ပြင်သစ်နိုင်ငံရဲ့ အကြမ်းဖက်မှုဆိုင်ရာဥပဒေဟာ တရားစီရင်ရေးအခြေခံမူတွေနဲ့ ဆန့်ကျင်နေတယ်လို့ Amnesty International ခေါ် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ က ပြောကြားလိုက်ပါ တယ်။ ပြင်သစ်နိုင်ငံမှာ မကြာသေးမီက အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွါးခဲ့ပြီးတဲ့နောက် အရေးပေါ်အခြေအနေကို အစားထိုးဖို့ ပြဌာန်းလိုက်တဲ့ ဥပဒေတွေမှာ အကြမ်းဖက်သမားဖြစ်နိုင်ဖွယ် ရှိသူတွေကို ပြစ်မှုမကျူးလွန်ခင် ထိန်းချုပ် ကန့်သတ်နိုင်တယ်ဆိုတဲ့ အချက်ဟာ တရားစီရင်ရေးမူ အရ တိမ်းချော်နေတယ်လို့ ထောက်ပြတာပါ။ VOA သတင်းထောက် Henry Ridgwell ပေးပို့ထားတဲ့ သတင်းလွှာကို ဦးကျော်ဇံသာက တင်ပြထားပါတယ်။
ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၀၀ သေဆုံးခဲ့ရတာဟာ ဒီ နိုဝင်ဘာလဆိုရင် သုံးနှစ် ပြည့်မြောက်ခဲ့ပါပြီ။ အဲဒီလို ကြီးမားတဲ့ အကြမ်းဖက် ခြိမ်းခြောက်မှုမျိုးကို တန်ပြန်နိုင်ဖို့အတွက် ဥပဒေသစ်တွေ လိုအပ်တယ်လို့ ပြင်သစ်တို့က ပြောနေကြတာပါ။ ၂၀၁၅ နိုဝင်ဘာမှာ ပါရီမြို့တော် ဘာတန်ကလန်တဝိုက် တိုက်ခိုက်မှုတွေ၊ အဲဒီနောက် Saint-Denis အားကစားကွင်းတဝိုက် တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် ပြင်သစ်အစိုးရက အရေးပေါ်အခြေအနေတရပ်ကို နှစ်နှစ်တာ ကြေညာ သတ်မှတ်ထားခဲ့ပါတယ်။
အဲဒီနောက် ၂၀၁၇ မှာတော့ အဲဒီအရေးပေါ်အခြေအနေကို ရုပ်သိမ်းပြီး အစားထိုးတဲ့အနေနဲ့ Strengthening Internal Security and the Fight Against Terrorism SILT လို့ခေါ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ တရပ်ကို ပြဌာန်းလိုက်ပါတယ်။ ပြင်သစ်ပြည်ရဲ့ ဒီဥပဒေဟာ အုပ်ချုပ်ရေးအမိန့်နဲ့ ထိန်းချုပ် ဟန့်တားပိုင်ခွင့် အာဏာမျိုးကို အစိုးရက ကျင့်သုံးနိုင်အောင် တရားစီရင်ရေးဆိုင်ရာ မူတွေကို သေချာ ထည့်သွင်း မစဉ်းစားဘဲ ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့ ခွင့်ပြုထားတာဖြစ်တယ်လို့ Amnesty International ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က Eda Seyhan က ဆိုပါတယ်။
“ထိန်းချုပ်ပိုင်ခွင့်တွေအရဆိုရင် လူပုဂ္ဂိုလ် တဦးတယောက်ရဲ့ လှုပ်ရှားမှုကို ရာဇဝတ်တရားစီရင်ရေးနဲ့ လုံး၀ မပတ်သက်ဘဲ အစိုးရက လုံး၀ ချုပ်ကိုင်ထားနိုင်ပါတယ်။ စွဲချက်တင်စရာလဲ မလိုပါဘူး။ သံသယရဲ့ အကျိုး ခံစားခွင့်လည်း မရှိတော့ပါဘူး။ ဥပမာအားဖြင့် လူတယောက်ကို သတ်မှတ်ထားတဲ့နေရာက အပြင်ကို မသွားရ ဘူး၊ ရဲစခန်းကို သတင်းပို့နေရမယ်၊ ဘယ်သူဘယ်ဝါနဲ့ မဆက်ဆံရဘူး စသဖြင့် တားမြစ်ထားတာဖြစ်ပါတယ်။”
တကယ်တော့ ပြင်သစ်နိုင်ငံဟာ မကြာသေးမီနှစ်တွေအတွင်း ဆိုးရွားပြင်းထန်လှတဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေ အများကြီး ကြုံတွေ့ခဲ့ရတဲ့နိုင်ငံဖြစ်ပါတယ်။ အဲဒီအထဲမှာ ၂၀၁၅ နိုဝင်ဘာ ချာလီ အဘ္ဘဒူ မဂ္ဂဇင်းပစ်ခတ်မှု၊ ၂၀၁၆ အမျိုးသားနေ့ နီးစ်မြို့မှာ ထရပ်ကားနဲ့တိုက်ခိုက်မှုကြောင့် လူပေါင်း ၈၇ ဦး သေဆုံးခဲ့ရတဲ့ကိစ္စ- စတာတွေလည်း ပါဝင်ပါတယ်။ ဒီလို အကြမ်းဖက်မှုအန္တရာယ်နဲ့ သဘောသဘာဝ အတိုင်း အဆတွေဟာ အင်မတန် ဆိုးရွားပြင်းထန် ကြီးမားနေတဲ့အတွက် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်လာ နိုင်ဖွယ် ရှိတဲ့ကိစ္စကို ဟန့်တားဖို့ သံသယရှိသူတွေကို စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ ပြင်သစ်အစိုးရကတော့ အခိုင်အမာ ပြောကြားနေပါတယ်။ အခု ပြင်သစ်နိုင်ငံရဲ့နမူနာကိုလိုက်ပြီး ကျန်ဥရောပနိုင်ငံအများအပြားကလည်း အလားတူ လုပ်ဆောင်နေကြတယ်တယ်လို့ Amnesty International က Seyhan က ဆိုပါတယ်။
“အခု ပြင်သစ်မှာ လုပ်ကိုင်နေသလိုပဲ Dutch ပါလီမန်ကလဲ အစိုးရကို အလားတူ အခွင့်အာဏာတွေ ပေးအပ် ထားတဲ့ ဥပဒေတရပ် ပြဌာန်းထားပါတယ်။ ဂျာမဏီကလည်း ပြည်ထောင်စုရဲတွေက သူတို့လုပ်ပိုင်ခွင့် အာဏာ ကို တိုးချဲ့ထားပါတယ်။ ဆွစ်ဇာလန် ပြည်ထောင်စုပါလိမန်ကလည်း အန္တရယ်ပြုနိုင်တဲ့ လူပုဂ္ဂိုလ်တွေကို သူတို့ဟာသူတို့ သတ်မှတ်ပြီး အပြင်းအထန်ကန့်သတ်ထိန်းချုပ်နိုင်တဲ့ ဥပဒေတရပ် လောလောဆယ် အကောင်အထည် ဖော်နေပါတယ်။”
အခုအခါ နိုင်ငံတွေအနေနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ဥပဒေတွေ ပြဌာန်းရမယ်ဆိုတာကတော့ Amnesty International က အသိအမှတ်ပြုပါတယ်။ ဒါပေမယ့်လည်း အဲဒီဥပဒေတွေဟာ တည်ရှိဆဲ တရားဥပဒေဆိုင်ရာ အခြေခံမူတွေနဲ့ လူ့အခွင့်အရေးကိုတော့ လေးစားလိုက်နာသင့်တယ်လို့လည်း ပြောဆိုနေပါရဲ့ခင်ဗျာ။