နိုင်ငံသားတဦးချင်းစီရဲ့ လူ့အခွင့်အရေးနဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်တွေကို အာဏာပိုင်တွေဖက်က ဝင်ရောက်ထိပါးလို့မရအောင် အကာအကွယ်ပေးမယ့် နိုင်ငံသားများ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့ မကြာခင် ပြည်ထောင်စုလွှတ်တော်မှာ အဆုံးအဖြတ်ရယူတော့မှာဖြစ်ပါတယ်။
တချိန်ကာလ စစ်အစိုးရလက်ထက်တုန်းက အတိုက်အခံနှိမ်နင်းရေးအကြောင်းပြပြီး လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့်တွေကိုမငဲ့ကွက်ပဲ အာဏာပိုင်တွေရဲ့ ထင်သလို ဆောင်ရွက်မှုတွေ ထပ်မဖြစ်အောင် အကာအကွယ်ပေးမယ့် ဥပဒေဖြစ်တယ်လို့ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေက ကြိုဆိုခဲ့ကြပေမယ့်၊ နိုင်ငံတော်လုံခြုံရေးပိုင်း ဟာကွယ်ဖြစ်မယ်ဆိုပြီး စိုးရိန် မှုတွေလည်း ရှိနေတာတွေ့ရပါတယ်။ ဗွီအိုအေ သတင်းထောက် မမေခက စုံစမ်းမေးမြန်း သတင်းပေးပို့ထားတာပါ။
တချိန်က စစ်အစိုးရလက်ထက်မှာ နိုင်ငံရေးသမားတွေကို ခွင့်ပြုမိန့်တစုံတရာမပါဘဲ ဝင်ဖမ်းတာတွေ၊ နောက်ယောင်ခံလိုက်တာတွေကြောင့် နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်နဲ့ လုံခြုံမှုကို ကာကွယ်ပေးနိုင်ဖို့၊ အာဏာပိုင်တွေရဲ့ မတရားဖိနှိပ်မှုကို အကာအကွယ်ပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒီဥပဒေကြမ်းကို တင်သွင်းတာဖြစ်တယ်လို့ သိရပါတယ်။ ဥပဒေ ခွင့်ပြုချက်မပါပဲ နေအိမ်ကို ဝင်ရာက်ဖမ်းဆီးတာ ပစ္စည်းသိမ်းယူတာ ဖုံး စာ အစရှိတဲ့ ဆက်သွယ်ရေးစနစ်ကို ကြားဖြတ်ယူတာ နောက်ယောင်ခံလိုက်တာ စတာတွေကို တင်းတင်းကြပ်ကြပ်တားမြစ်ထားပါတယ်။ တည်ဆဲဥပဒေတရပ်ရပ်ကခွင့်ပြုလိုက်တဲ့ ကိစ္စကလွဲရင် ဘယ်တရား ရုံးခွင့်ပြုချက်မှမပါဘဲ ဘယ်သူ့ကိုမှ တရက်ထက်ကျော်လွန်ပြီး ချုပ်နှောင်ထားတာမလုပ်ရဘူးလို့လည်း ဒီဥပဒေမှာပြဌာန်းထားပြီး၊ ဒီလိုတားမြစ်ထားချက်တွေကိုဖောက်ဖျက်မယ်ဆိုရင် အနည်းဆုံးထောင် ၆လကနေ အများဆုံး ၅နှစ်အထိအပြစ်ပေးနိုင်တဲ့အပြင် ငွေဒဏ်အရ သုံးသိန်းကနေ သိန်း ၃၀အတွင်း ပေးဆောင်ဖို့ပြဌာန်း ထားပါတယ်။
