သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဦးသိန်းစိန် ဗွီအိုအေမြန်မာပိုင်းနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်း


ဗွီအိုအေ မြန်မာဌာနမှူး ဦးသန်းလွင်ထွန်းက သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်မှာ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
ဗွီအိုအေ မြန်မာဌာနမှူး ဦးသန်းလွင်ထွန်းက သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်မှာ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ပြစ်မှုတခုကို အခြေခံပြီး ဖြစ်ပွား ခဲ့တဲ့ ပြည်တွင်းရေး ကိစ္စသာ ဖြစ်တယ်၊ နိုင်ငံတကာ စုံစမ်း ဖြေရှင်းစရာမလိုဘဲ ပြည်တွင်းမှာ လူ့ အခွင့်အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်တွေ ထွန်းကားအောင် ဆောင်ရွက်ပြီး ဒေသခံတွေရဲ့ အသိပညာ မြင့်မားရေးတို့ကို ဆောင်ရွက်ရင်းနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်တယ်လို့ သမ္မတ ဦးသိန်းစိန် က ဆိုပါတယ်။ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်း မြန်မာနိုင်ငံကို ရောက်ရှိနေချိန်မှာ သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်မှာ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ မေးမြန်းချက် အပိုင်းကို နားဆင်နိုင်ပါတယ်။

မေး။ ။ အခု ဒီရက်ပိုင်းတွေအတွင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာကနေ မီးမောင်းထိုး ပြီးတော့ ပြောပြလာတဲ့ အရေးကြီး ကိစ္စတစ်ခုအနေနဲ့ ပြောလာတဲ့ကိစ္စတစ်ခုရှိပါတယ်။ အထူးသဖြင့် ရခိုင်ပြည်က ရိုဟင်ဂျာ ကိစ္စပါ။ အခုဆိုလို့ရှိရင် မကြာခင်မှာ လူ့အခွင့်အရေး ကော်မရှင် အစည်းအဝေးပွဲတွေ လုပ်တော့မယ်။ နောက် ကုလသမဂ္ဂ အစည်းအဝေးပွဲတွေ လုပ်မယ်။ နောက် နိုင်ငံတကာ အစ္စလာမ်မစ် ကောင်စီ အစည်းအဝေးပွဲတွေ လုပ်တော့မယ် ဆိုတဲ့နေရာမှာ မြန်မာနိုင်ငံ အနောက် ဘက်ခြမ်းမှာ ရှိနေတဲ့ ရိုဟင်ဂျာလို့ ခေါ်ကြတဲ့ ဒီ မူဆလင်တွေပေါ့နော်။ သူတို့ကို ဗမာနိုင်ငံက အများစုက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး စွပ်စွဲမှုတွေ ကျနော်တို့ ကြားရပါတယ်။

အဲဒီအတွက်ကြောင့် မကြာသေးခင်ကပဲ ဒီလူနည်းစုတွေကို ကူညီဖို့ ဆိုပြီးတော့ ဆော်ဒီ အာရေ ဗီးယား နိုင်ငံက ဒေါ်လာ သန်းငါးဆယ် လှူတာတို့၊ မကြာသေးခင်ကပဲ တူရကီနိုင်ငံခြားရေးဝန်ကြီးက လာပြီး တော့ အကူအညီတွေ ပေးသွားတာတွေ ရှိနေတယ် ဆိုတော့ မြန်မာနိုင်ငံရဲ့ သမ္မတကြီး ဦးဆောင် နေတဲ့ တိုးတက် ပြောင်းလဲမှုတွေရဲ့ အကောင်းသတင်းတွေကြားထဲမှာ ဒီကိစ္စဟာ နိုင်ငံ တကာက နေပြီးတော့၊ လူအခွင့်အရေးဆိုပြီး ထောက်ပြပြီးတော့ ဒါဟာ လူမျိုးရေး၊ ဘာသာရေး ဖိနှိပ်မှုတွေ ရှိနေတယ်ဆိုပြီး ထောက်ပြမှုတွေ ကြားနေရပါတယ်။ အဲ့တော့ အဲ့ဒီ့ ကိစ္စနဲ့ ပတ်သက်လို့ သမ္မတကြီးရဲ့ အမြင်ကို ကျနော်တို့ ရှင်းရှင်းလင်းလင်း သိချင်ပါတယ်။

ဖြေ။ ။ ဒီဟာတော့ ကျနော်တို့ ဒီမိုကရေစီ လမ်းကြောင်းကို ချီတက်နေတဲ့နေရာမှာ မမျှော်လင့် ဘဲနဲ့ တွေ့ကြုံလာတဲ့ အခက်အခဲ တစ်ခုပါ။ ဒီလိုပဲ ချဲလင့် (challenge) တွေကတော့ ရှိနေမှာပါပဲ။

