်ဘက်က တိုက်ပွဲအတွင်းမှာ အရပ်သားကလေးငယ်တဦး ထိခိုက်သေဆုံးခဲ့သလို တပ်မတော်က ကျေးရွာတွင်း နေအိမ်တွေကို ရှာဖွေချိန်အတွင်း ရွာသားတွေရဲ့ ပိုင်ဆိုင်ပစ္စည်းတွေကို သိမ်းယူသွားတာတွေရှိတယ်လို့ ရွာသားတွေက ပြောတဲ့အကြောင်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။ ဒီစွပ်စွဲချက်ကို တပ်မတော်ဘက်က ငြင်းဆန်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
တနင်္လာနေ့က ရသေ့တောင်မြို့နယ် မြောက်ပိုင်း အုန်းချောင်းကျေးရွာအနီးနဲ့ တနင်္ဂနွေနေ့က ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ရခိုင့်တပ်မတော်ပြန်ကြား ရေးတာဝန်ခံ ခိုင်သုခက ဗွီအိုအေကိုအခုလိုပြောပါတယ်။
“မနေ့က ဒီ(၂၈)ရက်နေ့ ရသေ့တောင်မြို့နယ် အုန်းချောင်းရွာအနီးမှာ မနက်(၈)နာရီ(၉)မိနစ်ကနေပြီးတော့ နေ့ လယ် (၁၁)နာရီအထိက အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ်ဗျ။ ဗမာစစ်တပ်ဖက်ကတော့အုန်းချောင်းရွာထဲကို လက် နက်ကြီးတွေနဲ့နေပြီးတော့ တမင်တကာရည်ရွယ်ချက်ရှိရှိနဲ့သူတို့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဗျ။ နောက်ပြီးတော့ ရွာ သားတွေထဲကနေပြီးတော့ ယောကျ်ားတွေကိုလဲ သူတို့ဖမ်းဆီးထိန်းသိမ်းတာတွေလုပ်နေတယ်ဗျ။ အဲဒီမှာ ယောကျ်ား (၃)ယောက် မနေ့ကဖမ်းဆီးထိန်းသိမ်းခံရတာရှိတယ်။ ပလက်ဝမြို့နယ်ထဲမှာလဲဘဲ တိုက်ပွဲဖြစ်နေတာရှိတယ်။ ဇန္နဝါ ရီလ(၂၇)ရက်နေ့မှာ ပလက်ဝမြို့နယ် ခုံရွာနဲ့ကောက်ကြီးဝရွာအကြားမှာ တိုက်ပွဲထပ်မံဖြစ်ပွါးခဲ့တယ်။ ဗမာစစ်တပ် ဖက်ကနေ လက်နက်ကြီးပစ်ကူတွေနဲ့ထိုးစစ်ဆင်တိုက်ခိုက်လာတာ။ အပြန်လှန်ပစ်ခတ်မှုတွေရှိခဲ့တယ်။”
ဒီလိုဖြစ်တဲ့တိုက်ပွဲကြောင့် ရသေ့တောင်မြို့နယ်အုန်းချောင်းကျေးရွာက လူအများစု တိမ်းရှောင်ထွက်ပြေးနေရသလို ရွာအတွင်းမှာလဲ တပ်မတော်နဲ့ရဲတပ်ဖွဲ့ဝင်တွေကနေ ဝိုင်းပတ်ပိတ်ဆို့ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။
ဇန်နဝါရီ ၂၆ ရက်နေ့ကလဲ ရသေ့တောင်မြို့နယ်၊ သမီးလှ ရွာသစ်အနီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ကလေးငယ် တဦး လက်နက်ကျည်ထိမှန်ခဲ့ပြီး တနင်္လာနေ့ညကသေဆုံးသွားပြီးလို့ သေဆုံးသူမောင်နိုင်စိုးရဲ့ဖခင် ဦးကျော်ကျော်နိုင်က ရခိုင်ဘာသာနဲ့အခုလိုပြောပါတယ်။
“မနေ့ညကဆုံးသွားတာပါ။ ကျွန်တော်ကလေးလေးကို ထွက်ပြေးစဉ်ကျွန်တော်ကလေးကိုကျွန်တော်ဖက်ထား ပါတယ်။ အဲဒီအချိန်မှာစစ်သားကလာပြီး ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့ပါတယ်။ ကျွန်တော်ကလေးခေါင်းမှာ ထိခိုက်ဒဏ်ရာ ရသွားပြီး ရန်ကုန်ဆေးရုံအပို့မှာ မနေ့ညကဆုံးသွားပါတယ်။”
တိုက်ပွဲဖြစ်ပွါးအပြီး သမီးလှရွာအတွင်းမှာ တပ်မတော်ကနေ ရှာဖွေစစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ ရသေ့တောင် နယ်မြေခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကပြောပါတယ်။
“ဒီဖြစ်စဉ်မှာ ကျွန်မတို့ဒီရွာသားတွေရဲ့ပြောပြချက်အရ နောက်နေ့မနက်မှာကျွန်မတို့ရဲ့ရခိုင်ပြည်နယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က အဲဒီသမီးလှရွာဘက်ကို ကိုယ်တိုင်ဘဲသွားပါတယ်။ သွားလိုက် တဲ့အခါ တကယ်ဘဲပစ္စည်းပျောက်တာတွေရှိပါတယ်။ အဲတာကိုသူအတိအကျပေါ့လေ။ ရွာသားတွေဆီကစာရင်း ကောက်ထားပါတယ်။ အဲဒီစာရင်းအတိအကျကိုသူတို့ ပျောက်တဲ့ ရွှေတွေငွေကြေးတွေကို ကျွန်မတို့လက်မှတ်ထိုး ခိုင်းထားပါတယ်။ အဲဒီလက်မှတ်တွေရလာပြီးမှ ကျွန်မတို့ဒီကနေ တာဝန်ရှိတဲ့သူတွေကိုကျွန်မ မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ်တဦးအနေနဲ့ ဒါကိုစစ်ဆေးဖို့ဖေါ်ထုတ်စေဖို့ကျွန်မတို့အနေနဲ့ တောင်းဆိုသွားမှာဖြစ်ပါတယ်။”
ရွာသားတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို တပ်မတော်ကနေသိမ်းယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ငြင်းဆိုပါတယ်။
“အဲတာကတော့ဝါဒဖြန့်တာဘဲဖြစ်မယ်ခင်ဗျ။ အမြဲစစ်တဲ့အချိန်မှာ အပြည့်အစုံပြောရရင် ကျွန်တော်တို့ နယ်ခြားစောင့် တပ်ပေါ့ဗျာ။ အဲဒီဟာတွေပါဘဲရှာတာပါ။ ကျွန်တော်တို့တပ်တွေကရှာတာပြုတာတွေမရှိဘူးခင်ဗျ။ ရွာထဲမှာဝင်ချင် သေချာစံနစ်တကျစစ်ရင် ရဲနဲ့ဘဲကျွန်တော်ပေါင်းစပ်ပြီးလုပ်တာရှိတယ်။ ရဲကဘဲရှာတယ်။ ကျွန်တော်တို့တပ်က တိုက်ရိုက်ရှာတာတော့မရှိဘူး။”
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ရွာသားတွေ ပိုင်ဆိုင်တဲ့ရွှေငွေပစ္စည်းတွေကို သိမ်းဆည်းတယ်ဆိုတာနဲ့ပတ်သက်ပြီး တိုင်ကြားလာမယ်ဆိုရင်တော့ တပ်မတော်လုပ်ထုံး လုပ်နည်း နဲ့အညီ စီစစ်သွားမယ်လို့ သတင်းမီဒီယာတွေကိုပြောဆိုထားပါတယ်။
ဒီရက်ပိုင်း တိုက်ပွဲဖြစ်စဉ်တွေအတွင်း ကျေးရွာသားတွေထိခိုက်ဒဏ်ရာရတာ၊ တပ်မတော်ဘက်ကနေ ရိုက်နှက် စစ်ဆေးခံရတာ တွေရှိတယ်လို့ တိုက်ပွဲဖြစ်ပွါးရာဒေသကရွာသားတွေကပြောပါတယ်။
အခုလိုတိုက်ပွဲကာလအတွင်း တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်တာတွေကို မှတ်တမ်း ကောက်ယူစုဆောင်းနေပြီး ICC နိုင်ငံတာရာဇဝတ်ခုံးရုံးကို ပေးပို့သွားမယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
“ကျွန်တော်တို့ရခိုင်စစ်မျက်နှာမှာ ဗမာစစ်တပ်ဖက်ကနေပြီးတော့ အပစ်မရှိတဲ့ဒီအရပ်သားတွေရဲ့အပေါ်မှာ ပြည်သူ လူထုတွေရဲ့အပေါ်မှာ ကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေအားလုံး နောက်လူ့အခွင့်အရေးချိုးဖေါက်မှုတွေအားလုံးကို ကျွန်တော်တို့အထောက်အထားတွေစုဆောင်းထားပြီးတော့ နိုင်ငံတကာစစ်ခုံရုံးပေါ့ဗျာနော။ ICCကိုကျွန်တော်တို့ ပို့ပေးသွားဖို့ရှိတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ တပ်မတော်အနေနဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု ကျူးလွန်တာမရှိဘူးလို့ တုန့်ပြန်ပါတယ်။
“အဲတာကတော့သူတို့ရဲ့အစီစဉ်ပဲလေ။ ကျွန်တော်တို့က ဘာမှချိုးဖေါက်ခဲ့တာမရှိခဲ့ဘူး။”
၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ကနေ ၂၀၁၉ ဇန္နဝါရီလအထိ မြန်မာ့တပ်မတော်နဲ့ရခိုင့်တပ်မတော် AA တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဇန္နဝါရီလ ၄ ရက်နေ့မှာ နယ်ခြားစောင့် ရဲကင်းစခမ်း ၄ ခုကို AA က ဝင်တိုက်ပြီးတဲ့နောက်ပိုင်း နှစ်ဖက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတာပါ။
ဒီတိုက်ပွဲတွေကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေဘက်က ဒေသခံရွာသား ၆၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေကြရသလို စားသောက်နေထိုင်ရေးမှာလဲ အခက်ခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။