သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦးမြို့အနီး အစိုးရယာဉ်တန်း ဖြတ်သန်းစဉ် ပေါက်ကွဲမှုဖြစ်


မြောက်ဦးမြို့အနီး အစိုးရယာဉ်တန်း ဖြတ်သန်းစဉ် ပေါက်ကွဲမှု (Photo -Aung Thein Hlaing facebook )
မြောက်ဦးမြို့အနီး အစိုးရယာဉ်တန်း ဖြတ်သန်းစဉ် ပေါက်ကွဲမှု (Photo -Aung Thein Hlaing facebook )

၂၀၁၉ နှစ်သစ်ကူးနေ့ဖြစ်တဲ့ ဒီနေ့မှာပဲ ရခိုင်ပြည်နယ် မြောက်ဦးမြို့အနီး ကားလမ်းမှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး၊ အစိုးရတာဝန်ရှိသူတွေ လိုက်ပါလာတဲ့ ယာဉ်တန်း ထိခိုက်မှုရှိကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ အခုနောက်ဆုံးဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွမ်းအိမ်က သတင်းပေးပို့ ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်ဘက်မှာ ပြည်နယ်အစိုးရကားယာဉ်တန်း ဖြတ်သန်းသွားစဉ် ပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာဖြစ်ကြောင်း မြောက်ဦး မြို့နယ် မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဗွီအိုအေကိုအခုလိုပြောပါတယ်။

“ဝန်ကြီးချုပ်ယာဉ်တန်းလားဆိုတာတော့ ကျွန်တော်လဲအတိအကျမသိဘူး။ အရာရှိယာဉ်တန်းလို့ပြောတယ်။ အရာရှိယာဉ်တန်းအဖြတ်မှာပေါ့။ အလွန်မှာ ကျွန်တော်တို့မြောက်ဦးမြို့နယ်တောင်ပိုင်း နန်းကျနဲ့လောင်းကြက် အကြားမှာပေါ့နော်။ မိုင်းပေါက်တယ်လို့တော့ပြောတယ်။ ဒါပေမဲ့အထိခိုက်ကတော့မရှိဘူး။ မနေ့ကလဲဘဲ လမ်း ကြောတလျှောက်မှာလုံခြုံရေးတွေရှိနေတယ်လို့ပြောပါတယ်။ ဘယ်လိုဖြစ်သွားလဲဆိုတာတော့မပြောတတ်ဘူး ပေါ့လေ။”

ဗုံးခွဲတဲ့အဖွဲ့ကိုမသိရသေးပေမဲ့ လုံခြုံရေးတပ်ဖွဲ့တွေတင်းကြပ်ထားတဲ့အကြားက ပေါက်ကွဲခဲ့တယ်လို့ ဦးထွန်း သာစိန် ကပြောပါတယ်။ မြန်မာတပ်မတော်နဲ့ AA ရခိုင်တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်း အခုနောက်ဆုံးဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဘယ်သူ့လက်ချက်ဆိုတာ တိတိကျကျတော့ မသိရပါဘူး။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးကျော်လွင်ကတော့ ပေါက်ကွဲမှုကြောင့် အရာရှိယာဉ်တန်းက ကားတစီး ထိခိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော်လဲအဲဒီသတင်းကိုလှမ်းပြီးချိတ်တော့ချိတ်နေတယ်။ အဲတာကတော့တိကျတယ်လို့တော့ပြောတယ်။ ဒါပေမဲ့ဝန်ကြီးချုပ်ကတော့ဘာမှမဖြစ်ဘူး။ နောက်ကခရိုင်အုပ်ချုပ်ရေးမှူးကားက ထိသွားတယ်ဆိုပြီးပြောကြ ဆိုကြတာ။”

ဒီဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ပါ မပါကိုတော့ သီးခြားအတည်ပြုချက်မရသေးသလို အခြေအနေကိုသိရှိဖို့အတွက် ပြည်နယ်အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ ပြည်နယ်အစိုးရဝန်ကြီးတွေအပြင် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးကို အကြိမ်ကြိမ် ဆက်သွယ်ပေမဲ့လဲ ဆက်သွယ်ခဲ့ပေမဲ့လဲ လက်ခံဖြေ ဆိုခြင်မရှိခဲ့ပါဘူး။

ဒီဇင်ဘာ(၁၆)ရက်နေ့က ရသေ့တောင်မြို့နယ် ကျောက်တန်းနဲ့ထီးစွဲကျေးရွာအနီးတပ်မတော်ပိုင်ကားတစီးကို ရခိုင်တပ်မတော်ဘက်က ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်တွေလဲရှိခဲ့ပါတယ်။

တပ်မတော်ရဲ့ ဒီဇင်ဘာ(၇)ရက်နေ့ထုတ်ပြန်ချက်ထဲမှာတော့ စစ်ရေးပဋိပက္ခဖြစ်ပွါးရာဒေသအတွင်း မိုင်းပေါက် ကွဲမှုဖြစ်စဉ် ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာလကုန်ပိုင်းကစပြီး မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်မတော်AAတို့အကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွါးနေသလို တိုက်ပွဲဖြစ်ပွါးရာ ကျောက်တော် ဘူးသီးတောင် ရသေ့တောင် ပုဏ္ဏား ကျွန်းမြို့နယ်တွေဘက်မှာ စစ်ဘေးရှောင်(၂၀၀၀)ကျော်တိုးပွါးလာနေသလို စစ်ရှောင်တွေအတွက် ရိက္ခာ အကူညီပေးရေးမှာအခက်တွေ့နေတယ်လို့လဲ အကူညီပေးရေးအဖွဲ့တွေကပြောပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလ၁၂ရက်နေ့ကရခိုင့်တပ်မတော်AA ၊တအာင်းပလောင်တပ်ဖွဲ့TNLA ၊ ကိုးကန့်တပ်ဖွဲ့MNDAA တို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စစ်ရေးနည်းလမ်းရပ်ဆိုင်းပြီး နိုင်ငံရေးနည်းအရအဖြေရှာသွားမယ်လို့ထုတ်ပြန် ချက်တစ်ခု ထွက်ရှိခဲ့ပြီး အစိုးရ ငြိမ်းချမ်းရေးကော်မရှင်ကလည်း ဒီထုတ်ပြန်ချက်အပေါ် ကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တဖက်မှာလဲ မြန်မာ့တပ်မတော်နဲ့ရခိုင်တပ်မတော်တို့အကြား တိုက်ပွဲတွေအဆုံးမသတ်နိုင်သေးသလို တိုက်ပွဲ ကြောင့် ဒေသခံရွာသားတွေစစ်ဘေးတိမ်းရှောင်နေရဆဲအခြေအနေမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG