သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးထင်ကျော်ကို နိုင်ငံတော်သမ္မတသစ် အဖြစ်ရွေးချယ်


 နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော် နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော် နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံရဲ့သမိုင်းမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး အရပ်သားသမ္မတတယောက်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် ယုံကြည်အားထားရသူ ဦးထင်ကျော်ကို ထောက်ခံမဲအများဆုံးနဲ့ ပြည်ထောင်စုလွတ်တော်ကနေ ရွေးကောက်တင်မြှောက်လိုက်ပါပြီ။ တပ်မတော်သားကိုယ်စားလှယ်တွေတင်သွင်းတဲ့ ဒုသမ္မတဦးမြင့်ဆွေက ဒုတိယမဲအများဆုံးနဲ့ အမျိုးသားလွှတ်တော်ရဲ့ ဒုသမ္မတ ဦးဟင်နာရီဗန်ထီးယူကို တတိယမဲအများဆုံးနဲ့ ဒုသမ္မတများအဖြစ် ရွေးကောက် တင်မြှောက်လိုက်တာပါ။ နေပြည်တော်ကိုရောက်ရှိနေတဲ့ VOA ရန်ကုန်ရုံးခွဲတာဝန်ခံ ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

ပြည်ထောင်စုလွှတ်တော်က စိစစ်ရွေးချယ်ထားတဲ့ ဒုသမ္မတဦးထင်ကျော်ကို ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ ထောက်ခံမဲ အရေအတွက် အများဆုံးနဲ့မြန်မာနိုင်ငံရဲ့ ပထမဆုံးအရပ်သား သမ္မတတဦးအဖြစ် ရွေးကောက်တင်မြှောက်လိုက်တဲ့အကြောင်း ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းသန်းက အခုလိုကြေညာလိုက်ပါတယ်။

“ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ နိုင်ငံတော် သမ္မတလောင်း ဦးထင်ကျော်က ထောက်ခံမဲ ၃၆၀ မဲဖြင့် အများဆုံး ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ နိုင်ငံတော် သမ္မတလောင်း ဦးမြင့်ဆွေက ထောက်ခံမဲ ၂၁၃ မဲဖြင့် ဒုတိယအများဆုံး၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ နိုင်ငံတော် သမ္မတလောင်းဦးဟင်နာရီဗန်ထီးယူက ထောက်ခံ ဆန္ဒမဲ ၇၉ မဲဖြင့် တတိယအများဆုံးရရှိပါတယ်။ ဒါကြောင့် ထောက်ခံ ဆန္ဒမဲ အများဆုံးရရှိတဲ့ ဦးထင်ကျော်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ကြောင်း ကြေညာပါတယ်။”

ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွတ်တော်ကို လွှတ်တော် ၂ ရပ်ပေါင်းက ကိုယ်စားလှယ် ၆၅၂ ဦးတက်ရောက်ပြီး လျှို့ဝှက်မဲပေးခဲ့ကြတာဖြစ်ပါတယ်။

ပြည်ထောင်စုလွတ်တော်နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြောက်ကြောင်း ကြေညာအပြီး၊ အစည်းအဝေးပြီးဆုံးချိန် ပြည်ထောင်စု လွှတ်တော်ကနေ ပြန်လည်ထွက်ခွာ တော့မယ့် ဦးထင်ကျော်က အခုလို အရွေးချယ်ခံရတာဟာ ပြည်သူတွေရဲ့ အောင်ပွဲပါဘဲလို့ ပြောဆိုလိုက်ပါတယ်။

“ပြည်သူတွေရဲ့ စေတနာ၊ မေတ္တာ နဲ့ဖြစ်တာပါ။ ဒီကနေ့တော့ ပြည်သူတွေရဲ့အောင်ပွဲပါ ။အမ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်ပွဲပါ ။ ကျေးဇူးတင်ပါတယ်။”

ပြည်သူ့လွှတ်တော်မှာ မတ်လ ၁၃ ရက်နေ့က ကျင်းပတဲ့အစည်းအဝေးကနေ ဦးထင်ကျော်ကို ဒုတိယသမ္မတအဖြစ် ရွေးချယ်ခဲ့ပြီး၊ ပြည်ထောင်စုလွှတ်တော် သမ္မတရွေးချယ်စိစစ်ရေးအဖွဲ့ ကနေ သမ္မတလောင်းအဖြစ် မတ်လ ၁၄ ရက်နေ့က မဲခွဲအတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

အနှစ် ၅၀ ကျော်အတွင်း မြန်မာ့သမိုင်းမှာ ပထမဆုံး အရပ်သားသမ္မတ အဖြစ် မှတ်တမ်းတင်ရမယ့် အသက် ၇၀ အရွယ် ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည်က ကွယ်လွန်သူ မိခင်ကြီးဒေါ်ခင်ကြည်ကို ဂုဏ်ပြုတည်ထောင်ထားတဲ့ ပြည်သူ့အကျိုးပြူ ပရဟိတလုပ်ငန်းတွေကို ပံ့ပိုးနေတဲ့ ဒေါ်ခင်ကြည် ဖေါင်ဒေးရှင်းရဲ့ အလုပ်အမှူဆောင်တဦးဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဒုတိယသမ္မတလောင်းတွေအဖြစ် ဦးထင်ကျော်ကို ရွေးချယ်ရာမှာ သစ္စာရှိမှု၊ စည်းကမ်းလိုက်နာမှု ၊မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ပြည်သူများ လေးစားကြည်ညိုသည့် ပညာတတ် ပုဂ္ဂိုလ် ဖြစ်တယ်ဆိုတဲ့ မူ ၃ ချက်နှင့် ရွေးချယ်တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူကို တိုင်းရင်းသားများ တန်းတူညီမ ျှရေးအတွက် ရွေးချယ်ခြင်းဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုဘူးပါတယ်။

XS
SM
MD
LG