သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုသမ္မတဦးဝင်းမြင့် သမ္မတအရည်အချင်း ပြည့်မှီကြောင်း ပြည်ထောင်စုလွှတ်တော် ကြေညာ


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်းဖြစ်သူ အရွေးချယ်ခံ ဒုသမ္မတဦးဝင်းမြင့် ဟာ သမ္မတအရည်အချင်းနဲ့ ကိုက်ညီကြောင်း အရည်အချင်းစိစစ်ရေးအဖွဲ့က ဆုံးဖြတ်လိုက်တယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက က ဒီကနေ့ကြေညာ လိုက်ပါတယ်။ နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲကိုတော့ မတ်လ ၂၈ ရက်နေ့မှာ ကျင်းပမှာဖြစ်တယ်လိုလည်း ပြည်ထောင်စုလွှတ်တော်က ကြေညာလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုထက်အောင်ခန့်က တင်ပြထားပါတယ်။

“စိစစ်တွေ့ရှိမှုများအရ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ်တင်မြှောက်ထားတဲ့ ဦးဝင်းမြင့် တာမွေမဲဆန္ဒနယ်သည် နိုင်ငံတော်သမ္မတ အရည်အချင်းတွေနဲ့ ပြည့်စုံမှုရှိကြောင်းအတည်ပြုကြေညာပါတယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲကို ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်နေ့ ဗုဒ္ဓ ဟူးနေ့ နံနက် ၁၀ နာရီမှာ ကျင်းပမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတ များ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာနည်းဥပဒေ ၃၄ နှင့်အညီ ကြေညာပါတယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၃၊ ပုဒ်မခွဲ (ဃ)အရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးပါဝင်တဲ့ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က ဦးဝင်းမြင့်အပါအဝင် ကျန် ဒုသမ္မတတွေဖြစ်တဲ့ ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူတို့ ၃ယောက် အနက်ကနေ နိုင်ငံတော် သမ္မတတဦးကို ပြန်လည် တင်မြှောက်မှာ ဖြစ်ပါတယ်။

သမ္မတအပြောင်းအလဲအပြီးမှာအစိုးရအဖွဲ့အပြောင်းအလဲကိုပါဆက်လက်လုပ်သွားဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေလျက်ရှိပြီးဒါနဲ့ပတ်သတ်လို့ NLD ပါတီသတင်းနဲ့ ပြန်ကြားရေးကပါတီဗဟိုကော်မတီဝင် မုံရွာအောင်ရှင်ကိုမေးမြန်းတာ မှာသူက အတည်ပြုပေးနိုင်တာမရှိဘဲသတင်းတွေထွက်ပေါ်နေတဲ့အပေါ် ကို ပြန်လည် တုံ့ပြန်ပြောဆို ခြင်းမလုပ်လိုဘူးလို့ ပြောဆိုလိုက်တာပါ။ ဦးဝင်းမြင့်သာ သမ္မတအနေနဲ့ ရွေးချယ်ခံရမယ် ဆိုရင် မြန်မာနိုင်ငံရေးမှာ ပိုမိုတွန်းအားတွေ ရှိလာနိုင်တယ်လို့လည်း သူကဆိုပါသေးတယ်။

“ဘယ်သူမှ မပြောနိုင်သေးပါဘူး။ သေချာတာကတော့ ဦးဝင်းမြင့်က ဥပဒေပညာရှင်ဖြစ်တယ်။ နောက်တခုက ပြည်သူ့လွှတ်တော်တုန်းကလည်း သူက အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင်ကိစ္စတွေ နောက်ပြီးတော့ လယ်ယာမြေကိစ္စတွေ တော်တော်လေး တက်တက်ကြွကြွ ထိန်းထိန်းသိမ်းသိမ်းပြော တဲ့လူလေ၊ တကယ်လို့ သူ သမ္မတဖြစ်ရင်တော့ ဒီကိစ္စတွေမှာတော့ ထိထိရောက်ရောက်လုပ်မယ်လို့ ထင်ပါတယ်။”

သမ္မတသစ်အဖြစ် လွှတ်တော်နိုင်ငံရေးမှာအတွေ့အကြုံများတဲ့ ဒုသမ္မတသစ် ဦးဝင်းမြင့်ရွေးချယ်ခံရမယ် ဆိုရင် အစိုးရအပေါ် ထိန်းချုပ်နိုင်မှုအားနဲ့ မြန်မာ့နိုင်ငံရေး အပေါ် သက်ရောက်မှုများစွာရှိနိုင်တယ်လို့ မြန်မာ့နိုင်ငံရေး အကဲခတ်သူတွေက သုံးသပ်နေတာတွေရှိပါတယ်။ တပ်ပိုင်းဆိုင်ရာနဲ့ NLD အစိုးရပိုင်းအားပြိုင်မှုမှာလက်ရှိ NLD အစိုးရကခန့်လိုက်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌသစ်ကြောင့် တပ်ပိုင်းဆိုင်ရာနဲ့ NLD ပါတီဆက်ဆံရေးကပြောင်းလဲမှုတွေရှိလာနိုင်တယ်လို့ သုံးသပ်လာသူကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူသင့်ဘဝဦးတင်မောင်သန်း ပါ။

“ ပြည်သူ့လွှတ်တော် ဥက္ကဌဟာ ကာလုံရဲ့ အဖွဲ့ဝင်တယောက်လည်းဖြစ်တယ်။ တပြိုင်ထဲမှာပဲ ဦးတီခွန်မြတ် က ဦးရွှေမန်းရဲ့လူလို့ သတင်းမီဒီယာတွေမှာ ရေးကြသားကြ ပြောကြဆိုကြတာတွေကို ကြားရတယ်။ ကာလုံရဲ့ အဖွဲ့ဝင်တယောက်အဖြစ်နဲ့ ဦးရွှေမန်းရဲ့ လူတယောက်ကို ခန့်တာရော တပ်မတော်က ဘယ်လို ထင်မြင်သဘောထား မလဲဆိုတာ စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတခုဖြစ်တယ်ပေါ့နော်။ အစိုးရသစ် တက်လာတဲ့နောက်ပိုင်းမှာ ကာလုံအစည်းအဝေး ကို တခါမှ မခေါ်ခဲ့ဘူးပေါ့နော်။ နောင်မှာလည်း ဆက်ပြီး မခေါ်ဘူးဆိုတော့ ဦးတီခွန်မြတ် ပါဝင်လာတဲ့အတွက်ကြောင့် တပ်မတော်က သိပ်ပြီးတော့ ဆက်ဆံရေး အပေါ်မှာ တက်ရောက်လိမ့်မယ်လို့ ယူဆလို့ မရဘူးပေါ့နော်။ တကယ်လို့ တပ်မတော်ရဲ့ ကာလုံအစည်းအဝေးတွေမှာ ဖြစ်လာရင်တော့ ဦးတီခွန်မြတ်က ဦးဝင်းမြင့်ထက် အရပ်ဘက် စစ်ဘက် ဆက်ဆံရေး မှာ သက်ရောက်မှုရှိနိုင်မယ်လို့ ထင်တယ်။”

ရှေ့သီတင်းပတ်ထဲ ပြည်ထောင်စုလွှတ်တော်မှာလက်ရှိဒုသမ္မတနှစ်ဦးဖြစ်တဲ့ ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူနဲ့ ဒီနေ့ ရွေးချယ်လိုက်တဲ့ဒုသမ္မတသစ် ဦးဝင်းမြင့်- ဒီဒုသမ္မတသုံးဦးအနက်တဦးကိုလွှတ်တော်ကိုယ်စားလှယ်တွေကမဲပေးရွေးချယ်တော့မှာဖြစ်ပြီး-အနိုင်ရပါတီ NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ်အများစုရှိတဲ့ ပြည်ထောင်စုလွှတ်တော်မှာတော့ သမ္မတသစ်အဖြစ် ဒုသမ္မတသစ် ဦးဝင်းမြင့်ရွေးချယ်ခံရနိုင်ခြေရှိတယ်လို့ သတင်းတွေထွက်ပေါ်နေသလိုသင်္ကြန် ပိတ်ရက်မတိုင်ခင်မှာအစိုးရပိုင်းအပြောင်းအလဲတွေ လုပ်ဖို့ရှိနေတယ်လို့လည်းသတင်းတွေထွက်နေတာပါ။ ဒီအပေါ်မှာသင့်ဘဝဦးတင်မောင်သန်းကတော့

"အပြောင်းအလဲလို့ ပြောတဲ့အခါမှာ လူတွေကို ပြောင်းလဲတာတခုတည်းလို့ အဓိပ္ပါယ်မထွက်ဘူးလေ စနစ်တွေကို ပြောင်းလဲခြင်းကိစ္စတွေ အဲဒီတော့ ဆရာဦးဝင်းမြင့်လို့လူတယောက်ကို သမ္မတအဖြစ်နဲ့ ရွေးကောက်တင်မြှောက်လိုက်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်လုပ်ငန်းတွေ အထူးသဖြင့် အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စ ၊ နိုင်ငံခြားရေးကိစ္စတွေအပါအဝင် အဲဒါတွေက လွဲပြီး အခြားသောကိစ္စတွေမှာ အပြောင်းအလဲတွေကို ဆောင်ရွက်ဖို့အတွက်တော့ ဦးဝင်းမြင့်ကို ရည်မှန်းပုံရတယ်လို့ ကျနော်ထင်တယ်။ အဲဒီလို မဟုတ်ပဲ တစုံတရာသော အပြောင်းအလဲတခုကို ဆောင်ရွက်ဖို့အတွက် ဦးဝင်းမြင့်ကို တင်လိုက်တယ်လို့ ကျနော်အဓိပ္ပါယ်ကောက်တယ်။ ဒါကတော့ အထူးသဖြင့် စနစ်တွေကို ပြုပြင်ပြောင်းလဲတာနဲ့ ဆိုင်လိမ့်မယ်လို့ ထင်တယ်။'

နိုင်ငံတော်သမ္မတရွေးချယ် တင်မြှောက်ပွဲကိုတော့ မတ်လ ၂၈ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်မှာရွေးချယ်ပြီးမတ် ၂၉ ရက်မှာတော့ ရွေးချယ်ခံနိုင်ငံတော်သမ္မတသစ်ကကျမ်းသစ္စာကျိန်ဆိုကာ ပြည်သူတွေကိုပထမဆုံးမိန့်ခွန်းပြောမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG