[[Zawgyi/Unicode]]
စားအုန်းဆီကို ပြည်ပကနေ အကန့်အသတ်နဲ့သွင်းနေရတဲ့ မြန်မာနိုင်ငံမှာ စားအုန်းဆီဈေးတွေ ဆက်တက်နေတဲ့အတွက် ဈေးတင်ရောင်းတာတွေ၊ ဈေးကစားတာတွေ မလုပ်ဖို့ စစ်ကောင်စီက သတိပေးထားပေမယ့် လက်လီဈေးကွက်မှာတော့ စားအုန်းဆီဈေးတွေက ဆက်တက်နေပါတယ်။ ပြည်တွင်းမှာ နိုင်ငံခြားငွေရှားနေတာ၊ အင်ဒိုနီးရှားဘက်က စားအုန်းဆီကို ခွဲတမ်းနဲ့ပဲ တင်ပို့တော့မှာ စတဲ့ အခြေအနေတွေကြောင့် ပြည်တွင်းမှာလည်း စားအုန်းဆီဈေးတွေ ဆက်ကောင်းနိုင်မယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
လာမယ့်ရက်ပိုင်းအတွက် အုန်းဆီ တပိဿာရဲ့တန်ဖိုးကို ၅,၇၂၅ ကျပ်သတ်မှတ်ထားကြောင်း စစ်ကောင်စီဘက်က ကြေညာထားပေမယ့် ရန်ကုန် လက်ကားဈေးကွက်မှာတော့ ဒီဈေးနှုန်းနဲ့ဝယ်မရဘဲ တပိဿာကို အနိမ့်ဆုံး ကျပ် ၇,၂၀၀ ရှိနေပါတယ်။ ဒီနေ့မေလ ၃၀ ရက်မှာဆိုရင် လက်လီတဆင့်ပြန်ဝယ်သူတွေကိုတောင် ရောင်းချဖို့ ဆီမရှိဘူးလို့ ဘုရင့်နောင်က ဆီကုန်စည်ဒိုင်ပိုင်ရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။
"ဟိုမှာပြောထားတဲ့ဈေးကတော့ ၅,၀၀၀ ကျော်ပဲရှိတာလေ။ ဒါပေမယ့် တခါမှ အဲလိုဈေးနဲ့တောင် မဝယ်ဖူးဘူး။ တခါမှတောင်မရဖူးဘူး။ အဲလိုဈေးတန်းတွေ။ ခေါ်သာခေါ်တယ် လက်ထဲမှာပစ္စည်းမှမရှိတာ၊ ရောင်းဖို့ပစ္စည်းမရှိဘူး။ မရှိတော့ ဈေးတန်းကတော့ တချို့ရှိတဲ့သူကျ သူတို့ရဲ့စိတ်ကြိုက်ဈေးနဲ့ ရောင်းတာပေါ့နော်။ မရှိတဲ့သူကျတော့လည်း ရောက်တော့မှ ဈေးဖွင့်မယ်ပေါ့ အဲလိုတွေ ရောင်းကြတယ်။"
ဘုရင့်နောင်ကုန်စည်ဒိုင်နဲ့ ညောင်ပင်လေးဈေး ဆီလက်ကား ရောင်းဝယ်တဲ့နေရာတွေမှာတောင် စားအုန်းဆီဈေးက တပိဿာကို ကျပ် ၇,၂၀၀ ဝန်းကျင်မှာရှိပါတယ်။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာတော့ တပိဿာကို ကျပ် ၇,၄၀၀ ပါ။ စားအုန်းဆီဈေးနဲ့အတူ ပြည်တွင်းက မြေပဲနဲ့နှမ်းလို ဆီထွက်သီးနှံတွေကလည်း ဈေးလိုက်တက်နေပါတယ်။ ဒါကြောင့် မြေပဲဆီတပိဿာကို လက်ကားဈေးမှာတောင် ကျပ်တသောင်းနီးပါးပေးဝယ်နေရတယ်လို့ စစ်ကိုင်းတိုင်းက ဆီကုန်သည်တဦးက ဗွီအိုအေကို ပြောပါတယ်။
"ဆီဈေးပြောရင် မြေပဲဆံဈေးမပြောလို့ မရဘူး၊ ပဲဆံဈေး မပြောလို့မရဘူး။ သူကယှဉ် တွဲနေတာဆိုတော့။ အခု ပဲဆီစစ်စစ်ကြိတ်တဲ့စက်ပေါ့နော်၊ မည်သည့်စက်မဆို ရောင်းကြေးက တပိဿာကို ၉,၀၀၀၊ ၁၀,၀၀၀။ ဆယ်ပိဿာပုံး တပုံးဆိုရင် ၉၀,၀၀၀ ကနေ ၁၀၀,၀၀၀ ပေါက်ဈေးရှိတယ်လေ။ စားအုန်းဆီ ပိတ်လိုက်တဲ့အတွက် နံပါတ်တစ်ကတော့ မြေပဲနဲ့ ပဲဆံဈေးတက်လာတယ်။ နောက် ဒုတိယလိုက်တဲ့ ဆီထွက်တဲ့ဟာတွေပေါ့။ နေကြာတို့ ဘာတို့ပေါ့ တက်လာတယ်။ အင်ဒိုနီးရှားက ပြည်ပကို ပို့မယ်ပဲပြောပြော ဒီဘက်ကအဓိကပဲလေ ဒီဘက်ကချုပ်ထားရင် ဖွင့်မလား၊ ပိတ်မလား၊ ရပ်မလား အဲဒီအပေါ်မှာ မူတည်တာပေါ့။"
စားအုန်းဆီပြည်ပတင်ပို့ခွင့်ရတဲ့ ကုမ္ပဏီတွေကို စားအုန်းဆီတန်ချိန် ၁,၀၀၀,၀၀၀ ( တသန်း) ခွဲတန်းချပေးမယ်လို့ အင်ဒိုနီးရှားအစိုးရက မေလ ၂၇ ရက်မှာ ကြေညာပါတယ်။ ပြည်တွင်းကိုလည်း ဒီရက်ပိုင်းထဲမှာ ပြည်ပကနေ စားအုန်းဆီဝင်လာဖို့ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရတယ်လို့ ကုန်သည်တချို့ကပြောပါတယ်။ ဒါပေမယ့် အမေရိကန်ဒေါ်လာငွေဈေးနဲ့ တင်သွင်းခွင့်အကန့်အသတ်တွေကြောင့် ဈေးအပြောင်းအလဲကို မခန့်မှန်းနိုင်သေးဘူးလို့ ပြောပါတယ်။
မေလ ၃၀ ရက်ကနေ ဇွန်လ ၅ ရက်အထိ တပတ်အတွင်း အရောင်းအဝယ်လုပ်ရမယ့် စားအုန်းဆီတပိဿာရဲ့ ရည်ညွှန်းဈေးနှုန်းကို ၅,၇၂၅ ကျပ်နဲ့ ရောင်းချဖို့ သတ်မှတ်ထားပါတယ်။ ဈေးကစားတာနဲ့ သိုလှောင်တာတွေ လုပ်ဆောင်မယ်ဆိုရင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအတိုင်း အရေးယူသွားမယ်လို့ စစ်ကောင်စီသတင်းပြန်ကြားရေးက မေလ ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
=============
[[Zawgyi/Unicode]]
=============