သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Malala ကို တိုက်ခိုက်ခဲ့သူ ၈ ဦး ပြန်လွှတ်


အမျိုးသမီးငယ်တွေ ပညာရေး ဦးဆောင် လှုပ်ရှားသူ နိုဘယ်လ်ဆုရှင် Malala Yousafzai
အမျိုးသမီးငယ်တွေ ပညာရေး ဦးဆောင် လှုပ်ရှားသူ နိုဘယ်လ်ဆုရှင် Malala Yousafzai

ပါကစ္စတန်နိုင်ငံမှာ အမျိုးသမီးငယ်တွေ ပညာရေး ဦးဆောင်လှုပ်ရှားမှု အတွက် နိုဘဲလ်ဆု ရရှိခဲ့တဲ့ Malala Yousafzai ကို တိုက်ခိုက်မှုနဲ့ ဖမ်းဆီးထောင်ချ ထားတဲ့ လူ ၁၀ ယောက်အနက် ၈ ယောက်ကို ပြန်လွှတ်ပေး လိုက်တဲ့ အကြောင်း ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲကပြောပါတယ်။ အမှုကျုးလွန်တယ်ဆိုတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ မတွေ့ရတာကြောင့် ဒီလူ ၈ ယောက်ကို ပြန်လွှတ်ပေး လိုက်တာလို့လည်း Swat တောင်ကြားဒေသ ရဲမှူး Salim Marwat က ပြောပါတယ်။

ပါကစ္စတန် အာဏာပိုင်တွေကတော့ မာလာလာကို တိုက်ခိုက်သတ်ဖြတ်ဖို့ စီစဉ်မှုနဲ့ ၁၀ ယောက်စလုံးမှာ အပြစ်ရှိကြောင်း ပြီးခဲ့တဲ့ ဧပြီလထဲမှာတုန်းကတော့ ဆုံးဖြတ်ခဲ့ပြီး၊ အနည်းဆုံး ထောင်ဒဏ်အစိတ်အထိ အပြစ်ပေးခဲ့တာပါ။ ဒါဟာဆိုရင် လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် အရေးယူခဲ့တာလည်း ဖြစ်ပါတယ်။

Swat တောင်ကြားဒေသမှာ ကျောင်းကအပြန် သေနတ်နဲ့ အပစ်ခံရချိန်မှာတော့ မာလာလာဟာ အသက် ၁၄ နှစ်သာ ရှိပါသေးတယ်။ တိုက်ခိုက်ခံရပေမဲ့ အသက်မသေ လွတ်မြောက်ခဲ့တဲ့ မာလာလာ ကတော့ ဆေးကုသမှု ခံယူဖို့ လေယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ရတဲ့ ဗြိတိန်နိုင်ငံမှာ ဆက်လက် နေထိုင်ခဲ့တာပါ။

ပါကစ္စတန်နိုင်ငံမှာရှိတဲ့ တာလီဘန် စစ်သွေးကြွအဖွဲ့ကတော့ တိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ ပြောဆိုခဲ့သလို၊ မာလာလာ ပါကစ္စတန်ကို ပြန်လာရင် ထပ်တိုက်ခိုက်ဦးမယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။ မာလာလာနဲ့ သူငယ်ချင်းတွေကို သေနတ်နဲ့ ပစ်ခဲ့သူအဖြစ် စွပ်စွဲခံထားရတဲ့ Ataullah Khan ကတော့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အလိုရှိနေတဲ့ ပါကစ္စတန် တာလီဘန်ခေါင်းဆောင် Mullah Fazlullah နဲ့အတူ အိမ်နီးချင်း အာဖဂန်နိုင်ငံမှာ ပုန်းအောင်းနေတယ်လို့လည်း ယူဆထားကြပါတယ်။

XS
SM
MD
LG