ဒီရခိုင်မှာ ဖြစ်ပျက်တဲ့ကိစ္စကလည်း တကယ်တော့ ဒီလူတစ်စုကနေပြီးတော့ ရက်စက်ကြမ်းတမ်းတဲ့ ရာဇဝတ်မှု တစ်ခုကို ကျူးလွန်လိုက်တဲ့အတွက်ကြောင့် ဒီအပေါ်မှာ မခံမရပ်နိုင်ဖြစ်ပြီးတော့ ဟိုဘက် အုပ်စုနဲ့ ဒီဘက်အုပ်စုနဲ့ ဖြစ်ကြပြုကြရင်းနဲ့ နောက်ဆုံးတော့ အုပ်စုကြီးက သိပ်ပြီးတော့ ကြီးထွားလာ တယ်။ ကြီးထွားလာပြီးတော့ အချင်းချင်း သတ်တဲ့ဖြတ်တဲ့အဆင့် ရောက်လာတယ်။

နောက်တစ်ခါ ဆိုးတာက ခုနကလို တစ်ဘက်နဲ့တစ်ဘက် မီးရှို့ကြတယ်။ ဒီဘက်ကလည်း မီးရှို့၊ သူတို့ဘက်ကလည်း မီးရှို့၊ တစ်ခါဆိုရင် ကိုယ်အိမ်ကိုယ် မီးရှို့ပြီးတော့ ထွက်ပြေးပေမယ့် ဒီမီးကနေ ကူးစက်ပြီးတော့ လောင် တာတွေ ရှိတယ်။ ဖြစ်စဉ်ကတော့ ခုနကလို ဒီရာဇဝတ်မှုတစ်ခုပေါ်မှာ အကြောင်းပြုပြီးတော့ မခံမရပ်နိုင်တဲ့အတွက်ကြောင့် လူအုပ်စုအထိ ကူးစက်သွားပြီးတော့ ဒီလိုဖြစ်ကြ ပြုကြတာပါ။ တကယ်တော့လည်း အဲ့ဒီ့မှာ နေနေကြတဲ့သူတွေက နှစ်ပေါင်းကြာခဲ့ပါပြီ။ ဒီလို ဖြစ်ပျက်ခဲ့တာလည်း သိပ်ပြီးတော့ မတွေ့ရပါဘူး။ ကျနော်တို့ သက်တမ်းတစ်လျှောက်ပေါ့လေ မတွေ့ခဲ့ရပါဘူး။

ကျနော် ပြောချင်တာက ဒီလိုဖြစ်ပျက်မှုတွေဟာ ဘာသာရေးကြောင့် ဖြစ်တာလည်း မဟုတ်ဘူး။ လူမျိုးရေးကြောင့် ဖြစ်တာလည်း မဟုတ်ဘူး။ သို့သော်လည်း အခန့်မသင့်တဲ့၊ ရက်စက်ကြမ်းတမ်းတဲ့ ရာဇဝတ်မှုပေါ်မှာ ခုနကလို မခံမရပ်နိုင်တွေ ဖြစ်ပြီးတော့ တစ်ဘက်နဲ့တစ်ဘက် ဒီလိုအကြမ်းဖက်တဲ့ လုပ်ရပ်တွေနဲ့ ဒီလိုဖြစ်တာပါ။ အမှန်တော့ သေဆုံးတာတွေ၊ ဒဏ်ရာရတာတွေက တကယ့် တကယ် ကျတော့လည်း တခြား နိုင်ငံတွေမှာ ဖြစ်နေတာတွေနဲ့ စာရင် ပမာဏအားဖြင့် အင်မတန်မှ နည်းပါတယ်။ သေဆုံးတာ ဆိုရင်လည်း ရာဂဏန်းတောင် မရှိပါဘူး။ နောက်တစ်ခါ ထိခိုက်ဒဏ်ရာ ရတာ ဆိုတာလည်း (၁၀၀) ပတ်ဝန်းကျင်လောက်ပဲ ရှိတယ်။

သို့သော်လည်း အိမ်တွေကို တစ်ဘက်နဲ့ တစ်ဘက် မီးရှို့ကြတဲ့အတွက်ကြောင့် အိမ်ပေါင်း (၅,၀၀၀) မီးလောင်သွားတယ်။ ငါးထောင်နီးပါးလောက် မီးလောင်တဲ့အတွက်ကြောင့် ဒီအိမ်တွေ မှာ နေနေကြ တဲ့ ဒီဘက်ကလည်း ရခိုင်တိုင်းရင်းသားတွေပေါ့၊ ဟိုဘက်ကလည်း ဘင်္ဂါလီတွေ ဆိုကြပါစို့လေ။ အိုးမဲ့ အိမ်မဲ့တွေ ဖြစ်သွားကြတယ်။ အိုးမဲ့အိမ်မဲ့တွေက ဘယ်လောက်တောင် ရှိလဲဆိုတော့ ဒီကနေ့ (၆၀,၀၀၀) လောက်ရှိတယ်။ ခြောက်သောင်းလောက်ရှိတဲ့အတွက်-ကျနော်တို့က အခု နှစ်ဘက်ပေါ့ တစ်ဘက်ကလည်း ရခိုင်တိုင်းရင်းသား ဒုက္ခသည်၊ ဟိုဘက်ကလည်း ဘင်္ဂါလီ ဒုက္ခသည်တွေ အခုဆိုရင် စခန်း (၅၃) ခု ဖွင့်ပြီးတော့မှ ကူညီတဲ့လုပ်ငန်းတွေ၊ ကယ်ဆယ်တဲ့လုပ်ငန်းတွေ၊ နောက် တခါ ပြန်လည် ထူထောင်တဲ့လုပ်ငန်းတွေ… ဒီလုပ်ငန်းတွေကို ကျနော်တို့က ဒီမြန်မာနိုင်ငံမှာ ရှိနေတဲ့ UN အေဂျင်စီက အဖွဲ့တွေ ရှိပါတယ်။ သူတို့နဲ့လည်း ကျနော်တို့ပေါင်းပြီး လုပ်နေတာတွေ ရှိပါတယ်။

