သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်အတွင်း တရားမဝင်ဘာသာရေးကျောင်းများ ဖျက်သိမ်းမည်


မောင်တောမြို့ဈေး တနေရာ
မောင်တောမြို့ဈေး တနေရာ

ရခိုင်ပြည်နယ် မောင်တော ခရိုင်တွင်းက တရားမဝင် ဆောက်လုပ်ထားတဲ့ ပုဂ္ဂလိကနဲ့ သာသနိက အဆောက်အအုံတွေကို ဖျက်သိမ်းမယ်လို့ ရခိုင် ပြည်နယ် အစိုးရ နယ်လုံဝန်ကြီးက ပြောဆိုထားပါတယ်။ ဖျက်သိမ်းမယ့် အထဲမှာ မူဆလင် ပလီတွေ၊ အစ္စလာမ် ဘာသာရေးဆိုင်ရာ သင်ကြားပေးတဲ့ စာသင်ကျောင်းတွေလည်း ပါဝင်တဲ့ အပေါ် မူဆလင် ဘာသာရေး အဖွဲ့အစည်းတွေက သာသနာရေး ဝန်ကြီးနဲ့ ဆွေးနွေးဖို့ ပြင်ဆင်နေကြပါတယ်။ မောင်တော ခရိုင်တွင်းက တရားမဝင် အဆောက်အအုံတွေ ဖျက်သိမ်းမယ့် ပြည်နယ် အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်တော ခရိုင်တွင်းက တရားမဝင် ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေကို ဖျက်သိမ်းမယ်ဆိုတဲ့ အထဲမှာ အစ္စလာမ် ဘာသာရေးဆိုင်ရာ စာသင်ကျောင်းတွေ၊ ပလီ ဝတ်ပြုကျောင်းတချို့လည်း ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း မောင်တောမြို့နယ်မှာ ပြည်နယ် အစိုးရ အဖွဲ့ဝင်တွေ မောင်တော ခရိုင်တွင်းက တာဝန်ရှိသူတွေ အစည်းအဝေး ပြုလုပ်ခဲ့တာမှာ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ရခိုင် အစိုးရ ပြန်ကြားရေး တာဝန်ရှိသူရုံးက ဝန်ထမ်းတဦးကတော့ ဒီအစီအစဉ်ကို နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ဦးဆောင် လုပ်ကိုင်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဟုတ်ကဲ့ခင်ဗျ အဲဒါကလေ ကျနော်တို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ဦးဆောင်ပြီးတော့လုပ်တာခင်ဗျ။ သူဦးဆောင်တယ်ဆိုပေမယ့်လည်း အစိုးရအဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့လုပ်တာပဲလို့ပြောတာပဲ။”

မူဆလင် အများစု နေထိုင်တဲ့ မောင်တော ခရိုင်တွင်းက ဖျက်သိမ်းမယ့် အဆောက်အအုံတွေထဲမှာ အစ္စလာမ် ဘာသာရေး ဝတ်ပြုကျောင်း ပလီတွေ၊ ဘာသာရေးဆိုင်ရာ သင်ကြားတဲ့ စာသင်ကျောင်းတွေကို ဖျက်သိမ်းမယ့် ကိစ္စကို ပြည်ထောင်စု သာသနာရေး ဝန်ကြီးနဲ့ တွေ့ဆုံ တင်ပြနိုင်ဖို့ မူဆလင် အဖွဲ့အစည်းတွေက ပြင်ဆင်နေကြပါတယ်။ အစ္စလာမ် ဓမ္မဗိမာန်ရဲ့ ဦးဆောင် ဆော်သြရေးမှူး ဆရာ ဦးအေးလွင်က အခုလို ပြောပါတယ်။

