ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ ၂၀၀ နီးပါး ရှိလာနေတဲ့အချိန်မှာဘဲ ကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ အသက်ရှင်ကျန်ရစ်သူတွေကို လိုက်လံ ရှာဖွေ ကယ်ဆယ်နေကြပါတယ်။
Mindanao ကျွန်းကို အပူပိုင်းဒေသ မုန်တိုင်း Tembin ဝင်ရောက် တိုက်ခတ်ပြီးတဲ့နောက် မိုးတွေ ဆက်တိုက်ရွာပြီး ရေကြီး မြေပြို မှုတွေကြောင့် တံတားတွေ ပျက်ဆီးပြီး လမ်းပန်း ဆက်သွယ်ရေးတွေ ပြတ်တောက်ကုန်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း နှေးကွေးနေပါတယ်။
မုန်တိုင်းဒဏ်ကြောင့် ဖိလစ်ပိုင်း တောင်ပိုင်းဒေသမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးရသူ ၇ သောင်းကျော် ရှိတယ်လို့ အရေးပေါ် ကယ်ဆယ်ရေး အရာရှိတွေက ပြောပါတယ်။ မုန်တိုင်း ကြိုတင် သတိပေးချက်ကို ဒေသခံတွေက လိုက်နာခြင်း မရှိခဲ့တာကြောင့် နောက်ပိုင်းမှာ အားပြင်းလာတဲ့ မုန်တိုင်းဒဏ်ကို မမျှော်လင့်ဘဲ ခံလိုက်ရတယ်လို့လည်း သက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ နှစ်စဉ် တိုင်ဖုန်းနဲ့ တခြား မုန်တိုင်း အကြိမ်ရေ ၂၀ လောက် တိုက်ခိုက်ခံရလေ့ရှိပြီး နှစ်ကုန်ပိုင်းတွေမှာလည်း တိုင်ဖုန် မုန်တိုင်း တိုက်ခတ်တဲ့ဒဏ်ကို ခံရလေ့ရှိပါတယ်။
၂၀၁၃ ခုနှစ်က ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ တိုင်ဖုန်း Haiyan ဟာ ဖိလစ်ပိုင်နိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး ဆိုင်ကလုံးမုန်တိုင်း တခုဖြစ်ပါတယ်။ တိုင်ဖုန်း Yolanda လို့ ဖိလစ်ပိုင်လူမျိုးတွေက ခေါ်ဆိုတဲ့ အဲဒီ မုန်တိုင်းကြောင့် လူပေါင်း ၇,၈၀၀ ကျော် သေဆုံးခဲ့ရကြောင်း ဖိလစ်ပိုင် အမျိုးသား အရေးပေါ်ကယ်ဆယ်ရေးဌာန အရာရှိတွေက ပြောပါတယ်။