နောက်တစ်ခါ NGO တွေ၊ INGO တွေ ဒီအဖွဲ့တွေနဲ့ ကျနော်တို့ ပေါင်းပြီးတော့မှ-
(၁) အချက်က စားဖို့အတွက်- ဒါတွေကို အားသွန်ခွန်စိုက် လုပ်ပေးနေပါတယ်။
(၂) အချက်ကတော့ ယာယီနေနိုင်ဖို့အတွက် ယာယီနေနိုင်ဖို့ ဆိုတာလည်း တဲထိုးပေးရတာပဲ။ တဲတွေ ဘာတွေကလည်း ကျနော်တို့မှာ လုံလုံလောက်လောက်မရှိတော့ ဒီ UN အဖွဲ့အစည်းတွေက ကူညီ တာတို့၊ ဘာတို့ - ဒါတွေလည်း ကျနော်တို့ အများကြီး အကျိုးရှိခဲ့ပါတယ်။

ဒီဒေသဟာ မိုးသိပ်များတဲ့ဒေသတွေ ဖြစ်တယ်။ မိုးသိပ်များတဲ့ ဒေသဖြစ်တဲ့အတွက်ကြောင့် လုံလုံခြုံခြုံနဲ့ နေနိုင်ဖို့အတွက် ဒီShelters တွေ လိုအပ်လာပါတယ်။ ဒါကြောင့် အခုဆိုရင် သူတု့ိတွေ နေဖို့ပြုဖို့အတွက် ဒါတွေဆောက်ပေး၊ ဘာပေးနဲ့ နှစ်ဘက်စလုံးကို ကျနော်တို့ လုပ်ပေးနေပါတယ်။

လူမျိုးရေးအရ ကျနော်တို့ ဖိနှိပ်တာတွေလည်း မဟုတ်ပါဘူး။ ဒီကနေ့ သူတို့ စွပ်စွဲနေသလို လူမျိုးတုန်း သတ်ဖြတ်တာတို့-ဘာတို့ ဒါတွေနဲ့ပတ်သတ်ပြီးတော့ ကျနော်တို့ကြားရတော့ တော်တော်လေး စိတ် မကောင်း ဖြစ်ပါတယ်။

အင်တာနက်တွေထဲမှာလည်း ကျနော်တို့ပုံတွေ တွေ့ပါတယ်။ အလောင်းတွေဆိုရင် တစ်ပုံတစ်ပင်ကြီး။ ဒါတွေဟာ တစ်ခြားနိုင်ငံမှာ ဖြစ်ပျက်တဲ့ဟာတွေကို သက်သက် လုပ်ကြံပြီးတော့၊ ချဲ့ကားပြီးတော့ လုပ်တာတွေ ဖြစ်ပါတယ်။ ဒါ ဒီမှာဖြစ်တဲ့ အဖြစ်အပျက်တွေ မဟုတ်ပါဘူး။

အဲတော့ တစ်ဘက် ကလည်း မူဆလင်နိုင်ငံက အကြီးအကဲတွေပေါ့၊ ဟိုတလောကဆိုရင် တူရကီ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး လာပါတယ်။ နောက်တစ်ခါ ဝန်ကြီးချုပ်ရဲ့အမျိုးသမီးလည်း ပါလာတယ်။ အင်အားကလည်း လေး-ငါး-ခြောက်ဆယ်၊ ခုနှစ်ဆယ်လောက် ရှိပါတယ်။ ဒီမှာ ကျနော်နဲ့လည်း တေ့ွတယ်။ ကျနော်ကလည်း ဒီ ကိစ္စတွေကို ရှင်းပြီးတော့ ပြတယ်။ ပြပြီးတော့ On Ground ကိုလည်း သူတို့ကြည့်ချင်တဲ့အတွက် ပို့ပေးပါတယ်။ ပို့ပေးပြီးတော့ သူတို့ကိုယ်တိုင် သွားပြီးတော့ ကူညီ ကယ်ဆယ်တဲ့ပစ္စည်းတွေ- ဒါတွေလည်း နှစ်ဘက် မျှမျှတတပါပဲ။

တစ်ဘက်ကလည်း ခုနလို ဘင်္ဂါလီ ဒုက္ခသည်တွေကို သွားပြီး တွေ့သလို တစ်ဘက်လည်း ရခိုင် ဒုက္ခသည်တွေကို သူတို့တွေ့တယ်။ ပြီးတော့ ဟိုဘက်က မူဆလင်ဘာသာ ကိုးကွယ်တဲ့သူတွေ၊ ဒီဘက်က ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ သူတွေ၊ သွားတဲ့လူကိုယ်တိုင်က မူဆလင် ဘာသာဝင် ဖြစ်ပေ မယ့်လည်း ဗုဒ္ဓဘာသာ ဘုန်းကြီးတွေနဲ့ လေးလေးစားစား တွေ့တာပြုတာတို့၊ ဒါမျိုးတွေ တေ့ွပေး တာတို့ ကျနော်တို့ ရှိပါတယ်။

နောက်တစ်ခုက ကျနော်တို့ ဒီရက်ပိုင်းအတွင်းမှာပါပဲ အင်ဒိုနီးရှားကနေပြီးတော့ အင်ဒိုနီးရှား ကြက်ခြေနီအသင်းနဲ့ လခြမ်းနီအသင်းဥက္ကဋ္ဌ မစ္စတာကာလာ ဆိုတာ ဟိုတုန်းက ဒု သမ္မတပါပဲ။ ဟိုတုန်းကတည်းက ဒုသမ္မတကတည်းက ကျနော် အင်ဒိုနီးရှား သွားလည်ပတ်ရင်းနဲ့ Call တွေ ဘာတွေ တွေ့ဖူးတော့ ကျနော်နဲ့ ရင်းနှီးနေပါတယ်။ သူလာတဲ့အတွက်ကြောင့် ကျနော် ဝမ်းသာသွား တယ်။ ဒါကြောင့်မို့လု့ိ သူ့လည်း ရှင်းပြတယ်။ သူသွားချင်တယ်ဆိုလို့လည်း မိုးထဲလေထဲမှာ ကျနော် လွှတ်ပေးလိုက်တယ်။ လွှတ်ပေးလိုက်တော့ သူတို့လည်း အကူအညီတွေ ဘာတွေ ဆက်ပြုပြီးတော့ ပေးဖို့အတွက်- ဒီလိုတွေ ကျနော်တို့ လုပ်နေပါတယ်။ ဒါတွေဟာ ခုနကလို တဘက်က လုပ်ကြံစွပ်စွဲ နေတာတွေ မဟုတ်ဘူးဆိုတာကို သက်သေ သာဓကနဲ့ ပွင့်လင်းမြင်သာအောင်ပေ့ါလေ လုပ်နေတာတွေရှိပါတယ်။

မေး။ ။ သူတို့ တောင်းဆိုနေတဲ့ သီးခြား လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင် ဖွဲ့ပေးဖို့ စုံစမ်းမှုတွေ လုပ်ပေးဖို့ ဆိုတာရော ဖြစ်လာနိုင်မလား ခင်ဗျာ။

ဖြေ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နောက်ဆက်ပြီးတော့ ပြောရမယ်ဆိုရင် ကျနော်တို့ ဒီမှာ Press Conferenceလေး တစ်ခုလည်း လုပ်ပါတယ်။ ရန်ကုန်မှာရှိနေတဲ့ နိုင်ငံခြားသံတမန်တွေ ဒါတွေ ကျနော်တို့ အကုန်ဖိတ်ပါတယ်။ ကုလသမဂ္ဂ အေဂျင်စီတွေ၊ NGO တွေ၊ ပြီးရင် အဲ့ဒီ့မှာ တိုက်ဆိုင်မှုလို့ ပြောရပါ့မယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စလုပ်နေတဲ့ မစ္စတာကင်တာနား ကလည်း ရောက် နေတယ်။ ရောက်နေတော့ သူ့လည်း ကျနော်တို့ ဖိတ်လိုက်ပါတယ်။ သူကိုယ်တိုင် တက်တယ်။ နောက်နေ့မှာ On Ground ကို ပြတယ်။

တစ်ခုကတော့ ဒီဟာက ကျနော်တို့ရဲ့ ပြည်တွင်းမှာ ဖြစ်ပျက်တဲ့ ကိစ္စလေး တစ်ခုပဲဖြစ်တယ်။ တစ်နိုင်ငံလုံးကိုလည်း ကူးစက်သွားတာလည်း မရှိဘူး။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ။ ရန်ကုန်မှာလည်း မူဆလင်တွေ နေတာတွေ အများကြီး ရှိတယ်။ ဗုဒ္ဓဘာသာဝင်တွေရှိတယ်။ ခရစ်ယာန်တွေရှိတယ်။ ဟိန္ဒူတွေလည်း ရှိတယ်။ တခြားမြို့ကြီးတွေမှာလည်း ဒီအတိုင်းပဲ။ ဘာမှ ဒီနေရာတွေမှာ ဖြစ်တာ ပြု တာ မရှိဘဲနဲ့ ရခိုင်ပြည်နယ်က ဒီကွက်ကွက်လေး တစ်ခုမှာပဲ ဖြစ်တာဖြစ်ပါတယ်။ အဲ့တော့ ဒါ ကျနော်တို့ ပြည်တွင်းရေးကိစ္စ သက်သက်ပဲ ဖြစ်တယ်။

