သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု လွတ်မြောက်မှုနဲ့အတူ နိုင်ငံရေး အပြောင်းအလဲ လူထုမျှော်လင့်


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် ကြိုဆို နှုတ်ဆက်နေသည့် ပြည်သူများ။ နိုဝင်ဘာ ၁၃၊ ၂၀၁၀။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် ကြိုဆို နှုတ်ဆက်နေသည့် ပြည်သူများ။ နိုဝင်ဘာ ၁၃၊ ၂၀၁၀။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို ရန်ကုန်မြို့မှာ ပြည်သူတွေက ထောင်နဲ့သောင်းနဲ့ ချီပြီး အားရဝမ်းသာ ကြိုဆိုခဲ့ကြသလို နယ်မြို့တွေက ပြည်သူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့ သတင်းတွေကို အလေးထား စောင့်ကြည့် နားထောင်ရင်း နိုင်ငံရေး အပြောင်းအလဲ တခုကို မျှော်လင့်နေကြပါတယ်။ တချိန်တည်းမှာပဲ နယ်မြေဒေသ အတော်များများက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေကတော့ နိုင်ငံရေး လှုပ်ရှားမှုတွေ ဆက်လက် ဆောင်ရွက်ဖို့ ပြင်ဆင်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက် နယ်မြို့တွေက အခြေအနေတွေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က စုစည်း တင်ပြထားပါတယ်။

ဒီလ ၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲခိုးတာတွေ၊ မဲလိမ်တာတွေ၊ အတင်းအကျပ် ဖိအားပေး မဲထည့်ခိုင်းတာတွေ၊ မမျှမတ လုပ်ဆောင်တာတွေ စတဲ့ အကြောင်းအချက်တွေနဲ့ ပတ်သက်ပြီး ဝေဖန် ကန့်ကွက်သံတွေ ဆူဆူညံညံ ထွက်ပေါ်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာ ဖြစ်ပါတယ်။

ဒီလို လွတ်မြောက်လာချိန်မှာတော့ လူထုက ရွေးကောက်ပွဲကို မေ့ပျောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတွေကိုပဲ ဆွေးနွေးနေကြတယ်လု့ိ ဟားခါးမြို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ချင်းပြည်နယ် ဥက္ကဋ္ဌ ဦးဘန်လျံက ပြောပါတယ်။

“ကျနော်တို့ ဟားခါးမြို့မှာတော့ နေရာ အနှံ့အပြားမှာ ဒါပဲ ဆွေးနွေးနေကြတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးရင်တော့ တခြား အဖြစ်အပျက်လေးတွေက အသေးအမွှား ပြန်ဖြစ်သွားပြီဗျ။ လူတွေကလည်း မဲပေးခဲ့တဲ့ ကိစ္စတွေကို သိပ်စိတ်မဝင်စားကြတော့ဘူး။ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုခြေလှမ်း လှမ်းမလဲ၊ ဘယ်လိုလုပ်မလဲ ဆိုပြီးတော့ ကျနော့်ကိုလည်း ရန်ကုန် ဘယ်တော့ဆင်းမလဲ ဆိုပြီးတော့ အဲဒါ လာမေးတဲ့ မေးခွန်းတွေပဲ များနေတယ်။ ဒေါ်အောင်ဆန်းစုကြည် ထွက်လာတာလည်း ပြည်သူတွေ မျှော်လင့်ချက် ကုန်ခန်းတဲ့အချိန် ထွက်လာတော့ ပြည်သူတွေ အတိုင်းထက်အလွန် ဝမ်းသာနေကြတယ်။”

ဟားခါးမြို့က NLD အဖွဲ့ဝင်တွေဟာ ပါတီ မရပ်တည်နိုင်ရင်တောင်မှ ဒေါ်အောင်ဆန်းစုကြည် ပြောထားတဲ့အတိုင်း လူထုအကျိုးပြု လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လု့ိ ဦးဘန်လျံက ပြောပါတယ်။

“၁၈ ရက်နေ့မှာ ရုံးချိန်းရှိတယ်။ ရုံးချိန်းမှာ ကျနော်တို့ နိုင်ရင်တော့ ကျနော်တို့ တရားဝင် ပြန်ပြီးတော့ လှုပ်ရှားမယ်။ ရုံးချိန်းမှာ တခုခု ဖြစ်သွားရင်တော့ ကျနော်တို့ဟာ သူပြောတဲ့ အတိုင်းပေါ့လေ၊ ပါတီမရှိရင်တောင်မှ ပြည်သူလူထု ရှိသမျှ ကာလပတ်လုံး နိုင်ငံ့အရေးအတွက် ဆောင်ရွက်မယ်လို့ ကျနော်တို့ သန္နိဋ္ဌာန် ချထားပါတယ်။ အဲဒီကိစ္စကို မနက်ဖြန် ကျယ်ကျယ်ပြန့်ပြန့် ပါတီတွင်းမှာ ညှိနှိုင်းမယ်။”

စစ်ကိုင်းတိုင်း ရွှေဘိုမြို့က အခြေအနေကိုတော့ ၁၉၉၀ ခုနှစ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က အခုလို ပြောပါတယ်။

“ရွှေဘိုမှာလား၊ မြို့နေလူထုက ဒါကိုပဲ ကြည့်နေကြတာ။ ဒီဗွီဘီကြည့်လိုက်၊ အယ်လ်ဂျာဇီးယား ကြည့်လိုက်။ ဒါတွေပဲကြည့်ပြီး ဒါတွေပဲ ဝမ်းသာနေကြတာ။ မြို့နေလူထုက ဒေါ်စုနဲ့ ဖြေရှင်းမှ ပြဿနာအားလုံး ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြတယ်လေ။ ရွေးကောက်ပွဲကိုလည်း ဘယ်သူကမှ စိတ်မဝင်စားကြဘူး။ စစ်ကိုင်းတိုင်းမှာလည်း ကျနော်တို့အားလုံး ဒေါ်စုရဲ့ ခေါင်းဆောင်မှု နောက်မှာပဲ တညီတညွတ်တည်း လိုက်ပါဖို့ လုပ်နေပါတယ်။ ရွှေဘိုမှာလည်း ဒီနေ့ အစည်းအဝေး လုပ်ကြပါတယ်။ အားသစ်လောင်းတာပေါ့ဗျာ၊ ကျနော်တို့မှာ။ သူ့နောက်မှာ မားမားမတ်မတ် သေဆိုသေ၊ ရှင်ဆိုရှင်၊ ခိုင်းရာ ကျနော်တို့ လုပ်ကြမှာပဲ။”

ကချင်ပြည်နယ် မိုးညှင်းဘက်မှာလည်း ဒေသခံတွေဟာ ရေဒီယိုနဲ့ တီဗွီသတင်းတွေ နားထောင် စောင့်ကြည့်ရင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို ဝမ်းသာနေကြတယ်လို့ NLD ပါတီ ခေါင်းဆောင်တယောက်က အခုလို ပြောပါတယ်။

“လမ်းလျှောက်သွားရင်ကိုပဲ မျက်နှာတွေက ပီတိရွှမ်းနေတဲ့ မျက်နှာတွေနဲ့ တွေ့နေရတာပါပဲ။ သွားလိုက်ပြီဆိုလို့ရှိရင် ကျနော်တို့ တပည့်ဟောင်းတွေ၊ အသိမိတ်ဆွေဟောင်းတွေ ဆိုရင် ဟာဗျာ ကျနော်တို့ ဝမ်းသာတယ်ဗျာ၊ တီဗွီမှာ ကြည့်ရတာ ကျက်သရေ ရှိတယ်ဗျာ၊ ဒါမျိုးတွေပေါ့လေ။ တီဗွီမရှိတဲ့ သူတွေကလည်း ရေဒီယို နားထောင်ရတာ ဝမ်းသာပီတိ ဖြစ်ရပါတယ်ပေါ့ဗျာ။ ဒါမျိုးတွေပေါ့။ တွေ့လိုက်တဲ့ လူတိုင်းလိုပါပဲ၊ အကုန်လုံးလိုပါပဲ ဝမ်းသာအားရ ဖြစ်ကြတာပေါ့ဗျာ။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကချင်ပြည်နယ်ကတော့ ရှေ့လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး မကြာမီရက်တွေမှာ ဗဟိုကို သွားရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်မှာ ပါတီတွင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ကိုလည်း အကြမ်းအားဖြင့် လျာထားတယ်လို့ ပြောပါတယ်။

မကွေးတိုင်း ရေနံချောင်းမြို့က NLD ပါတီ အမျိုးသမီးခေါင်းဆောင် ဒေါ်ခင်စောဌေးကတော့ သူတို့အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖု့ိနဲ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာအောင် ဆက်လက်ဆောင်ရွက်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေ လွတ်ဖို့ ကျန်သေးတယ်လေ။ အဲတော့ တိုင်းရင်းသား ခေါင်းဆောင်တွေ အပြင်ကို ကိုကိုကြီးတို့၊ ကိုဌေးကြွယ်တို့၊ မင်းကိုနိုင်တို့ လွတ်ဖို့ ဆက်လက် လှုပ်ရှားဦးမှာပဲ။ တွေ့ဆုံဆွေးနွေးရအောင်ပါလို့ ဘယ်လိုပဲ တောင်းဆို တောင်းဆို နအဖက အရင်တုန်းက ပယ်ချခဲ့တယ်ပေါ့နော်။ သို့သော်လည်း ဒီနေ့ ဒီချိန်ခါ မြန်မာ့နိုင်ငံရေးဟာ အထွေထွေ အကျပ်အတည်းနဲ့ ပေါ်လာတဲ့အခါမှာ တွေ့ဆုံဆွေးနွေးဖို့ရာ သူတို့ ကမ်းလှမ်းလာအောင် အန်တီတို့ ပါတီဝင်တွေက လှုပ်ရှားပေးရမှာပေါ့။”

ရေနံချောင်း NLD အဖွဲ့ဝင်တွေဟာ နောက်တပတ်အတွင်းလောက်မှာ ရှေ့လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်ကို သွားရောက်ဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို လက်မခံနိုင်တာကြောင့် ထပ်မံ မှတ်ပုံတင်ခြင်း မရှိဘဲ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ မြန်မာစစ်အစိုးရက ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်က NLD ပါတီကို တရားဝင်အဖြစ်က ပယ်ဖျက်ထားပေမဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့ နောက်မှာတော့ နိုင်ငံရေး လှုပ်ရှားမှုတွေဟာ ပိုမို တိုးမြင့်လာမယ့် အခြေအနေမှာ ရှိနေပါတယ်။

XS
SM
MD
LG