ကမ္ဘာ့ရိုမန်ကတ်သလစ်ခေါင်းဆောင် ပုပ်ရဟန်းမင်းတဦးအနေနဲ့ အစ္စလမ်ဘာသာ ထွန်းကားရာ အာရပ်ကျွန်းဆွယ်တခုကို ပထမဆုံးခရီးအဖြစ်၊ ပုပ်ရဟန်းမင်းကြီး Francis အခုသွားရောက်နေပြီဖြစ်ပါတယ်။
ဘာသာပေါင်းစုံညီလာခံတခုအတွက် အာရပ်စော်ဘွား များပြည်ထောင်စုကို ပုပ်ရဟန်းမင်းကြီး ရောက်ရှိနေပြီး၊ အင်္ဂါနေ့ကျရင်တော့ ရောမကို ပြန်မှာပါ။ ဗာတီကန်ကနေ ထွက်မခွာခင်ကတော့ ယီမန်မှာဖြစ်နေတဲ့ လူသားချင်းစာနာမှု အကြပ်အတည်းကြီးနဲပပတ်သက်လို့ သူ့အနေနဲ့ အလွန်အမင်း စိုးရိမ်မကင်းဖြစ်တဲ့ အကြောင်းနဲ့ ပဋိပက္ခအတွင်းက အစုအဖွဲ့အားလုံးအနေနဲ့ နိုင်ငံတကာသဘောတူညီချက် ကို လေးစားလိုက်နာဖို့ ဒုက္ခရောက်နေတဲ့ယီမန်ပြည်သူတွေဆီ စားနပ်ရိက္ခာတွေ ရောက်ရှိရေး ကူညီကြဖို့ သူက တိုက်တွန်းခဲ့ပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စုမှာ လုပ်တဲ့ အခုညီလာခံကိုတော့ မွတ်ဆလင်တွေ၊ ခရစ်ယာန်တွေအပြင် ဂျူး၊ အိန္ဒိယ ဗုဒ္ဒဘာသာနဲ့ အခြားဘာသာကိုးကွယ်မှုဆိုင်ရာ အကြီးအကဲတွေ တတ်ရောက်ကြဖို့ရှိပါတယ်။ ပုပ်ရဟန်းမင်းကို လက်ခံတာအပါအဝင် အခုလို ဘာသာစုံညီလာခံကျင်းပခြင်းအားဖြင့် အာရပ်စော်ဘွားများပြည်ထောင်စု အကြီးအကဲအနေနဲ့ အခြားဘာသာတရားကိုးကွယ်ယုံကြည်မှုတွေကိုပါ နားလည်လက်ခံတယ်ဆိုတဲ့ သဘောကို ပြတဲ့ ကြိုုးပမ်းမှုလို့ ယူဆစရာရှိပါတယ်။
အခု အင်္ဂါနေ့ကျရင်တော့ Abu Dhabi မှာ ပုပ်ရဟန်းမင်းကြီးအနေနဲ့ လူထုစုဝေးဟောပြောပွဲတခု လုပ်ဖို့ရှိနေပါတယ်။ UAE နိုင်ငံမှာ ကတ်သလစ်ဘာသာဝင် တသန်းလောက်ရှိမယ်လို့ ယူဆထားကြပါတယ်။ အများစုဟာ ဖိလစ်ပိုင်နဲ့ အိန္ဒိယနိုင်ငံတွေကဖြစ်ပြီး အဲဒီမှာ လာရောက်အလုပ်လုပ်ကိုင်နေသူတွေဖြစ်ပါတယ်။