အခုလည်း ကျနော်တို့ နိုင်နိုင်နင်းနင်းနဲ့ လုံခြုံရေးအရလည်း ထိန်းသိမ်းထားနိုင်ပြီ၊ ကူညီ ကယ်ဆယ်ရး လုပ်ငန်းတွေနဲ့ ပတ်သတ်လို့လည်း တောက်လျှောက် ကျနော်တို့ ဆောင်ရွက်နေပါတယ်။ ပြီးတော့ ကျနော်တို့ဆီမှာလည်း လွတ်လပ်တဲ့ လူအခွင့်အရေးကော်မရှင် ဖွဲ့ထားတာ ရှိပါတယ်။ လူအခွင့်အရေး ကော်မရှင်ကိုလည်း ကျနော်တို့က ဒါလေးကို စစ်ဆေးပေးပါဆိုပြီးတော့ လုပ်နေပါ တယ်။ ဒီလို လုပ်ပေးနေတဲ့အတွက်ကြောင့် ပြည်ပကနေပြီးတော့ ဒါကို အင်တာနေရှင်နယ် အစ်ရှူး (Issue) တစ်ခုလို ဒီမှာလာပြီး စစ်မယ်ပြုမယ်ဆိုရင်တော့ အမှန်တော့ မလိုအပ်ပါဘူး။ ဒီဟာက ကိုယ့် တိုင်းပြည်အတွင်းမှာ ကိုယ့်ပြည်တွင်းရေး ကိစ္စလည်း ဖြစ်တယ်။ လုပ်သင့်လုပ်ထိုက်တာတွေလည်း ကျနော်တို့ လုပ်နေတာ ဖြစ်တဲ့အတွက်ကြောင့် ပြည်ပအဖွဲ့တွေ ဖွဲ့ပြီးတော့မှ ဒီလို စစ်မယ်ပြုမယ် ဆိုတာတော့- ဒါတော့ မဖြစ်သင့်တဲ့ကိစ္စလို့ ကျွန်တော်ထင်ပါတယ်။ မလုပ်သင့်တဲ့ ကိစ္စလို့ ကျနော် ထင်ပါတယ်။

မေး။ ။စောစောက သမ္မတကြီး ပြောသလိုပဲ။ ဒါဟာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း မဟုတ်ဘူးဆိုပေမယ့် ဒေသထဲမှာ နေနေကြတဲ့ အသိုင်းအဝိုင်း နှစ်ခုကြားမှာ တစ်ဘက်နဲ့ တစ်ဘက် ရေရှည်ဖြစ်နေခဲ့တဲ့ မုန်းတီးမှုဆိုတာကတော့ ကျနော်တို့လည်း ငြင်းလို့မရတဲ့ကိစ္စပါ။ အဲ့လို မုန်းတီးမှု တွေကို ဒီထက်ပိုပြီး ပြန့်ပွားမလာအောင် သူတို့နှစ်ဘက် အတူယှဉ်တွဲပြီး နေနိုင်အောင် သမ္မတကြီးတို့ အနေနဲ့ ဘယ်လိုစီမံချက်တွေ ဘယ်လို ဖြေရှင်းမှုတွေ လုပ်သွားဖို့ ရှိပါသလဲ။

ဖြေ။ ။ မှန်ပါတယ်။ ကိစ္စက ခုနကလို ရေရှည်လုပ်သွားရမယ့် ကိစ္စပါပဲ။ အခုချိန်မှာ Tension က အတော်လေး မြင့်နေတဲ့အချိန်မှာ Cool Down ဖြစ်အောင် တစ်ဘက်ကလည်း ရခိုင်တိုင်းရင်းသား ပါတီတွေ ရှိပါတယ်။ အဲဒီတော့ ရခိုင်တိုင်းရင်းသားပါတီက ပါတီအကြီးအကဲတွေနဲ့လည်း ကျနော် တို့ တွေ့ပါတယ်။ တွေ့ပြီးတော့မှ ဒီကနေ့ ကမ္ဘာကြီးကလည်း ကျဉ်းမြောင်းသွားပြီ၊ ရွာကြီးတစ်ရွာ လို ဖြစ် နေတယ်။ ကျနော်တို့က သူ့လူမျိုး၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာနဲ့ ခွဲခြားလို့မရဘူး။ လူ့အခွင့် အရေး ဆိုတာ ကျနော်တို့ ခုနကလို မထိခိုက်အောင် လုပ်ဖို့လိုပါတယ်။ ရခိုင်တိုင်းရင်းသားတွေကို ကျနော်တို့က စကားဆယ်ခွန်း တစ်ဆယ့်ငါးခွန်း ပြောတာနဲ့ ခင်ဗျားတို့က တစ်ခွန်းပြောတာ ပိုပြီးတော့ ထိရောက်ပါတယ်။ ခင်ဗျားတို့ကလည်း ဒါလေးကိုဝင်ပြီး ခုနကလို သဘောထားတွေ စိတ်ထားတွေ ဒါအမြင်မှန်ရလာအောင် ပြောင်းလဲလာအောင် လုပ်ပေးပါဆိုပြီးတော့ အချိန်ယူ ပြီးတော့ ပြောင်းရမယ့် သဘောဖြစ်ပါတယ်။

