စစ်တပ်ကနေ ပစ်ခတ်လို့ သေဆုံးသွားခဲ့ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီးရဲ့အမှုနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က သက်သေတွေကို ပထမဦးဆုံးအကြိမ်အဖြစ် တရားရုံးတင် စစ်ဆေးခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင်း စစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံးသွားခဲ့ရတဲ့ ကိုပါကြီးနဲ့ပတ်သက်လို့ ကျိုက်မရောတရားရုံးမှာ သေမှုသေခင်းအမှုအတွက် ၉ ကြိမ်မြောက် ရုံးချိန်းအဖြစ် ဇွန်လ ၂၃ ရက်နေ့မှာ မနက်ပိုင်းကစပြီး တပ်မတော်သားသက်သေ ၁၁ ဦးကို ပထမဦးအကြိမ် စတင် စစ်ဆေးခဲ့ပါတယ်။
ကိုပါကြီးသေဆုံးတာဟာ ဓမ္မတာအတိုင်း သေဆုံးတာမဟုတ်ဘူးလို့ တရားရုံးကနေ အမိန့်ချခဲ့ကြောင်း ဇွန်လ ၂၃ ရက်နေ့ တရားခွင်အပြီးမှာ ကိုပါကြီးရဲ့ဇနီးဖြစ်သူ မသန္တာ က ပြောပါတယ်။
“ဒီနေ့မှစစစ်တာ။ ၁၁ ယောက် တပ်မ ၂၂ လက်အောက်ခံ တပ်ရင်း ၂၁၀ က ၁၁ ယောက် လာထွက်တယ်။ အဲဒီမှာ ကိုပါကြီးကို ပစ်တယ်ဆိုတဲ့ ၂ ယောက်ပါတယ်။ တပ်သား နိုင်လင်းထွန်းနဲ့ ဒုတပ်ကြပ် ကျော်ကျော်အောင်ဆိုတာ။ သူတို့ အရင်စစ်တပ်က ထုတ်ပြန်ကြေညာချက်အတိုင်းပဲ ဆီးသွားမယ်ပြောတယ်၊ အဲဒီအချိန်မှာ သေနတ်လုတယ်။ သေနတ်လုတဲ့အတွက် ပစ်လိုက်ရပါတယ်လို့ သူတို့ ထွက်ဆိုတယ်ပေါ့နော်။ အားလုံး ထွက်ဆိုပြီးတဲ့အခါကျတော့ ဟို ခဏစောင့်ဆိုပြီးတော့ နာရီဝက်လောက်စောင့်ဆိုပြီးတော့ အမိန့်ချလိုက်တယ်။ ဒီအမိန့် သေမှုသေခင်းအရ ဓမ္မတာပိုင်းသေတာ မဟုတ်ဘူး။ တစုံတဦးရဲ့ ပယောဂ၊ တစုံတဦးရဲ့ လက်ရောက်မှုကြောင့် သေနတ်ဒဏ်ရာနဲ့ သေဆုံးတာ ဟုတ်ပါတယ်။”
အင်္ဂါနေ့ တရားရုံးကနေ အခုလို အမိန့်ချမှတ်တာကတော့ ဥပဒေအကြောင်းအရ မျှတမှုရှိပေမဲ့ နောက်ဆက်တွဲ လုပ်ဆောင်ရမယ့်ကိစ္စတွေကို အာဏာပိုင်တွေက ဆောင်ရွက်ပေးတာ မရှိတဲ့အတွက် ဥပဒေကြောင်းအရ ညီညွတ်မှုမရှိဘူးလို့ တရားလိုဘက်က ရှေ့နေ ဦးကျော်လှစိုးက ပြောပါတယ်။
“တကယ်တမ်း အဲဒီလို အမိန့်ချပြီးပြီဆိုရင် ရဲမှူးကနေပြီးတော့ ချက်ခြင်း ပေးပို့ ဆောင်ရွက်ရမှာလေ။ ဒါပေမဲ့ အဲလို ဆောင်ရွက်ခြင်းမျိုးတော့ မရှိသေးဘူးပေါ့။ တရားရုံးကလည်း ဒီက ရှေ့နေကြီးတို့၊ မသန္တာတို့ကို ဆက်လုပ်စရာရှိတာ လုပ်ကြပါလို့ ပြောတယ်။ အမှန်တကယ်တော့ ကျနော်တို့ လုပ်စရာမလိုဘူး။ အမှန်တကယ် ဒီလို အမိန့်ချပြီဆိုတာနဲ့ ချက်ခြင်း ရဲကနေ အမှုဖွင့်မယ်။ ဖွင့်ပြီးတာနဲ့ ချက်ခြင်း သူတို့ inquiry လုပ်မယ်။ အမှုစစ်လို့ရပြီပေါ့ ဒါဆိုရင်။ ဒါ တယောက်ယောက် သတ်လို့ သေတယ်လု့ိ အမိန့်ချလိုက်ပြီဆိုတာနဲ့ ဒါ အမှုချက်ခြင်းကို ဆောင်ရွက်လို့ရပြီ။ လက်ရှိ ချတဲ့အမိန့်ကတော့ တရားမျှတမှုရှိတယ်၊ ဒါပေမဲ့ ရှေ့ဆက်သွားမယ့်လမ်းကြောင်းတော့ လုပ်သင့်လုပ်ထိုက်တာ မလုပ်ဘူးပေါ့ အဲလိုတော့ ပြောလို့ရပါတယ်။
တကယ်ပုံစံအရဆိုရင်တော့ သေမှုသေခင်းဖွင့်ပြီးတော့ ဒီလိုမျိုး အမိန့်ချလိုက်သလို ချက်ခြင်း ရှင်းရှင်းပြောရရင် ရဲက တရားလိုလုပ်ပြီးတော့ ချက်ခြင်း အမှုကောက်ဖွင့်မှာပဲ။ ဥပမာ - တရားခံမတွေ့သေးဘူးဆိုရင်လည်း သူတို့ ဆက်လုပ်မှာပေါ့။ တိုင်စရာ တောစရာ မလိုတော့ဘူးလေ။ ဒါ တရားရုံးကတောင်မှ သတ်လို့ သေပါတယ်ဆိုတဲ့ဟာကို ပေါ်လွင်ပြီးသွားပြီလေ။ အမိန့်ချပြီးသွားပြီလေ။”
ကိုပါကြီးသေဆုံးတဲ့အမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကလည်း လူ့အခွင့်အရေး ရှုဒေါင့်ကနေ စစ်ဆေးမေးမြန်းပြီး သမ္မတကို အစီရင်ခံစာ တင်ခဲ့ပါတယ်။ ဒီအစီရင်ခံစာထဲမှာ အမှုနဲ့ပတ်သက်လို့ နယ်ဘက်တရားရုံးမှာ လွတ်လပ်စွာ စစ်ဆေးခွင့်ပြုဖို့ အကြံပြုထားပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့လတွေတုန်းက ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရဲ့ အစီရင်ခံစာမှာတော့ တပ်မတော် အက်ဥပဒေပုဒ်မ ၇၁၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ တို့နဲ့ စစ်ဆေးခဲ့ပြီး တရားသေ လွှတ်မိန့် ချမှတ်ခဲ့ကြောင်းနဲ့ ဒီဆုံးဖြတ်ချက်ကို တိုင်းမှူး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်က အတည်ပြုခဲ့တာကို သိရှိရတယ်လို့ လူအခွင့်အရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ကိုပါကြီးသေဆုံးမှုနဲ့ ပတ်သက်လို့ အရာရှိစစ်သည်တွေကို အရေးယူတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ တပ်မတော် အက်ဥပဒေတို့နဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြန်ကြားချက်အရ သိရှိရကြောင်း၊ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အခုအခါမှာတော့ အရပ်ဘက်တရားရုံးကနေ တပ်မတော်သားတွေကို သက်သေအဖြစ် စစ်ဆေးခဲ့ပြီး သေမှုသေခင်းအမှုအရ ဓမ္မတာအတိုင်း သေဆုံးတာမဟုတ်ဘူးလို့ အမိန့်ချခဲ့တာ ဖြစ်ပါတယ်။