#Wildlife #VOABurmese #WWF #တောရိုင်းတိရိစ္ဆာန်ကာကွယ်ရေး
မြန်မာနိုင်ငံနဲ့ အာရှ - ပစိဖိတ်ဒေသတဝှမ်းမှာ တောရိုင်းတိရစ္ဆာန်တွေကို အွန်လိုင်းကနေတဆင့် တရားမဝင်အရောင်းအဝယ်လုပ်တာတွေ ဟန့်တားဖို့နဲ့ ကပ်ရောဂါဆိုးထပ်မဖြစ်ဖို့ကို ရည်ရွယ်ချက်နဲ့ တောရိုင်းတိရိစ္ဆာန်ကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ WWF နဲ့ WildAid တို့ ပူးပေါင်းပြီး ပညာပေးအစီအစဉ်တရပ်ပြုလုပ်ပါတယ်။ “The Price We Pay” ပေးဆပ်ရတဲ့ အဖိုးအခလို့ အမည်ပေးထားတဲ့ ဒီ ပညာရေးအစီအစဉ်နဲ့ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို မခင်ဖြူထွေးပြောပြပါမယ်။
မြန်မာနိုင်ငံမှာ ၂၀၂၀ - ၂၀၂၁ ခုနှစ်အတွင်း တောရိုင်းတိရစ္ဆာန်တွေကို အွန်လိုင်းကတဆင့် ရောင်းချမှုဟာ ၇၄ ရာခိုင်နှုန်းလောက်အထိ တိုးလာတယ်လို့ Wold Wildlife Fund (WWF) အာရှ - ပစိဖိတ်ဒေသဆိုင်ရာရုံးရဲ့ သုတေသနအရ သိရပါတယ်။ အဲဒီအရောင်းပို့စ်တွေမှာ ပါဝင်တဲ့ မျိုးစိတ်တွေထဲက ၇၁ ရာခိုင်နှုန်းလောက်ဟာ မြန်မာနိုင်ငံမှာ အရောင်းအဝယ်မလုပ်ရဆိုပြီး လုံးဝတားမြစ် အကာအကွယ်ပေးထားတဲ့ တိရစ္ဆာန်မျိုးစိတ်တွေ ဖြစ်နေပါတယ်။ ကိုဗစ်ကပ်ရောဂါကနေ အစပြုပြီး တိရစ္ဆာန်ကနေ လူကိုကူးစက်နိုင်တဲ့ ကပ်ရောဂါမျိုးတွေ ဖြစ်ပွားနိုင်ခြေများတဲ့ ဒေသထဲ မြန်မာနိုင်ငံလည်းပါဝင်နေပေမယ့် တောရိုင်းတိရစ္ဆာန် အရောင်းအဝယ်ကတော့ ဆက်ပြီးမြင့်နေပါတယ်။
မြန်မာနိုင်ငံမှာ တောရိုင်းတိရစ္ဆာန်တချို့ရောင်းချတာတွေကို အွန်လိုင်းကနေတဆင့် အလွယ်တကူရှာတွေ့နိုင်ပါတယ်။ Facebook လူမှုကွန်ယက်ကနေတဆင့် မျောက်ရောင်းနေသူတယောက်ကတော့ မြန်မာနိုင်ငံတွင်း ဈေးကွက်ထဲ မျောက်မျိုးစိတ်တွေ အဝယ်လိုက်နေပုံကို အခုလို ပြောပါတယ်။
"မျောက်က တော်တော်များများရောင်းနေကြတာ ၂မျိုးမကတော့ရှိတာပေါ့။ အမြဲတမ်းတွေ့နေရတာက မျောက်စပ်တွေ့ရတယ်၊ ကျနော်တို့ရောင်းသလို မျောက်ပုတီးတွေ့ရတယ်။ မျောက်ပုတီးကကျတော့ အသက်ဘယ်လောက်ကြီးကြီး သူ့လက်ရှိပုံမှန်ဆိုဒ်ထက် နည်းနည်းလေးပဲထွားမယ်။ မျောက်စပ်ကကျတော့ ထွားရင် ကလေးတယောက်နီးပါးလောက်ထွားတယ်။ မျောက်စပ်ကကျတော့ ဝယ်သူနည်းတယ်၊ နည်းနည်းရိုင်းတယ်။ မျောက်ပုတီးကကျတော့ ယဉ်တယ်၊ လူအရမ်းကပ်တယ်။"