ငြင်းလို့ မရအောင် တစ်ဘက်နဲ့တစ်ဘက် ပြဿနာမဖြစ်အောင် ဥပဒေနဲ့ ကျနော်တို့က ကိုင်တွယ် ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ဆီမှာ ၁၉၈၂ ခုနှစ် ဥပဒေဆိုတာရှိပါတယ်။ ၁၉၈၂ ခုနှစ် ဥပဒေ ဆိုကလည်း ဒီမှာ နေထိုင်နေကြတဲ့ လူတွေနဲ့ပတ်သက်ပြီးတော့ အကာအကွယ်ပေး ထားတာတွေ ရှိပါတယ်။

အကြမ်းဖျဉ်း ကျနော်သိရသလောက် ဆိုရင် ၄၈ ခုနှစ်မတိုင်ခင်က ဒါ ဟိုတုန်းကတော့ လယ်လုပ်ဖို့ ဆိုပြီးတော့ ခေါ်ပြုလာကြတာပဲ။ ခေါ်လာရင်းနဲ့ မပြန်ဘဲ ဒီမှာသောင်တင်ပြီးတော့ နေကြတာပေါ့။ ၄၈ ခုနှစ် မတိုင်ခင်ကနေပြီးတော့ ရောက်လာတဲ့ မိဘတွေကမွေးဖွားတဲ့ Third Generation က မြေးတို့ ဘာတို့ ရောက်လာတဲ့အခါမှာ နိုင်ငံသားအဖြစ်နဲ့ အခုနကလို အသိအမှတ်ပြု ပေးဖို့ဆိုတဲ့ ဥပဒေထဲမှာ ပါပြီးသား ဖြစ်ပါတယ်။ ဒီဥပဒေကို ပီပီပြင်ပြင်နဲ့ ပြန်ပြီးတော့ အသုံးချပြီးတော့ အနာဂတ်မှာ လူ့ အဖွဲ့အစည်းတွေဟာ ခုနကလို သင့်သင့်တင့်တင့်ဖြစ်အောင်၊ နောက်တစ်ခုကလည်း လူသားတွေ ဆိုတဲ့ အမြင်မျိုးရှိလာအောင် လူ့အခွင့်အရေးတွေကို ခုနကလို ရှေ့တန်းကနေ ဦးစားပေးပြီး စဉ်းစားတတ် လာအောင်၊ ဒါတွေက ကျနော်တို့ အချိန်ယူပြီးတော့ လုပ်သွားရမှာဖြစ်တယ်။

ဒီအပိုင်းမှာ ဘာအရေးကြီးလဲဆိုတော့ ပညာရေးက အရေးကြီးတယ်။ ဘင်္ဂါလီတွေနဲ့ ပတ်သက်ပြီးတော့ စာသင်ကျောင်းတို့ ဘာတို့ ထိထိရောက်ရောက်မရှိဘူး။ များသောအားဖြင့် ဘာသာရေးတွေနဲ့ ပတ်သက်ပြီးတော့ သင်တဲ့ကျောင်းတွေပဲ ရှိတယ်။ အဲ့တော့ အခြေခံကတော့ ပညာရေးပါပဲ။

ပညာရေးကို ကျနော်တို့ ထိထိရောက်ရောက် နဲ့ ခေတ်မီတဲ့ ပညာရေးစနစ်ကို ကျနော်တို့က ထူထောင်ပေးမယ်။ ပညာတတ်တယ်ဆိုရင် အတွေးအခေါ်ရှိလာမယ်။ မှားတယ် မှန်တယ်ဆိုတာကို သူတို့ စဉ်းစားဆုံးဖြတ်တတ်လာမယ်။ ဟိုမှာ တိုးလာတဲ့လူတွေထက် လက်ရှိလူက ပေါက်ဖွားတဲ့နှုန်း က ပိုများပါတယ်။ ကျနော်တို့ ကွင်းဆင်းပြီးတော့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ နောက်ထပ် ဝင်ရောက်လာတဲ့သူတွေက မရှိသလောက် နည်းပါတယ်။ ဒါပေမယ့် ဟိုးတုန်းကရှိနေတဲ့ သူတွေ က ပေါက်ဖွားမှုတွေ သိပ်များတယ် ။ အိမ်ထောင်စုတစ်စု ဆိုရင် တချို့ဆို ခုနှစ်ဆယ်၊ ရှစ်ဆယ်လောက် ရှိပါတယ်။

မေး။ ။ ဒီပေါက်ဖွားလာတဲ့၊ တိုးပွားလာတဲ့ အင်မတန်ကို ဆင်းရဲနေတဲ့ လူစုလူဝေးအတွက်ကို ဖွံ့ဖြိုးရေးတွေ လုပ်ပေးဖို့အတွက်ကို ရန်ပုံငွေတွေလိုတာလည်း အမှန်ပါပဲ။ ဒီနေရာမှာ အစောက ကျနော် ပြောခဲ့သလို ဆော်ဒီအာရေဗီးယားနိုင်ငံက နေပြီးတော့ ဒေါ်လာသန်းငါးဆယ် လှူမယ်ဆိုတဲ့ ကိစ္စမျိုးဟာ နိုင်ငံတော် အစိုးရဆီကနေပြီးတော့ တဆင့် အဲဒီလိုဒေသတွင်းမှာ သွားပြီးတော့ ဖွံ့ဖြိုးမှုတွေ လုပ်ပေးဖို့ ဖြစ်လာရင်တော့ ကောင်းမှာပေါ့။

ဒါ သမ္မတကြီးတို့လည်း ကျေနပ်စရာ ဖြစ်ပါလိမ့်မယ်။ အဲဒီ့လို မဟုတ်ဘဲနဲ့ ဒီနိုင်ငံတကာမှာ ဒီ လူ့အခွင့်အရေးအတွက် ဆိုပြီးတော့ ဒီလူတွေ အတွက် အပြင်ဘက်မှာရှိနေတဲ့ အဖွဲ့အစည်းတွေကို တဆင့် ထောက်ပံ့ပေးတဲ့ အနေအထားမျိုးကို ရောက်သွားမှာရော သမ္မတကြီးတို့အနေနဲ့ မစိုးရိမ်ဘူးလား။

ဖြေ။ ။ စိုးရိမ်ပါတယ်။ ကျနော်တို့ကလည်း သူတို့ကို ချဉ်းကပ်ပြီးတော့ လာသမျှတွေကို ပြောနေ တာပါ။ ခင်ဗျားတို့ ကူညီမယ်ဆိုရင်တော့ နှစ်ဘက် မျှမျှတတနဲ့ ကူညီပါ။ လက်တွေ့ ခုနကလို ဒုက္ခ ခံစားနေတဲ့သူတွေကို ထိထိရောက်ရောက်နဲ့ ကူညီပေးဖို့လိုပါတယ်။ ကျနော်တို့လည်း ခင်ဗျားတို့ ကူညီပေးတဲ့ဟာတွေကို ထိထိရောက်ရောက်နဲ့ ဒီလူတွေလက်ထဲကို ရောက်သွားအောင် လုပ်ပေးမယ် ဆိုပြီးတော့ ကျနော်တို့က သူတို့နဲ့တွေ့တိုင်း တွေ့တိုင်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောပါတယ်။ မသက်ဆိုင်တဲ့ သူတွေဆီကို ရောက်သွားမှာလည်း ကျနော်တို့ စိုးရိမ်ပါတယ်။

မေး။ ။ အဲ့ဒီ ဒေသတွင်းက အခြေအနေနဲ့ပတ်သက်ပြီး ပြည်တွင်းမီဒီယာတွေရဲ့ တင်ပြမှုနဲ့ ပြည်ပ မီဒီယာတွေရဲ့တင်ပြမှုတွေမှာ တော်တော်များများ ကွဲလွဲမှုတွေ ရှိနေပါတယ်။ ပြည်တွင်း မီဒီယာတွေ က အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားရေးအခြေအနေကို အကြောင်းပြုပြီး တော်တော်လေး ပြင်းပြင်း ထန်ထန် ဖော်ပြတာရှိတယ်။

ပြည်ပ မီဒီယာတွေကတော့ ထုံးတမ်းစဉ်လာအတိုင်းပဲ လူ့အခွင့်အရေးကို အခြေပြုပြီးတော့ ဖော်ပြတယ် ဆိုတော့ နောက်ဆုံး မှာ ပြည်ပမီဒီယာတွေကိုတောင်မှပဲ တစ်ဘက်က ကျူးကျော်လာတဲ့ သူတွေကို မြှောက်ပေးတယ် ဆိုတဲ့ ပုံစံမျိုး စွပ်စွဲခံရတာတွေရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ရော သမ္မတကြီး အနေနဲ့ ပြင်ပ မီဒီယာတွေ ပြောကြားမှုကို တစ်စုံတရာများ စိတ်အနှောင့်အယှက် ဖြစ်ရတာတွေ ရှိခဲ့လားခင်ဗျ။

ဖြေ။ ။ ကျနော်တို့က စိုးရိမ်ရတယ်။ ဒီကိစ္စတွေနဲ့ ဆက်နွယ်ပြီးမှ အကြမ်းဖက်မှုတွေ ဒီလောက်ထိ ကိုယ့်နိုင်ငံပေါ်မှာ ကူးစက်လာမှာတို့ ဘာတို့ တော်တော်လေး ကျနော်တို့က စိုးရိမ်မိပါတယ်။ တစ်ချို့ သတင်းတွေဟာ လုပ်ကြံဖန်တီးပြီးတော့မှ တစ်ဘက်က ခုနလို မူဆလင်ဘာသာ ကိုးကွယ်တဲ့ သူတွေ ကို နှိုးဆွပေးတဲ့သတင်းတွေ၊ အင်တာနက် သတင်းတွေလည်း ကျနော်တို့ အများကြီး တွေ့ရပါတယ်။ ဒီအတွက် ကျနော်တို့မှာ အတော်လေး စိတ်ပူခဲ့ရပါတယ်၊ ဘာကြောင့်လဲ ဆိုလို့ရှိရင် ပြည်ပမှာနေနေ တဲ့ ကျနော်တို့သံရုံးတွေပေါ့။ သံရုံးတွေထဲက အီဂျစ်မှာ ရှိနေတဲ့ သံရုံးဆိုလို့ရှိရင်လည်း ဆန္ဒပြတာတို့ ဘာတို့လုပ်ပါတယ်။ သာမန် ဆန္ဒပြတာတော့ လူ့အခွင့်အရေးပါပဲ။ ပြဿနာမရှိပါဘူး။

သို့သော်လည်း သံရုံးထဲဝင်ပြီးတော့ နိုင်ငံတော်အလံတွေ ဘာတွေဖြုတ်ချ- ဘာညာ- ဒါမျိုးတွေ ဖြစ်တဲ့ အခါ အဲ့မှာရှိတဲ့ မိသားစုတွေ၊ သံရုံးဝန်ထမ်းတွေအတွက် စိုးရိမ်ရတဲ့အခြေအနေမျိုးတွေ ဖြစ်လာပါ တယ်။ နောက်တစ်ခါ အင်ဒိုနီးရှားမှာလည်း အလားတူပါပဲ၊ ကျနော်တို့ စိုးရိမ်ရပါတယ်။ ဒီကိစ္စတွေကို မှန်မှန်ကန်ကန်နဲ့ သိအောင်ဆိုပြီး ကျနော်တို့အနေနဲ့ အကြီးအကဲတွေဆီ ကျနော် ကိုယ်တိုင် စာရေး ပါတယ်။ ကုလသမဂ္ဂက မစ္စတာ ဘန်ကီမွန်းထံကို လည်း ကျနော်စာရေးပါတယ်။ ဖြစ်စဉ်အမှန်က ဒီလို ဒီလိုဖြစ်တာပါ။ ဒါဟာ လူမျိုးရေး၊ ဘာသာရေး မဟုတ်ပါဘူး။ အင်ဒိုနီးရှားက သမ္မတကလည်း ကျနော်နဲ့ လုပ်ဖော်ကိုင်ဘက်တွေဖြစ်တော့ ကျနော် စာရေးပါတယ်။ မလေးရှားက ဝန်ကြီးချုပ် ဆိုလည်း ဒီအတိုင်းပဲ။ ကျနော်တို့ဆီ အလည်အပတ် လာသွားတာ သိပ်ပြီး မကြာသေးပါဘူး။

အဲဒီတော့ ဒီပြသနာတွေကို ကျနော်တို့ ကြီးထွားပြီးတော့ မလာစေချင်ပါဘူး။ ပြဿနာ အစတုန်း ကတော့ လူမျိုးရေး စိတ်ဓာတ်နဲ့ ပြည်တွင်းမီဒီယာတွေက ရေးပါတယ်။ သို့သော်လည်း နောက်ပိုင်း မှာ ပြည်တွင်းမီဒီယာတွေက သူတို့ သိလာပါတယ်။ ဒါတွေက လူသားချင်းအနေနဲ့ မြင်ရမယ်။ လူ့အခွင့် အရေးကို ကျနော်တို့ ထိခိုက်လို့မရဘူးဆိုတဲ့ အမြင်တွေ သူတို့ရှိလာပါတယ်။

ဒီလိုအမြင်ပြောင်းတဲ့ တချိန်တည်းမှာပဲ ပြည်ပက အမြင်တွေကတော့ ကျနော်တို့နဲ့ ပြောင်းပြန်ဖြစ်လာ တယ်။ ပြောင်းပြန် ဖြစ်လာတဲ့အတွက် ကိုယ့်နိုင်ငံအတွက်တော့ ကျနော်တို့ စိုးရိမ်မိပါတယ်။ စိုးရိမ် မိတဲ့အတွက် နောက် ဒါမျိုးတွေ မဖြစ်ရအောင် ခုနကလို ကျနော်တို့ ဖိတ်ခေါ်တယ်။ ပြတယ်။ အခု ဆိုရင်လည်း OIC တို့ ဘာတို့က အတွင်းရေးမှူးလည်း ကျနော် ဖိတ်ထားပါတယ်။ လာပါ၊ ခင်ဗျားတို့ လာကြည့်ပါ၊ ကျနော်တို့ ရှင်းလင်းပြပါမယ်။ On Ground လည်း လိုက်ပြပါမယ်။ ဘာဖြစ်လို့ ဒါမျိုးတွေ ဖြစ်မှာစိုးတဲ့ စိုးရိမ်မှုတွေလည်း ကျနော်တို့ စိတ်ထဲမှာ ရှိပါတယ်။

ဗွီအိုအေ မြန်မာဌာနမှူး ဦးသန်းလွင်ထွန်းက သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်မှာ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG