ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်က ကာဆီနိုလောင်းကစားရုံတခုကို သေနတ်သမားတဦးက ဝင်ရောက်စီးနင်းပြီး၊ လူအုပ်ကြားက လောင်းကစား စားပွဲတွေကို မီးရှို့ခဲ့ရာမှာ မီးခိုးတွေကြောင့် အသက်ရှုမွန်းကြပ်ပြီး လူ ၃၆ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ လောင်းကစားရုံမှာ ငွေသားအစား လဲလှယ်ပြီးကစားရတဲ့ chips တွေကို ကျောပိုးအိတ်ထဲ အပြည့်ထည့်ပြီး ထွက်ပြေးသွားတဲ့ သေနတ်သမားရဲ့ အလောင်းကိုတော့ ဒီကနေ့မနက် အစောပိုင်းမှာပဲ ကပ်လျက်ရှိနေတဲ့ ဟိုတယ်ထဲမှာ တွေ့ခဲ့ရတာပါ။
သေနတ်သမားကတော့ ကိုယ့်ဖာသာ အဆုံးစီရင်သွားပုံ ရပါတယ်။ မီးခိုးတွေနဲ့ မွန်းကြပ်နေတဲ့ အခန်းတွေထဲက အလောင်းတွေကို မီးသတ်သမားတွေ တွေ့ရှိခဲ့ကြပြီး၊ အားလုံးဟာလည်း မီးခိုးတွေကြောင့် အသက်ရှုကြပ် သေဆုံးခဲ့ရတာဖြစ်ကြောင်း မနီလာမြို့တော် ရဲတပ်ဖွဲ့ အကြီးအကဲ Oscar Albayalde ကပြောပါတယ်။ သေဆုံးသူတွေထဲမှာ သေနတ်ဒဏ်ရာ ရသူတော့ မရှိပါဘူး။
တိုက်ခိုက်မှုကြောင့် Resorts World Manila အပမ်းဖြေဟိုတယ်ကနေ ညတုန်းက လူပေါင်းရာနဲ့ချီ ထွက်ပြေးခဲ့ကြရာမှာ ဒါဇင်နဲ့ချီပြီး ထိခိုက်ဒဏ်ရာ အနည်းအကျဉ်း ရခဲ့ကြတာပါ။ တိုက်ခိုက်မှုဟာ အကြမ်းဖက်ဝါဒီတွေနဲ့ ဆက်နွယ်မှုရှိတဲ့ အထောက်အထား တစုံတရာ မတွေ့ရဘူးလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဓားပြတိုက်လုယက်ဖို့ တိုက်ခိုက်ခဲ့တာ ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း အာဏာပိုင်တွေက အစောပိုင်းမှာ ပြောဆိုထားကြတာပါ။ အင်္ဂလိပ်စကားပြောသူ သေနတ်သမားဟာ ဒေါ်လာ ၂ သိန်း ၂ သောင်း ၆ ထောင်လောက် တန်ဘိုးရှိတဲ့ လောင်းကစားရုံမှာ ငွေသားအစား လဲလှယ်ပြီးကစားရတဲ့ chips တွေကို ကျောပိုးအိတ်ထဲ ထည့်ယူသွားပြီး၊ နောက်ပိုင်းမှာတော့ အာဏာပိုင်တွေက အားလုံးကို ပြန်လည် သိမ်းဆည်းရမိခဲ့ပါတယ်။