တောရိုင်းတိရစ္ဆာန်တွေကို ဝယ်ယူသူတွေဟာ အိမ်မွေးမြူကြသလို၊ အများစုကတော့ ဆေးဝါးအဖြစ် အသုံးပြုကြတာပါ။ များသောအားဖြင့် အိမ်နီးချင်းနိုင်ငံတွေက ဈေးကောင်းပေးဝယ်လို့ အရောင်းအဝယ်ဖြစ်နေတာပါ။ တောရိုင်းတိရိစ္ဆာန် တရားမဝင်ကုန်သွယ်ရောင်းဝယ်မှုတွေကို နိုင်ငံတွေအကြား ဥပဒေတွေနဲ့ တင်းတင်းကြပ်ကြပ်တားမြစ်နေပေမယ့်၊ မှောင်ခိုကုန်သွယ်မှုတွေကတော့ ရှိနေဆဲပါ။
တောရိုင်းတိရစ္ဆာန်တွေကို သူတို့ရဲ့သဘာဝဒေသ တောထဲမှာသာရှိနေစေတာက နောက်ထပ်ရောဂါဆိုးတွေ ထပ်ဖြစ်မလာနိုင်အောင် ကာကွယ်နိုင်တယ်လို့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးပညာရှင် ဒေါက်တာနေမျိုးရွှေကလည်း သတိပေးပါတယ်။
"တောရိုင်းတိရစ္ဆာန်တွေကို လူတွေရဲ့အနီးအနား ခေါ်ဆောင်လာတဲ့အခါ ကျနော်တို့အားလုံး တခုခုပြန်ပေးဆပ်ကြရမှာပါ။ နောက်ထပ်ကပ်ရောဂါဆိုးတခု ဖြစ်မလာအောင်တားဆီးနိုင်ပါတယ်။ မစားပါနဲ့၊ မမွေးပါနဲ့၊ မရောင်းဝယ်ပါနဲ့။"
တောရိုင်းတိရစ္ဆာန်တွေကို အထိန်းအကွပ်မဲ့ ရောင်းဝယ်ဖောက်ကားတာတွေကြောင့် မြန်မာနိုင်ငံမှာ ကျန်းမာရေးအန္တရာယ် ကျရောက်နိုင်ပြီး ဘယ်လိုပေးဆပ်ရတာတွေ ရှိလာနိုင်မလဲဆိုတာကို သရုပ်ဖော်ထားတဲ့ ဗီဒီယိုဖိုင်ကိုလည်း WWF - Myanmar ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ဖြန့်ဝေပေးထားပါတယ်။ တောရိုင်းတိရစ္ဆာန်တွေကို လူတွေရဲ့အနီးအနား ခေါ်ဆောင်လာတာက လူတွေနဲ့ အဲဒီတောရိုင်းတိရစ္ဆာန်တွေရဲ့ ဂေဟစနစ်ကို ထိခိုက်ပျက်စီးစေတယ်လို့လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေက သတိပေးထားပါတယ်။
"ဇီဝမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း" ဥပဒေကို မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်တုန်းက ပြဌာန်းခဲ့ပါတယ်။ အဲဒီထဲမှာ မျိုးဆက်ပျက်သုဉ်းမယ့် အန္တရာယ်ရှိလို့ ကာကွယ်ထိန်းချုပ်ထားတဲ့ တောရိုင်းတိရစ္ဆာန်ကို ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ်မွေးမယ်ဆို ကျူးလွန်သူကို ၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်၊ အနည်းဆုံး ကျပ် ၂ သိန်းနဲ့ အများဆုံး ကျပ် ၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။ ဒါ့အပြင် သာမန်ကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်ကို ရောင်းချမယ်ဆိုရင်လည်း ၅ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် အနည်းဆုံး ကျပ် ၃ သိန်းကနေ အများဆုံး ကျပ် ၁၀ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်တယ်လို့ သတ်မှတ်ထားပါတယ်။