ရုရှား ကြေးစားတပ်ခေါင်းဆောင် သေဆုံးအပြီး၊ တပ်သားတွေအနေနဲ့ နိုင်ငံအပေါ် သစ္စာရှိကြောင်း ဝန်ခံချက်ထိုးဖို့ သမ္မတ Vladimir Putin က အမိန့်ထုတ်လိုက်ပါတယ်။
Wagner ကြေးစားတပ်ခေါင်းဆောင် Yevgeny Prigozhin သေဆုံးမှုဟာ အနောက်နိုင်ငံတွေ ခန့်မှန်းသလို ရုရှားသမ္မတ Vladimir Putin လက်ချက် မဟုတ်ဘူးလို့ ထုတ်ပြန်အပြီးမှာပဲ၊ ဝန်ခံချက်အမိန့်ကို သမ္မတကိုယ်တိုင် မနေ့က လက်မှတ်ထိုး ထုတ်ပြန်လိုက်တာပါ။
ကြေးစားတပ်ခေါင်းဆောင် Prigozhin ဗုဒ္ဓဟူးနေ့က လေယာဉ်ပျက်ကျမှုထဲ သေဆုံးခဲ့တာဟာ ရုရှားသမ္မတ လက်ချက်လို့ ခန့်မှန်းတာဟာ လုံးဝလိမ်ညာမှုကြီးသာ ဖြစ်တယ်လို့ ရုရှား သမ္မတရုံးက မနေ့ကပဲ ထုတ်ပြန်ခဲ့ပါတယ်။
အခုအချိန်ထိတော့ ရုရှားသမ္မတရုံးအနေနဲ့ ဒီကြေးစားတပ်ခေါင်းဆောင် Prigozhin သေဆုံးခဲ့မှုအသေးစိတ် အတိအကျ အတည်ပြုပေးဖို့ ငြင်းဆန်ထားပြီး၊ ဆေးဝါးစမ်းသပ်မှု ရလဒ်တွေကို စောင့်ဖို့လိုနေသေးတယ်လို့သာ ထုတ်ပြန်ထားပါတယ်။
ရုရှားလေကြောင်းဌာနကတော့ မော်စကိုမြို့ အနောက်မြောက်ဖက်မှာ ဗုဒ္ဓဟူးညနေက ပျက်ကျပြီး လိုက်ပါသူအားလုံးသေဆုံးသွားတဲ့ ပုဂ္ဂလိကဂျက်လေယာဉ်ထဲ Prigozhin ပါသွားခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
သမ္မတပူတင် ကိုယ်တိုင်ကလည်း၊ လေယာဉ်ပျက်ကျ သေဆုံးခဲ့သူ ၁၀ ဦးရဲ့ မိသားစုတွေကို ဝမ်းနည်းစကားပါးရာမှာ ကနဦး သတင်းတွေအရ Prigozhin နဲ့ သူ့ Wagner တပ်ဖွဲ့ ထိပ်ပိုင်းအရာရှိတွေ အားလုံး သေဆုံးခဲ့တဲ့သဘော ပြောခဲ့ပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့ ၂ လက ရုရှားစစ်တပ်ကို ပြန်ပုန်ကန်ခဲ့တဲ့ ကြေးစားတပ်ခေါင်းဆောင် Prigozhin ဟာ ကြီးကြီးမားမားအမှားကြီး ကျုးလွန်ခဲ့တယ်လို့လည်း ထည့်ပြောခဲ့ပါသေးတယ်။
အမေရိကန် ထောက်လှမ်းရေးဌာနရဲ့ ကနဦးဆန်းစစ်ချက်အရတော့ ပျက်ကျသွားတဲ့ ဒီလေယာဉ်မှာ ပေါက်ကွဲမှုဖြစ်အောင် တမင် လုပ်ဆောင်ခဲ့တာလို့ အမည်မဖော်လိုတဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံ အရာရှိတွေက ထုတ်ပြောထားပါတယ်။
ဒီအတောအတွင်း ရုရှားထိန်းချုပ်ထားတဲ့ ယူကရိန်းအရှေ့ပိုင်းဒေသမှာ အင်အားဖြည့် တိုက်ခိုက်ဖျက်ဆီးလာနေတဲ့ ယူကရိန်းတပ်တွေကို ထိုးစစ်ပြန်ဆင်ဖို့ အသင့်ဖြစ်နေပြီလို့ ယူကရိန်း စစ်မြေပြင်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Oleksandr Syrskyi က မနေ့ကပဲ ပြောခဲ့ပါတယ်။