“အခုတော့ ဒီသာသနာရေးဝန်ကြီးနဲ့ တွေ့ဖို့ဘာဖို့တွေကတော့ ဘာသာရေးအဖွဲ့အစည်းတွေက ကြိုးစားနေကြတယ်လေ။ အဲဒီတော့ ဒီဟာက ဥပဒေအရကတော့ ကျနော်တို့ ဒီဘာသာကိုလွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားတယ်ဆိုရင် ကိုးကွယ်ဖို့နေရာကတော့ လိုအပ်တာပေါ့ဗျာ။ အဲဒီတော့ မရှိတဲ့နေရာတွေမှာလည်းဆောက်ရမယ် ရှိပြီးသားနေရာလေး ဟောင်းသွားရင်လည်း ပြန်လည်ပြုပြင်မွမ်းမံရမှာပေါ့နော် အဲဒီတော့ အဲဒါလေးတွေကတော့ လမ်းကြောင်းလေးတွေကတော့ ဖွင့်ပေးဖို့တော့လိုအပ်ပြီလို့ကျနော်ထင်တယ် အခုလောလောဆယ်တော့ မရသေးပါဘူး။ အခုရခိုင်ကိစ္စကတော့ အပြင်ဘက်မှာရှိနေတဲ့ ဘာသာရေးအဖွဲ့တွေကတော့ ဘာဆက်လုပ်မယ်ဆိုတာမသိသေးဘူးလေ သတင်းကလည်း မနေ့ညကမှ ကြားရတာကို ဒါပေမယ့် သူတို့အထွေထွေကိစ္စအတွက် သာသနာရေးဝန်ကြီးနဲ့တွေ့ဖို့ တွေ့ခွင့်တောင်းထားတဲ့အကြောင်းလေး ကျနော်တို့တွေ့ရပါတယ်။ နောက်ထပ်အဲဒီလိုတွေ့တဲ့အချိန်မှာ သူတို့အဲဒီအချက်လေးတွေကို တင်ပြမှာဖြစ်ပါတယ်။”

ရခိုင်ပြည်နယ် အစိုးရဘက်က မောင်တော ခရိုင်တွင်းက တရားမဝင် အဆောက်အအုံတွေ ဖျက်သိမ်းဖို့ စဉ်းစား ပြောဆိုနေပေမယ့် လက်တွေ့ ဆောင်ရွက်ဖို့ ညွှန်ကြားချက်တွေတော့ မရှိသေးဘူးလို့ မောင်တော ခရိုင်ရဲမှူး ဦးအောင်စောက ပြောပါတယ်။

“ကျနော်တို့ကိုတော့ အဲဒီလိုဖျက်မိန့်တို့တော့မကြားဘူးခင်ဗျ။ ညွှန်ကြားချက်တွေလည်းမရောက်သေးဘူး။ ဖျက်ပါ ဘာညာဆိုတဲ့အမိန့်တွေလည်းမထုတ်သေးဘူး ၊ ရောက်လည်းမရောက်သေးဘူး။ ကျနော်တို့ဆီကိုတော့ အဲဒီလို ဘာမှ ညွန်ကြားချက်တော့မရှိဘူး။ သူတို့ဟိုတနေ့က တွေ့ဆုံသွားတာတော့ သိလိုက်တယ် နယ်လုံဝန်ကြီးလာသွားတာလေ မူဆလင်ရပ်မိရပ်ဖတွေနဲ့တော့ တွေ့သွားတာတော့တွေ့လိုက်တယ်။ ကျန်တဲ့ ဟာကတော့ ဘာမှမသိရသေးဘူး။”

မြန်မာနိုင်ငံတွင်းမှာ ၁၉၆၂ ခုနှစ် နောက်ပိုင်းကတည်းက မူဆလင်တို့ အတွက် ဝတ်ပြုကျောင်း ပလီတွေ၊ နောက် Madrassa လို့ ခေါ်ကြတဲ့ အစ္စလာမ် ဘာသာရေးဆိုင်ရာ ကျင့်ထုံးကျင့်ဝတ်တွေ ကျမ်းစာတွေ သင်ကြားပေးတဲ့ အာရဗီစာသင်ကျောင်းတွေကို တရားဝင် ဆောက်လုပ်ခွင့် မပေးခဲ့ဘူးလို့ အစ္စလာမ် ဓမ္မဗိမာန်ရဲ့ ဦးဆောင် ဆော်သြရေးမှူး ဆရာ ဦးအေးလွင်က ပြောပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခွင့်ရဖို့ အတွက် သာသနာရေး ဝန်ကြီးနဲ့ တွေ့ဆုံခွင့်ရဖို့ စီစဉ်နေတာလို့လည်း ဦးအေးလွင်က ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG