ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲမှာ ဖိလစ်ပိုင်နိုင်ငံက သိမ်းပိုက်ထားတဲ့ ကျွန်းပေါ်ကို နောက်ထပ် တပ်ဖွဲ့ဝင်တွေနဲ့အတူ အစားအသောက်နဲ့ လောင်စာဆီ ပေးပို့ဖို့သွားတဲ့ သင်္ဘောကို တားဆီးဖို့ တရုတ်ကမ်းခြေစောင့်သင်္ဘော တစင်းက မီးသတ်ရေပိုက်တွေသုံးပြီး အလွန်အကျွံ ရန်ပြုတဲ့လုပ်ရပ်အပေါ် ရှုတ်ချကြောင်း ဖိလစ်ပိုင်စစ်တပ်က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ဘရူနိုင်းတို့ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲက Second Thomas Shoal ကျွန်းမှာ စနေနေ့က တင်းမာမှုနဲ့ ကြုံခဲ့ရတာပါ။ ဖိလစ်ပိုင် ကမ်းခြေစောင့် သင်္ဘောတွေ အစောင့်အရှောက်လိုက်ပါသွားတဲ့ ထောက်ပံ့ရေး သင်္ဘော ၂ စင်း ကျွန်းအနီး ချဉ်းကပ်ချိန်မှာ တရုတ်ကမ်းခြေစောင့်သင်္ဘောက အားပြင်းတဲ့ မီးသတ်ရေပိုက်တွေသုံးပြီး တားဆီးခဲ့တာလို့လည်း ဖိလစ်ပိုင် စစ်တပ်နဲ့ ကမ်းခြေစောင့်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။
တင်းမာမှု ကြုံခဲ့ရတဲ့ ကျွန်းကိုတော့ တရုတ်နိုင်ငံကလည်း ပိုင်ဆိုင်ကြောင်း ကြေညာထားတာပါ။ ကမ္ဘာပေါ်မှာ အသွားအလာ အများဆုံး ရေလမ်းကြောင်းတွေထဲမှာ တခုအပါအဝင်ဖြစ်တဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ပိုင်ဆိုင်မှုအတွက် အငြင်းပွားရာက မကြာခဏဆိုသလို ထိပ်တိုက်ရင်ဆိုင် တင်းမာမှုတွေ ပေါ်ပေါက်လေ့ရှိပါတယ်။