ဒီဥပဒေဟာပြီးခဲ့တဲ့နှစ် စက်တင်ဘာလ လောက်ထဲက တင်သွင်းလာတဲ့ဥပဒေကြမ်းပါ။ ဒီဥပဒေပြဌာန်းဖို့ လွှတ်တော် ၂ရပ်မှာ ဆွေးနွေးခဲ့တာမှာ နိုင်ငံလုံခြုံရေးအတွက် ဒီဥပဒေကို ပြဌာန်းဖို့မသင့်သေးဘူးလို့ တပ်မတော်သားကိုယ်စားလှယ်ဘက်က တင်ပြခဲ့တာတွေရှိခဲ့ပါတယ်။ ဒီဥပဒေပြဌာန်းတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံတော်လုံခြုံရေးအတွက် မပြဌာန်းသင့်တဲ့ ဥပဒေလို့ ဝေဖန်မှုတွေရှိနေတဲ့ အပေါ် ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးထွန်းထွန်းဟိန်က အခုလိုပြောဆိုပါတယ်။
“ဘာကြောင့်ရေးဆွဲသလဲဆိုတော့ အန်ကယ်တို့က ဒီမိုကရေစီမှာဆိုတော့ အန်ကယ်တို့က Security of Life ဘ၀ ရဲ့ လုံခြုံမှုပေါ့နော် ၊ Security of Dignity ဂုဏ်သိက္ခာလုံခြုံမှု ၊ ဒါလည်းလိုပါတယ်။ မိမိမှာရှိတဲ့ ပစ္စည်းတွေလုံခြုံမှုလည်းလိုတယ်၊ အဲဒီအတွက် အကွာအကွယ်ပေးနိုင်ဖို့ အန်ကယ်တို့ ဒါကို ပြဌာန်းတာပါ။ ဥပဒေကို သေချာဖတ်ကြည့်လိုက်ပါ၊ တကယ်တော့ ရာဇဝတ်မှု ကျူးလွန်တဲ့လူတွေဆိုရင်လည်း ရာဇဝတ်မှုကျူးလွန်တာ ၊ ဥပမာ မူးယစ်ဆေးဝါးတို့ ဆိုရင်လည်း ဥပဒေကနေပြီးတော့ ခွင့်ပြုပေးထားတဲ့၊ ဥပဒေကနေပြီးတော့ စုံစမ်းဖို့ပေးထားတဲ့ ဥပဒေတွေလည်းအများကြီးရှိပါတယ်။ မူးယစ်ဆေးဝါး ကိုနောက်ခံလိုက်တာနဲ့၊ သာမန်ပြည်သူတယောက်ကို နောက်ခံလိုက်တာ မတူပါဘူး။ ဆိုတော့ အန်ကယ်တို့က မျှမျှတတ စဉ်းစားရမှာ ဒီအတိုင်းပြောနေမယ်ဆိုရင်တော့ ပြောစရာတွေတော့ အများကြီးပါပဲ။”
ဒီဥပဒေကိုပြဌာန်းနိုင်ဖို့ လွှတ်တော် ၂ရပ်မှာ ဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။ဒါပေမယ့် ဒီဥပဒေမှာပါတဲ့ စကားအသုံးအနှုန်းတွေနဲ့ ပတ်သတ်လို့ လွှတ်တော် ၂ခုသဘော ထားကွဲလွဲနေလို့မကြာခင်မှာ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲ အဆုံးအဖြတ်ရယူသွား ဖို့ရှိနေပါတယ်။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် လွှတ်တော် ၂ရပ်စလုံးမှာ သဘောထားကွဲလွဲချက်အချက် ၇ချက်နီးပါးရှိပြီး ဒီ ၇ချက်နီးပါးဟာ စကားအထားအသိုနဲ့ အဓိပ္ပါယ်ဆိုလိုရင်းတွေလွဲတာသာဖြစ်တယ်လို့ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။
ဒီဥပဒေကြမ်းနဲ့ပတ်သတ်လို့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမြအေးကတော့ အခုလိုသုံးသပ်လိုက်ပါတယ်။
“အဓိကတော့ နိုင်ငံသားတယောက်ရဲ့ လုံခြုံမှုပေါ့ဗျ၊ နောက်လွတ်လပ်ခွင့် ဒီ၂ ခုကို ကျနော်မြင်တာကတော့ ဥပဒေပြဌာန်းပြီးတော့မှ အကာအကွယ်ပေးသင့်တယ်လို့ ကျနော်ကတော့ မြင်တယ်လေ။ ကျနော့်စီးပွားရေးလုပ်ငန်းကြီးတခုလုံး ဘာအကြောင်းပြချက်မှ မရှိပဲနဲ့ ကျနော်ထောင်မကျခင်က သိမ်းလိုက်တယ်၊ ကျနော် ထောင်က လွှတ်လာပြီး ၁ နှစ်လောက်ကြာမှ ပြန်ရတာလေ၊ နောက်တခါ နေ့နေ့ညညကျနော်တို့ စောင့်ကြည့် ခံရတဲ့ကိစ္စတွေ ဒါတွေကတော့ ကျနော်မြင်တာကတော့ ဒီလိုဖြစ်ရပ်မျိုးတွေမရှိအောင်တော့ နိုင်ငံသားတွေကို အကာအကွယ်ပေးသင့်တယ်၊ အကာအကွယ်ပေးတဲ့ ဥပဒေတရပ်ရှိသင့်တယ် လို့ကျနော်မြင်တယ်။ နောက်တခုက လုံခြုံရေး ၊ ဒီလုံခြုံရေးအကြောင်းပြချက်က သိပ်ဆိုးတယ်ဗျ။ နိုင်ငံမှာတော့ ဒုစရိက်တွေ ကျဆင်းအောင် အဲဒါတွေတော့ လုပ်ရမှာပဲလေ၊ ဒါပေမယ့် ဒီလုံခြုံရေးကို အကြောင်းပြပြီးတော့ တည်ဆဲဥပဒေထက် ကျော်လွှန်ပြီးတော့မှ နိုင်ငံသားအခွင့်အရေးကို ပိတ်ပင်တာမျိုး တားဆီးတာမျိုး ချုပ်ချယ်တာမျိုး ကန့်သတ်တာမျိုးကတော့ မဖြစ်သင့်ဘူးလို့ ကျနော်မြင်တယ်။”
ဒီဥပဒေကြမ်းစတင်တင်သွင်းချိန် လွှတ်တော်၂ရပ်လုံးမှာဆွေးနွေးချိန်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က လုံခြုံရေး ခေါင်းစဉ်အောက်ကနေကန့်ကွက်မှုတွေလုပ်ခဲ့ကြပါတယ်။ နိုင်ငံတကာမှာလဲ တဦးချင်းဆီရဲ့လူ့အခွင့်အရေးနဲ့ လုံခြုံရေးကိုကာ ကွယ်ပေးတဲ့ ဥပဒေတွေကိုထောက်ခံသူတွေရှိသလို နိုင်ငံလုံခြုံရေးဆိုင်ရာ ကိစ္စပိုင်း တွေကြောင့်ဒီလိုဥပဒေမျိုးကိုကန့်ကွက်တာမျိုး တွေလည်းရှိနေပါတယ်။
လက်ရှိ ဒီဥပဒေကိုတင်သွင်းတဲ့ ပါတီက လက်ရှိလွှတ်တော်တွင်းလူအင်အားအများဆုံးရှိနေတဲ့ NLD ပါတီ၊ အာဏာရအစိုးရပါတီဖြစ်တာကြောင့် ဒီဥပဒေဟာ အရင်အစိုးရလက်ထက်မှာတုန်းကလို အငြင်းပွားဝေဖန်မှုတွေရှိနေပေမယ့် အတည်ပြုနိုင်မယ့်သဘောရှိပါတယ်။ လတ်တလောမှာလည်း ဒီဥပဒေကိုနိုင်ငံရေးသမား၊ တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးသမားတွေက ကြိုဆိုလျက်ရှိပါတယ်။