သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝက်လက်အနောက်ခြမ်း လေကြောင်းတိုက်ခိုက်မှု ဒေသခံအမျိုးသမီးတဦး ကျည်ထိမှန်သေဆုံး


စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်။ (MIMU)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်။ (MIMU)


[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ ဒီနေ့မနက်ပိုင်းက မြန်မာစစ်တပ်နဲ့ဒေသခံ PDF လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး မြန်မာစစ်တပ်ဘက်က လေကြောင်းကတိုက်ခိုက်ခဲ့ရာမှာ ဒေသခံအမျိုးသမီးတဦး ကျည် ထိမှန်သေဆုံးခဲ့တယ်လို့လည်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့ကလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာ နယ်မြေရှင်းလင်းရေး ပ်နေတဲ့ မြန်မာစစ်တပ်က စစ်ကြောင်းတလျှောက် ကျေးရွာတွေက ဒေသခံ ၁၂ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ ဝက်လက်မြို့နယ်အတွင်းကအခြေအနေ ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို အလိမ္မာကတင်ပြပေးထားပါတယ်။

ဝက်လက်မြို့နယ် အနောက်ခြမ်းမှာ ဒီကနေ့ မနက် ဒေသခံ PDF လက်နက်ကိုင် အဖွဲ့တွေက ရွှေပန်းကုံးရွာ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက် စစ်တပ်ဘက်ကလေကြောင်းက တုံ့ပြန် တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူတဦး သေဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက VOA ကို ပြောပါတယ်။

“ဒီကနေ့မနက် လေယာဉ်နဲ့ပစ်တာက ဝက်လက်မြို့နယ်အနောက်ခြမ်း ရွှေပန်းကုန်းကျေးရွာမှာ။ အပြန်အလှန် တိုက်ပွဲဖြစ်တာပေါ့နော်။ တိုက်ခိုက်ရင်းနဲ့ စစ်ကောင်စီရဲ့ မုံရွာ နမခ ကနေမှ Mi 35 နဲ့ ဒီဘက်ကို လာပစ်တယ်။ ၇ နာရီ မိနစ် ၂၀ မှာ ကျနော်တို့ ရွှေပန်းကုံးကျေးရွာကို ပစ်ခတ်တယ်။ ပစ်ခတ်ပြီးတော့မှ ဘာမှမဆိုင်ဘဲနဲ့ အရှေ့က ယင်းမတောရွာဘက်ကို လာပစ်တယ်။ အဲ့မှာ ပြည်သူအမျိုးသမီးတယောက်က အဲ့လိုပစ်လို့မို့ ကုတင်အောက်ကို ပုန်းဝင်တဲ့အချိန်မှာ ကုတင်ကနေ ပေါက်ပြီးမှ ခါးရိုးကိုမှန်လိုက်တာ။ အဲ့အမျိုးသမီးက အသက်ဆုံးရှုံးသွားပြီလို့တော့ သတင်းရထားပါတယ်။”

အောက်တိုဘာလ ၈ ရက်နေ့ကလည်း မြန်မာစစ်တပ်ဘက်က ဝက်လက်မြို့နယ်အရှေ့ခြမ်းကို လေကြောင်းကနေ တိုက်ခိုက်ပြီးတဲ့နောက် မြန်မာစစ်သား ၁၀၀ ဝန်းကျင်လောက်နဲ့ နယ်မြေရှင်းလင်းခဲ့တဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ နယ်မြေရှင်းလင်းရေးလုပ်ခဲ့တဲ့တလျှောက်က ကျေးရွာတွေကနေအိမ်တချို့ မီးရှို့ ဖျက်ဆီးခံခဲ့ရသလို ဒေသခံ ၁၂ ယောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

မင်းကုန်းရွာမှာစခန်းချခဲ့ကြတဲ့ စစ်ကောင်စီစစ်ကြောင်းနောက်တကြောင်းကတော့ အောက်တိုဘာ ၁၆ ရက်နေ့ က မင်းကုန်းရွာကထွက်အလာမှာ ဝက်လက်မြို့နယ် အရှေ့ခြမ်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြတယ်လို့ အဖွဲ့ဝင်တဦးက ပြောပါတယ်။

“၁၆ ရက်နေ့ သူတို့ မင်းကုန်းရွာကနေ ထွက်လာတဲ့အချိန်မှာ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တချို့နဲ့ တွေ့ပြီးတော့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်တယ်ပေါ့နော်။ ကျနော်တို့ဘက်မှာက အကျအဆုံးမရှိဘူး။ သူတို့ဘက်မှာက အသေအဆုံးရှိတယ်ဗျ။ အနည်းဆုံး သူတို့ဘက်က ၃ ယောက်လောက်သေတယ်။"

ထိခိုက်ဒဏ်ရာရတာတွေနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို သီးခြား အတည်ပြုချက် မရသေးပါဘူး။

အောက်တိုဘာ ၈ ရက်နေ့က ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ PDF တပ်စခန်းတခုကို မြန်မာစစ်တပ်ဘက်က လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့ သေဆုံး၊ ပျောက်ဆုံးတာတွေရှိခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ဒါပေမယ့် အရေအတွက်အတိအကျတော့ ပြောဆိုခြင်း မရှိသေးသလို အတည်ပြုချက် မရသေးပါဘူး။ ဒီကနေ့ အောက်တိုဘာ ၁၇ ရက်မှာလည်း ဝက်လက်မြို့နယ်အနောက်ခြမ်းကို မြန်မာစစ်တပ်ဘက်က လေကြောင်းကနေ ထပ်ပြီး တိုက်ခိုက်ခဲ့တာပါ။ ဝက်လက်မြို့နယ်အတွင်းမှာ မြန်မာစစ်တပ်ရဲ့ ကုန်းကြောင်းကနေရော လေကြောင်းကနေပါ ထိုးစစ်ဆင်နေတာတွေကြောင့် ကျေးရွာအတော်များများက ဒေသခံ သောင်းနဲ့ချီပြီး စစ်ဘေးရှောင်နေကြရတာပါ။

မြန်မာစစ်တပ်က လေကြာင်းကနေ တိုက်ခိုက်ခဲ့တဲ့ နေရာနဲ့အနီးဝန်းကျင်က ကျေးရွာ ၁၅ ရွာထက်မနည်းက ဒေသခံတွေဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးနေကြရဆဲဖြစ်ပါတယ်။ မြစ်ကမ်းတလျှောက်နဲ့ မြစ်ကမ်းနဲ့ နီးတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာ တောတောင်တွေထဲနဲ့ အနည်းငယ်ပိုဝေးတဲ့ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ပါတယ်။ ဒီဒေသ ကျေးရွာတွေမှာ PDF တွေကကျေးရွာတွေမှာအခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီး မြန်မာစစ်တပ်က စွပ်စွဲထားပါတယ်။ ဒီအကြောင်းပြချက်နဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက် တိုးပြီး လုပ်လာနေသလို စစ်ဘေးရှောင်တွေ ပိုပြီးတိုးလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

--------------











XS
SM
MD
LG