(Zawgyi / Unicode)
အမေရိကန် ချီကာဂိုမြို့ ဆင်ခြေဖုံးက Highland Park ရပ်ကွက်မှာ ဇူလိုင် ၄ ရက် လွတ်လပ်ရေးနေ့ အခမ်းအနားက ပစ်ခတ်မှုမှာ သေနတ်သမားဟာ အချက် အချက် ၇၀ ကျော် ပစ်ခတ်ခဲ့ပြီး၊ ထိတ်လန့်တကြား ထွက်ပြေးသူတွေထဲမှာ အမျိုးသမီးလို ဝတ်ဆင်ပြီး ထွက်ပြေးခဲ့ကြောင်း အင်္ဂါနေ့မှာ ရဲက ပြောပါတယ်။ တိုက်ခိုက်ရေးသုံး AR -15 ပုံစံ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ၇ ဦးသေ၊ ၃၀ ကျော် ဒဏ်ရာရခဲ့ကြောင်းလည်း ပြောပါတယ်။ သေနတ်သမားဟာ တိုက်ခိုက်ဖို့ သီတင်းပတ်နဲ့ချီ စီစဉ်ခဲ့ပုံရတယ်လို့လည်း ရဲကယူဆထားပါတယ်။
ပစ်ခတ်မှုအတွက် သံသယရှိသူူ အသက် ၂၁ နှစ်အရွယ် Robert Crimo III ကိုတော့ အခင်းဖြစ်ပြီး နာရီပိုင်းအကြာမှာပဲ ကားမောင်းနေတာကို ရဲကတွေ့ရှိပြီး ဖမ်းဆီးမိခဲ့တာပါ။ လွတ်လပ်ရေးနေ့ စီတန်းလှည့်လည်သူတွေကို အနီးအနားက အဆောက်အဦး ခေါင်းမိုးပေါ်ကနေ ပစ်ခတ်ခဲ့တာလို့လည်း ရဲကစွပ်စွဲထားပါတယ်။ အာဏာပိုင်တွေက သံသယရှိသူကို ရာဇဝတ်ကြောင်းနဲ့ အရေးယူထားတာတော့ မရှိသေးပါဘူး။
အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) နဲ့ ဒေသခံရဲတပ်ဖွဲ့ကတော့ အခင်းဖြစ်ရာ နေရာမှာ အင်္ဂါနေ့က နောက်ထပ် အထောက်အထားတွေ ရဖို့ ဆက်လက်ရှာဖွေခဲ့ကြပါတယ်။ သေနတ်သမားအဖြစ် မသင်္ကာသူကို စစ်ဆေးမေးမြန်းမှုတွေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ စစ်ဆေးတာတွေ ရှိပေမဲ့ ပစ်ခတ်တဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့လည်း ဒေသခံမှုခင်းတပ်ဖွဲ့ ပြောခွင့်ရက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။ ဘာသာရေး၊ လူမျိုးရေး စတဲ့ တခုခုကို ပစ်မှတ်ထားတဲ့ လက္ခဏာမျိုးလည်း မတွေ့ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
အမေရိကန်နိုင်ငံမှာ ဒီ Highland Park တိုက်ခိုက်မှုမတိုင်ခင်က နယူးရောက် Baffalo မြို့ဈေးဆိုင်တန်း၊ တက်ဆက်စ် Uvalde မူလတန်းကျောင်းနဲ့ အိုကလာဟိုးမား က Tulsa ဆေးရုံဝင်း တွေမှာ ဆယ်ကျော်သက်တွေရဲ့ သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်မှုတွေ ဖြစ်ပွါးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အခု ပစ်ခတ်မှုဟာ သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေးဆိုင်ရာ ဥပဒေတရပ်ကို ပါတီကြီး ၂ ရပ်စလုံးက ထောက်ခံပြီး သမ္မတဂျိုးဘိုင်ဒန် အတည်ပြုလက်မှတ်ရေးထိုးပြီး တပတ်အကျော်မှာပဲ ဖြစ်ပွါးခဲ့တာပါ။
(Unicode)