အင်္ဂလန်မှာ စနေနေ့ကကစားတဲ့ ပရီမီယာလိဂ်ဘောလုံးပွဲမှာတော့ ချယ်ဆီးက အာဆင်နယ်ကို ၂ ဂိုး ဂိုးမရှိ နဲ့ နိုင်သွားပါတယ်။ ချယ်ဆီး အတွက် ဂိုးတွေကို နောက်တန်းလူ Bouma နဲ့ Eden Hazard တို့က ဒုတိယပိုင်းမှာ သွင်းခဲ့ကြတာပါ။
ပထမပိုင်းပြီးခါနီးမှာချယ်ဆီးက Diego Costa နဲ့ အာဆင်နယ်က Gabriel Paulista တို့ ပြဿနာဖြစ်ပြီး Gabriel အနီကတ်ပြခံသလိုSanti Cazorla လည်း ၇၉ မိနစ်မှာ အထုတ်ခံခဲ့ရပါတယ်။ အာဆင်နယ်နည်းပြ Arsene Wenger ကတော့ - ချယ်ဆီးတိုက်စစ်မှူး ဒီယေဂို ကော်စတာရဲ့လုပ်ရပ်ဟာ ရွံ စရာကောင်းပြီး သူ့ကို ဒိုင်က အနီကတ်မပြတဲ့ ဒိုင်လူကြီး Mike Dean ကိုလည်း ဝေဖန်လိုက်ပါတယ်။ ဒ့ါအပြင် FA အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ဒီယေဂိုကော်စတာအနီကတ်မပြခံရတာကို စစ်ဆေးသင့်တယ်လို့ ပြောလိုက်ပါတယ်။ ချယ်ဆီးနည်းပြ မိုရင်ညိုကတော့ - ဒီယေဂိုကော်စတာဟာ ဒီပွဲရဲ့ အကောင်းဆုံးဘောလုံးသမားဖြစ်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။
မန်စီးတီးနဲ့ ဝက်စ်ဟမ်းပွဲမှာတော့ ဝက်စ်ဟမ်းက အိမ်ရှင်မန်စီးတီးကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်သွားတာကြောင့် နိုင်ပွဲဆက်နေတဲ့ ချန်ပီယံမန်စီးတီး ပထမဆုံးအရှုံးနဲ့ ရင်ဆိုင်သွားရပါတယ်။ ဝက်စ်ဟမ်းအတွက် ဂိုးတွေကို Moses နဲ့ Sakho တို့က ပထမပိုင်းမှာ သွင်းခဲ့တာပါ။
ကျန်တဲ့ပွဲတွေမှာတော့ ဘုန်းမောက် က ဆန်းဒါးလန်းကို ၂ ဂိုး ဂိုးမရှိ၊ ဝက်စ်ဘရွန်က အက်စတွန်ဗီလာကို ၁ ဂိုး ဂိုးမရှိ၊ ဝတ်ဖို့က နယူးကာဆယ်ကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်ပြီး စတုတ်ခ် နဲ့ လက်စတာ ၂ ဂိုးစီသရေ၊ ဆွမ်စီးနဲ့ အဲဗာတန် ဂိုးမရှိသရေကျသွားပါတယ်။
ဒီကနေ့မှာတော့ တော့တင်ဟမ်နဲ့ ခရစ္စတယ်ပဲလေ့စ်၊ လီဗာပူးလ်နဲ့ နောရစ်ချ်၊ ဆောက်သမ်တန် နဲ့ မန်ချက်စတာယူနိုက်တက်တို့ ကစားကြမှာပါခင်ဗျာ။