တရုတ်နိုင်ငံက ကြားဝင်စေ့စပ်တဲ့ မြန်မာစစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကြား အခုနောက်ဆုံးဆွေးနွေးပွဲမှာ ရခိုင်စစ်ပွဲကို သီးသန့်ဆွေးနွေးဖွယ်ရှိတယ်လို့ လေ့လာသူတွေ သုံးသပ်ပါတယ်။ တရုတ်နယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်ဖို့ကိစ္စကတော့ ခက်ခဲဦးမယ်လို့ ယူဆကြပါတယ်။ ကိုဝင်းမင်း ဆက်သွယ်မေးမြန်းထားပါတယ်။
မေလ ၁၄ ကနေ ဒီနေ့ မေလ ၁၆ အထိ ၃ ရက်ကြာလုပ်မဲ့ ဒီဆွေးနွေးပွဲထဲ အဓိက ထူးခြားနိုင်တာကို မြန်မာ့အရေးလေ့လာသုံးသပ်သူနဲ့ ရှမ်းအရေးကျွမ်းကျင်သူ စိုင်းထွန်းအောင်လွင်က အခုလို ထောက်ပြပါတယ်။
"ဆွေးနွေးပွဲက ငါးကြိမ်မြောက်ဖြစ်လာပြီပေါ့နော်။ ပြီးခဲ့တဲ့အချိန်တွေမှာ အပစ်ရပ်စဲရေး သဘောတူတာတွေ ဘာတွေ ရှိတယ်။ ဒါပေမဲ့ နယ်စပ်ကုန်သွယ်ရေးတွေ ပြန်စဖို့ဆိုတာလည်း တရုတ်အစိုးရတို့ဘာတို့အတွက် ပိုအရေးကြီးတဲ့ကိစ္စတခုဖြစ်သလို နယ်စပ်နေပြည်သူတွေအတွက်လည်း အရေးကြီးတဲ့လက္ခဏာမျိုးလည်း ရှိတယ်ပေါ့နော်။ ဒါပေမဲ့လက်တွေ့မှာ ကုန်သွယ်ရေးက ပြန်မစနိုင်ဘူး။ တဘက်ကျတော့ အဓိကကတော့ နယ်စပ်ဂိတ်ပေါက် နှစ်ခုပေါ့။ တခုကတော့ မူဆယ်ဖြစ်တယ်၊ တခုကတော့ ချင်းရွှေဟော်ဒေသဖြစ်တာပေါ့။ ချင်းရွှေဟော်ဒေသကျတော့ ပြတ်ပြတ်ထင်ထင် MNDAA ကိုးကန့်ကစိုးမိုးလိုက်တယ်။ ဒါပေမဲ့လက်တွေ့မှာ ကုန်သွယ်ရေးပြန်မစနိုင်ဘူးပေါ့နော်။ အဲဒီတော့ ဥပမာ-ကိုးကန့်နယ်မြေ သတ်မှတ်ပေးရေးတို့၊ အခွန်ကိစ္စတို့၊ ဘယ်လမ်းကိုအသုံးပြုပြီး ကိုးကန့်နယ်ထဲဝင်မလဲ၊ သူက သိန္နီဆိုတဲ့မြို့ကနေ မဖြစ်မနေ သွားရတာပေါ့နော်။"
ဒီရှေ့ဆက်ဆွေးနွေးစရာတွေအပေါ် ရခိုင်ပြည်နယ် မြေပုံမြို့က ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းကလည်း အခုလို ရှင်းပြပါတယ်။
"ရှမ်းမြောက်နဲ့ကျတော့ စစ်ကောင်စီနဲ့အတိုင်းအတာတခုအထိ အဖြေကထွက်ခဲ့ပြီးပြီဆိုတော့ KNLA တို့၊ MNDAA တို့ကတော့ သူ့နယ်မြေနဲ့သူဖြစ်သွားပြီပေါ့။ သူတို့အပစ်အခတ်ရပ်စဲတယ်ဆိုပြီးတော့ ဖြစ်လာတဲ့နောက်ပိုင်းမှာ သူ့နယ်မြေကိုသူ စီမံအုပ်ချုပ်ခွင့်ရတဲ့သဘောမျိုး၊ နောက်ပြီးတော့ စီးပွါးရေးလုပ်ပိုင်ခွင့်ရတဲ့သဘောမျိုး၊ ဒါပေမဲ့ ဘယ်လောက်ထိ ခိုင်မာတဲ့လုပ်ထုံးလုပ်နည်းရှိပြီလား၊ ပြဿနာက ဘာမှ ရှေ့ကိုမပေါ်အောင်ဆက်ပြီးတော့ သွားလို့ရပြီလား၊ နောက်တခုက နောက်ပိုင်းမှာ ဘယ်လိုအဆုံးသတ်ကြမလဲ၊ လက်တွေ့အဖြေရှာဖို့ကိစ္စတွေ၊ ဆက်လုပ်ဖို့ ကိစ္စတွေပေါ့။"
အဲ့ဒိတော့ မတ်လတုန်းက ၄ ကြိမ်မြောက် ဆွေးနွေးပွဲမှာ သဘောတူညီမှုမရခဲ့တဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကိစ္စအတွက် အဓိက စိန်ခေါ်ချက်ကိုလည်း စိုင်းထွန်းအောင်လွင်က အခုလို ဆက်ထောက်ပြပါတယ်။
"မူဆယ်နယ်စပ်ကတော့ သူက လမ်းပေါ်မှာ လေးဖွဲ့လောက်ဖြစ်နေတယ်။ လားရှိုးနဲ့မူဆယ်ကြားထဲမှာ KIA လည်း ရှိတယ်။ SSPP ရှိမယ်။ TNLA, MNDAA ဆိုတော့ လေးဖွဲ့လောက်ဖြစ်နေတော့ ဒီ အဖွဲ့တွေအများကြီးကိုကျော်ပြီး ကုန်သွယ်ရေးလုပ်မယ်ဆိုတဲ့ဟာမျိုးကရော ဟို စကစအတွက် လက်တွေ့ကျမကျဆိုတဲ့ဟာမျိုးက ဇာတ်လမ်းတွေရှိနိုင်တယ်ပေါ့ဗျာ။"
ဒါ့အပြင် အခုတခေါက်မှာ စစ်ကောင်စီနဲ့ တရုတ်တို့ဘက်က ပိုအလေးပေးလာနိုင်တဲ့ ရခိုင်စစ်ပွဲကိစ္စကိုလည်း ဦးဖေသန်းက အခုလို ဆက်ရှင်းပြပါတယ်။
"AA ကျတော့ ညီနောင်သုံးဖော်မှာပါတယ်ဆိုပေမဲ့ အဲဒီဘက်မှာ သူနဲ့ပတ်သက်ပြီးတော့ လုပ်ဆောင်စရာကဏ္ဍကမရှိဘူး။ အရင်တုန်းကလည်းပဲ AA ကတော့ ရှမ်းမြောက်ရဲ့သဘောတူညီချက်ဟာ အဓိက-ကတော့ AA ထိန်းချုပ်ထားတဲ့ရခိုင်ပြည်နဲ့မဆိုင်ဘူးပေါ့။ ဆိုတော့ ဒီတခေါက်က AA နဲ့သီးသန့်ခေါင်းစဥ်တခုတော့ ဖြစ်ပေါ်လာနိုင်တာပေါ့နော်။ သူတို့ဘက်ကလည်း ဆန္ဒရှိမှာပေါ့။ AA နဲ့ ရှမ်းမြောက်လို အပစ်အခတ်ရပ်စဲချင်တဲ့ဆန္ဒတော့ ရှိပုံရပါတယ်။ အဲဒီကဏ္ဍကလည်း စစ်ကောင်စီအတွက် တော်တော့်ကို ကြီးကြီးမားမား ခေါင်းခြောက်စရာကောင်းတဲ့ကိစ္စပေါ့။"
ဒီနေရာမှာ တရုတ်ရဲ့ ရခိုင်စစ်ပွဲအပေါ် သက်ရောက်နိုင်မှု အကန့်အသတ်ကိုလည်း စိုင်းထွန်းအောင်လွင်က အခုလို ဆက်ထောက်ပြပါတယ်။
"မြောက်ပိုင်း ၇ ဖွဲ့ထဲမှာ AA နဲ့ KIA ရဲ့ ထူးခြားချက်က တရုတ်ကိုတော့ မှီခိုရတာမှန်တယ်။ ဒါပေမဲ့အလုံးစုံမနာခံလည်း တခြားနယ်စပ်တွေကနေ ဥပမာ စားနပ်ရိက္ခာတို့၊ တခြားအသက်ရှူပေါက်တွေ ရနေတယ်၊ သူတို့လှုပ်ရှားခွင်တွေဘာတွေရနေတယ်ဆိုရင် အတန်ငယ်တော့ သူတို့ နည်းနည်းဆက်သွားလို့ရတဲ့ဟာမျိုးတော့ ရှိကောင်းရှိနိုင်တယ်ပေါ့နော်။
ဒီ ရခိုင်စစ်ပွဲနဲ့ပတ်သက်ပြီး AA ဘက်က စဉ်းစားနိုင်ခြေအပေါ်မှာလည်း ဦးဖေသန်းက အခုလို ဆက်ရှင်းပြပါတယ်။
"ရခိုင်မှာလည်း သည်းသည်းမည်းမည်းတိုက်နေတဲ့အချိန်၊ ဒီလိုအချိန်မှာ ဆွေးနွေးလို့ ရလဒ်ကတော့ သိပ်ပြီးတော့ မြန်မြန်ဆန်ဆန် ပေါ်လာနိုင်စရာအကြောင်းတော့မရှိဘူး။ သဘောလောက်တော့ ဆွေးနွေးကောင်းဆွေးနွေးနိုင်မယ်။ ဒါပေမဲ့ အောက်ခြေမှာ ရခိုင်မှာတော့ တကယ့်ကို မြို့သိမ်းတိုက်ပွဲတွေပေါ့။ မပြတ်သေးဘူး။ UNLA အနေနဲ့ စစ်ရေးရည်မှန်းချက် ပြည့်နိုင်တဲ့အနေအထားမျိုး မရှိသေးဘူး။ တဆက်တစပ်တည်းဧရိယာပေါ့၊ ဘူးသီးတောင်၊ မောင်တောလို၊ စစ်တွေတို့လို အဲဒီမြို့တွေကျမယ်ဆိုရင်တော့ ရခိုင်ပြည်မြောက်ပိုင်းနဲ့အလယ်ပိုင်းကတဆက်တစပ်တည်း ဧရိယာဖြစ်သွားနိုင်တာပေါ့။ အဲဒီအချိန် မြို့မှာ တိုက်ပွဲတွေ ရပ်စဲမယ်ဆိုရင် အတိုင်းအတာတခုခုပြီးမြောက်တယ်လို့ ပြောလို့ရတဲ့အတွက်နဲ့..သူ့ဘက်ကဆွေးနွေးတဲ့အခါမှာ ပိုပြီးတော့ စစ်ကောင်စီကို ဖိဖိစီးစီးဆွေးနွေးနိုင်မှာပေါ့။ အဲလိုအခြေအနေမျိုးအထိတော့ AA ကတော့ စောင့်မယ်ထင်တယ်ဗျ။"
အခုတခေါက်ဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က အရင်ပုံမှန်ဦးဆောင်ဆွေးနွေးသူ NSPNC ငြိမ်းချမ်းရေးဌာန အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနိုင်မပါဘဲ အဖွဲ့ဝင်သစ် စစ်ဥပဒေချုပ် ဒုဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်ဦးဆောင်လာချိန်မှာ ထူးခြားတဲ့ရလဒ်ထွက်ဖို့တော့ ခက်နိုင်တယ်လို့လည်း သုံးသပ်သူတွေက ထောက်ပြနေကြပါတယ် ခင်ဗျာ။
Forum