သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဏ္ဏားကျွန်း စစ်ပြေးဒုက္ခသည်ခိုလှုံ ဘုန်းကြီးကျောင်း တပ်မတော်စစ်ကြောင်း ဝိုင်းထား


ရခိုင်ဒုက္ခသည်များ (သတင်းဓာတ်ပုံ - Rakhine Ethnics Congress)
ရခိုင်ဒုက္ခသည်များ (သတင်းဓာတ်ပုံ - Rakhine Ethnics Congress)

ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ရခိုင်စစ်ဘေးရှောင် ပြည်သူတွေထဲမှာ ရခိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ AA နဲ့ ဆက်စပ်ပတ်သက်သူတွေ ရှိမရှိ တပ်မတော် စစ်ကြောင်းကနေ စစ်ဆေးဖို့ တောင်းဆိုရာမှာ ဦးဆောင်သံဃာတော်တွေက စစ်ဝတ်စုံတွေနဲ့ ဝင်ပြီး စစ်ဆေးခွင့် မပေးတဲ့အတွက် စစ်တပ်ကနေ ဝိုင်းပတ် ပိတ်ဆို့ထားဆဲလို့ ဦးဆောင်သံဃာတော်တွေက ပြောပါတယ်။ ဒီလို ပိတ်ဆို့ထားတာကြောင့် ညဘက်မှာ စစ်ရှောင်တွေရဲ့လုံခြုံရေး စိုးရိမ်စရာ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

စစ်ရှောင်တွေနေထိုင်တဲ့ ပေါက်တောပြင်ကျောင်းဝင်းထဲ ယူနီဖေါင်းနဲ့ ဝင်ရောက် စစ်ဆေးခွင့် မပြုတဲ့အတွက် စစ်တပ်ကနေ ကျောင်းဝင်းကို မနက်ကနေ ညနေပိုင်းအထိ ဝိုင်းပတ် ပိတ်ဆို့ထားကြောင်း ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဆရာတော် သဘာဝနဒီအရှင်ပညာဇောတ က အခုလို မိန့်ကြားပါတယ်။

“အခြေအနေကတော့ တင်းမာဆဲပဲ။ ကျောင်းပတ်ပတ်လည်ကို သူတို့အင်အား ၂၀၀ လောက်နဲ့ ဝိုင်းထားတယ်ဗျ။ သူတို့က ဒီဒုက္ခသည်တွေကို စစ်ဆေးမေးမြန်းစရာရှိတယ် ပြောပြီးတော့ ဝင်ခွင့်တောင်းတယ်။ ဦးဇင်းက စခန်းကို ဦးဇင်းက ဦး ဆောင် ဖွင့်ထားတာ ဖြစ်တဲ့အတွက် ဦးဇင်းက ဒုက္ခသည်တွေဟာ တိုက်ပွဲဖြစ်လို့ ပြေးလာတာမဟုတ်ဘူး။ ခင်ဗျားတို့ ရွာထဲကို တပ်စွဲနေထိုင်တဲ့အတွက် သူတို့က ကြောက်ပြီးတော့ ပြေးလာတာ။ ခင်ဗျားတို့ ယူနီဖေါင်းနဲ့ ဝင်ရင် အဆင်မပြေဘူး။ အရပ်ဝတ်နဲ့ ဝင်ပြီးတော့ စစ်ပါလားဆို မရဘူးတဲ့။ ယူနီဖေါင်းနဲ့မှ။ ဒါဆိုကျုပ်တို့ ခွင့်မပြူနိုင်ဘူး။ ဘာသာရေး အဆောက်အဦးကို ခင်ဗျားတို့ ယူနီဖေါင်းနဲ့ နေထိုင်ခွင့်၊ လုပ်ပိုင်ခွင့် မရှိဘူးလို့။ ဘုန်းကြီးကျောင်း ခြံဝင်းထဲမှာ ရှိတဲ့ တောင်ပေါ်ကို သူတို့တက်ပြီး တပ်စွဲနေတယ်။ ဝိုင်းထားတယ်ပေါ့ဗျ။ ကျောင်းဘက်ကို သေနတ်တွေ တည်ထားကြတာပေါ့။ ကျောင်းရှေ့မှာလည်း အများကြီး ကျောင်းပတ်ပတ်လည်မှာ။”

ဒီကနေ့ ညနေအချိန်ထိ ဝိုင်းပတ် ပိတ်ဆို့ထားတာကြောင့် ညပိုင်းအတွက် အခြေနေ စိုးရိမ်နေရတယ်လို့ ဆရာတော်က ဆက်မိန့်ပါတယ်။

