ဖိလစ်ပိုင်နိုင်ငံမှာ တနင်္လာနေ့က ကျင်းပခဲ့တဲ့ ဖိလစ်ပိုင်ရွေးကောက်ပွဲမှာ စကားပြောရင့်သီး ပြတ်သားသူ Rodrigo Duterte အနိုင်ရဖို့ သေချာ သလောက် ဖြစ်နေပါပြီ။
ရွေးကောက်ပွဲရလာဒ်အပြည့်အစုံ တရားဝင် ထွက်မလာသေးပေမဲ့ ရေတွက်ပြီး သလောက်မဲရလာဒ်တွေအရ Mr. Duterte ကရှေ့ပြေးနေတဲ့အပြင် သူနဲ့အဓိကပြိုင်ဘက်တွေဖြစ်တဲ့ ပြည်ထဲရေး ဝန်ကြီးဟောင်း Mar Roxas နဲ့ အထက်လွှတ်တော် အမတ် Grace Poe တို့က သူတို့ရှုံးနိမ့်သွားပြီဆိုတာ ဝန်ခံခဲ့ကြတဲ့အတွက် Rodrigo Duterte သာ ဖိလစ်ပိုင်ရဲ့ သမ္မတသစ်ဖြစ်လာတော့မှာပါ။
ဖိလစ်ပိုင်ရွေးကောက်ပွဲ ကော်မရှင်က မဲ ၉၅.၁၅ ရာခိုင်နှုန်းရေတွက်ပြီးချိန်မှာ Mr. Duterete က မဲစုစုပေါင်း ၁၅.၆ သန်းနဲ့ ဒုတိယလိုက်တဲ့ Manuel Roxas ထက် မဲ ၁၀ သန်းနီးပါးအနိုင်ရထားတာပါ။ သူသာ သမ္မတဖြစ်လာခဲ့ရင် ဖိလစ်ပိုင်နိုင်ငံထဲမှာ ရာဇဝတ်မှုတွေ၊ အဂတိလိုက်စားမှုတွေကို အမြစ်ပြတ်အောင်လုပ်သွားမယ်လို့ Davao မြို့တော်ဝန် Duterte က ရွေးကောက်ပွဲကတိပေးထားတာပါ၊
စကားကို ခပ်ကြမ်းကြမ်း ခပ်ပြတ်ပြတ်ပြောတတ်တဲ့ သူရဲ့ ပြောဆိုမှုတွေဟာ တခါတရံ အငြင်းပွားစရာဖြစ်ပေမဲ့ ဖိလစ်ပိုင်ပြည်သူအများစုက သူ့လိုလူမျိုးနိုင်ငံမှာ လိုအပ်တယ်လို့ဆိုပြီး ထောက်ခံခဲ့ကြပါတယ်၊ တချိန်က မင်းမဲ့နယ်မြေလိုဖြစ်နေတဲ့ Davao မြို့မှာ ရာဇဝတ်မှုတွေ ကင်းပြီး စီးပွားရေးတိုးတက်တဲ့ မြို့ဖြစ်အောင် သူအသွင်ပြောင်းခဲ့တဲ့အတွက်လဲ နိုင်ငံရေးအသိုင်းအဝိုင်းမှာ အသိအမှတ်ပြုခံရသူဖြစ်ပါတယ်။