ဒုတိယကမ္ဘာစစ်အတွင်း ပိုလန်နိုင်ငံမှာ နာဇီတွေရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုတွေနဲ့ ပတ်သက်လို့ ပိုလန်နိုင်ငံကို ထိခိုက်စေမယ့် သုံးနှုန်းပြောဆိုမှုတွေကို အရေးယူနိုင်မယ့် ဥပဒေတရပ်ကို အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ပိုလန်အောက်လွှတ်တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အတည်ပြုခဲ့တဲ့ ဥပဒေကို အထက်လွှတ်တော်မှာ ဒီကနေ့ပဲ ထောက်ခံမဲ ၅၇ မဲ ကန့်ကွက်မဲ ၂၃ မဲနဲ့ အတည်ပြလိုက်တာပါ။ ဥပဒေကို သမ္မ္မတက လက်မှတ်ရေးထိုး အတည်ပြုပြီးရင်တော့ တရားဝင်စတင်ကျင့်သုံးနိုင်တော့မှာ ဖြစ်ပါတယ်။
ဥပဒေသစ်အရ ပိုလန်နိုင်ငံမှာ နာဇီတွေက ဂျုးလူမျိုးတွေကို သတ်ဖြတ်ခဲ့မှုကို ပိုလန်နိုင်ငံက ရာဇဝတ်မှုအဖြစ် သုံးနှုန်းပြောဆိုတာ၊ ပိုလန်နိုင်ငံတွင်းက နာဇီလူသတ် အကျဉ်းစခန်းတွေကို ပိုလန်လူသတ်အကျဉ်းစခန်းတွေအဖြစ် ပြောဆိုတာတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်မှာပါ။ အမေရိကန် ပြည်ထောင်စုကတော့ ဥပဒေသစ်ကြောင့် လွတ်လပ်စွာ ပြောဆိုခွင့်၊ ပိုလန်နိုင်ငံနဲ့ အမေရိကန်၊ အစ္စရေးလ်တို့ ဆက်ဆံရေး ထိခိုက်မှာ စိုးရိမ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ပိုလန်လူသတ်အကျဉ်းစခန်း ဆိုတဲ့အသုံးအနှုန်းမျိုးဟာ ပြည့်စုံမှု မရှိသလို၊ သင့်တော်မှုလည်း မရှိပေမဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးပြောဆို မှတ်ချက်ပေးရာမှာ အကန့်အသတ်တွေ ဖြစ်လာမှာကို စိုးရိမ်ရကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Heather Nauert က ပြောဆိုခဲ့တာပါ။
အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu ကလည်း အမှန်တရားကို လမ်းလွဲအောင်လုပ်တာ၊ သမိုင်းကိုအသစ်ပြန်ရေးတာ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကို လက်မခံငြင်းဆန်တာမျိုးကိုတော့ သည်းခံမှာ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဥပဒေသစ်မှာ အနုပညာနဲ့ သုတေသန လုပ်ငန်းတွေကို ကင်းလွတ်ခွင့် ပေးထားပေမဲ့၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုက လွတ်မြောက်လာသူတွေ အတွေ့အကြုံတွေကို ပြန်ပြောင်းပြောဆိုရာမှာ အရေးယူခံရနိုင်တဲ့ အခြေအနေမျိုး ကြုံရမှာကိုလည်း စိုးရိမ်နေကြပါတယ်။