“စိုးရိမ်ရတာပေါ့ဗျာ။ ဒီညတညကိုတောင် ဘယ်လိုဖြတ်သန်းရမလဲ မေးခွန်းထုတ်စရာ ဖြစ်သွားပြီ။ သူတို့ ဝင်ပြီးတော့ စစ်ဆေးတာ စိုးရိမ်တာ မဟုတ်ဘူး။ မတော်တရော် ရသေ့တောင်ဘက်က ကျောက်တန်းရွာတို့လို၊ မြောက်ဦးဘက်က လက်ကာ အောက်သကန်ရွာတို့လို၊ ဘူးသီးတောင်က စည်တောင်ရွာတို့လို လုပ်မှာကို စိုးရိမ်နေကြရတာ။ ဦးဇင်းတို့လည်း အဲ့တာကို စိုးရိမ်တာပါ။ အခုတော့ ရခိုင်ပြည်နယ်လွှတ်တော်ထဲက ရသေ့တောင် မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းတို့ရယ်။ မြောက်ဦးက မြတန်ဆောင်းဆရာတော်တို့ ရောက်နေကြပါတယ်ဗျ။”

ပြီးခဲ့တဲ့မေလဆန်းက ကျောက်တန်းရွာ ရွာသား ၃၀၀ နီးပါးကို စစ်တပ်က ဖမ်းထားစဉ်အတွင်း ညပိုင်း ပစ်ခတ်မှုတွေဖြစ်လို့ လူ ခြောက် ဦး သေဆုံးပြီး ရှစ် ဦး ဒဏ်ရာရခဲ့ပါတယ်။

ဧပြီလ ၁၀ ရက်နေ့တုန်းက မြောက်ဦးမြို့ ရဲတပ်ရင်း တိုက်ခိုက်ခံရအပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုတွေအတွင်း လက္ကာကျေးရွာသား ၂၇ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့သလို ဆင်အိုးကျေးရွာ၊ ဘူးရွက်မညှိုးကျေးရွာ၊ ချောင်း သစ်ကျေးရွာဘက်မှာလည်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ် တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ဒီပစ်ခတ်မှုကြောင့် အမျိုးသမီး နှစ် ဦး သေဆုံးသွားသလို ချောင်းသစ်ရွာက ကလေးငယ်တဦးနဲ့ မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

ပေါက်တောပြင် ဘုန်းကြီးကျောင်း စစ်ရှောင်စခန်းကို တပ်မတော်ကနေ ဝိုင်းပတ်ပိတ်ဆို့နေတာနဲ့ ပက်သက်လို့ တပ်မတော်သတင်းမှန်ထုတ်ပြန်ရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို မေးမြန်းရာမှာ အခုလိုပြောပါတယ်။

“ကျနော်လည်း လောလောဆယ် မသိသေးဘူးဗျ။ ဝိုင်းပတ်ပိတ်ဆို့ စစ်ဆေးဖို့ မရှိပါဘူးဗျ။ ကျနော်တို့ အဲဒီကျောင်းထဲမှာ ကျနော် သိရသလောက်က လိုအပ်လို့ လုပ်တာ ဖြစ်ပါလိမ့်မယ်။”

ပေါက်တောပြင် ဘုန်းကြီးကျောင်းရောက် စစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့နဲ့ ၇ ရက်နေ့တုန်းက ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပေါက်တောပြင် ဘုန်းကြီးကျောင်းကို ခိုလှုံလာတဲ့ စစ်ရှောင်တွေဖြစ်ပြီး ဦးရေ ၇၀၀ ကျော် ရှိနေပါတယ်။

ဇွန်လ ၅ ရက်နေ့တုန်းက ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ခမီချောင်းနဲ့ ဂဏန်းမဲ ကျေး ရွာအကြား တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့ တိုက်ပွဲဖြစ်ပွားရာမှာ နှစ်ဘက်ထိခိုက်မှုတွေ ရှိခဲ့ကြောင်း တပ်မတော်ဘက်က အတည်ပြု ပြောဆိုခဲ့ပါတယ်။

ဒီရက်သီတင်းပတ်အတွင်း ပေါက်တောပြင်နဲ့ ပုဏ္ဏားကျွန်းမြို့အတွင်း စစ်ရှောင် ၃၀၀၀ နီးပါး ရောက်နေပါတယ်။

ရခိုင်ပြည်နယ် စစ်ရေးပဋိပက္ခအတွင်း ဇန်နဝါရီလကနေ မေလအထိ မိနစ် ၃၀ အထက် တိုက်ပွဲအကြိမ် ၂၃၀ ကျော်ရှိသလို တိုက်ပွဲငယ် အရေအတွက်နဲ့ဆို အကြိမ် ၅၀၀ ရှိနေပြီးလို့ ရခိုင့်တပ်မတော်ဘက်က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်ရှောင်ဦးရေ ၄၁,၀၀၀ ကျော် တိုးပွားလာနေတယ်လို့ စစ်ရှောင်အကူညီပေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG