သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာဘက်က လုပ်ဆောင်သင့်တဲ့ အချက်တချို့ NUG ထောက်ပြ


NUG နိုင်ငံခြားရေးဌာနရဲ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး ဒေါ်ဇင်မာအောင်(ဗဟို)၊ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး(ယာအစွန်)နဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း။ (သြဂုတ်လ ၂၉၊ ၂၀၂၃)
NUG နိုင်ငံခြားရေးဌာနရဲ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး ဒေါ်ဇင်မာအောင်(ဗဟို)၊ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး(ယာအစွန်)နဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း။ (သြဂုတ်လ ၂၉၊ ၂၀၂၃)

မြန်မာ့အရေးနဲ့ပတ်သက်လို့ အလှည့်ကျဥက္ကဋ္ဌရဲ့သဘောအတိုင်း လိုက်ဆက်ဆံရတာမျိုးမဟုတ်ဘဲ အဖွဲ့အစည်းအပေါ်အခြေခံတဲ့ ဆက်ဆံရေးမျိုးဖြစ်လာအောင် ကြိုးစား ဆောင်ရွက်နေတဲ့တချိန်တည်းမှာပဲ ထိုင်းနိုင်ငံလို အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေအောင် ကြိုးစားဆောင်ရွက်နေတယ်လို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။ NUG ဖွဲ့စည်းပြီး ၂ နှစ်ကျော်အကြာ မနေ့ ဩဂုတ်လ ၂၉ ရက်နေ့က ပထမဆုံးအကြိမ်ပြုလုပ်တဲ့ “နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရှေ့လုပ်ငန်းစဥ်များနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ” မှာ ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားခဲ့တာပါ။ ကိုဇော်ဝင်းလှိုင်က အပြည့်အစုံကို တင်ပြပေးထားပါတယ်။

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွဲ့စည်းပြီး ၂ နှစ်ခွဲလောက်အကြာ မနေ့က အွန်လိုင်းကတဆင့်ပြုလုပ်တဲ့ နိုင်ငံခြားရေးဌာနရဲ့ သတင်းစာရှင်းလင်းပွဲကို ဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးတို့နဲ့အတူ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ပြီး NUG နိုင်ငံခြားရေးဌာနက ဆောင်ရွက်ခဲ့၊ ဆောင်ရွက်ဆဲနဲ့ ရှေ့လုပ်ဆောင်ဖို့ရှိတဲ့ လုပ်ငန်းစဥ်တွေကို ရှင်းလင်း ပြောကြားခဲ့ကြတာပါ။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် (၅)​ ချက်ကို လက်ခံပြီး အဲဒီ သဘောတူညီချက်နဲ့အညီ အာဆီယံကပဲ ဦးဆောင် လုပ်ကိုင်ဖို့ အမေရိကန်၊ တရုတ်နဲ့ အီးယူ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံအများစုက သဘောတူထားကြတာနဲ့အညီ အာဆီယံနဲ့ NUG ဆက်ဆံရေးကို ဝန်ကြီး ဒေါ်ဇင်မာအောင်က ရှင်းလင်း တင်ပြခဲ့ပါတယ်။

မကြာခင်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အပြောင်းအလဲ ရှိလာတော့မှာဖြစ်တဲ့အတွက် မြန်မာ့အရေးမှာ အလှည့်ကျ ဥက္ကဋ္ဌရဲ့သဘောအတိုင်း လိုက်ဆက်ဆံရတာမျိုးမဟုတ်ဘဲ အဖွဲ့အစည်းအပေါ် အခြေခံတဲ့ ဆက်ဆံရေးမျိုးဖြစ်လာအောင် NUG အနေနဲ့ ကြိုးစား ဆောင်ရွက်နေတယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

“လာမယ့် လာအို Chairmanship (အလှည့်ကျဥက္ကဋ္ဌသစ်)​ ပြောင်းသွားသည့်တိုင်အောင် ကျမတို့ဘက်က တိုက်တွန်းချင်တာကကော၊​ တောင်းဆိုချင်တာကကော တနိုင်ငံပြောင်းလို့ နောက်တနိုင်ငံကနေ အသစ်ပြန်စရတာမျိုးဟာ ရှိပြီးသား အခင်းအကျင်း၊ တိုးတက်မှုတွေကို အစကနေ ပြန်စရမယ်ဆိုတာ မဖြစ်သင့်ပါဘူး။ နဂိုကတည်းကမှ 5 Points Consensus (အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်)​ ကော၊ (စစ်ကောင်စီရဲ့ အာဆီယံနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ပြောချင်တာပါ၊ စစ်ကောင်စီက အာဆီယံ ပြောစကားလည်း နားမထောင်ဘူး၊ ဘယ်သူ့မှလည်း နားမထောင်နေတဲ့အချိန်မှာ) ဒီလိုမျိုး ရှိပြီးသားဟာကို Reverse (နောက်ပြန်လှည့်လို့)​ မရဘူးလို့ ကျမတို့က မြင်တယ်။ ဒါကြောင့်မို့လို့ Chairmanship ပြောင်းသော်ငြားလည်းပဲ ဒီ​ရှိပြီးသား Progress (တိုးတက်မှု) နဲ့ ဆက်ဆံရေးကို Institutional relation (အဖွဲ့အစည်းအလိုက် ဆက်ဆံရေး) ဖြစ်အောင်လို့ ၊ Carry (ဆက်လက်) လုပ်သွားဖို့လို့ ကျမတို့က တိုက်တွန်းသွားဖို့လို့ ရှိပါတယ်။”

ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတာနဲ့အညီ မြန်မာ့အရေးမှာ အရေးပါတဲ့အခန်းကဏ္ဍမှာရှိနေတဲ့ မကြာသေးခင် ရက်ပိုင်းအတွင်းကဘဲ ဖွဲ့စည်းလိုက်တဲ့ ထိုင်းအစိုးရသစ်နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိအောင် လုပ်သွားမယ်လို့ ဆက်ပြောပါတယ်။

ရိုဟင်ဂျာတွေအရေးနဲ့ပတ်သက်လို့ ပြောကြားတာမှာတော့ အမေရိကန်အပါအဝင် တခြားနိုင်ငံတွေက လွတ်တော်အမတ်တွေနည်းတူ ဒုက္ခသည်စခန်းတွေသွားပြီး သွားရောက် တွေ့ဆုံ လုပ်ကိုင်ပေးလိုပေမယ့် NUG ရဲ့ အနေအထားအရ အဲဒီလို လုပ်ခွင့်မသာကြောင်းနဲ့ နိုင်ငံရေးအရ ကူညီဆောင်ရွက်ပေးလိုတဲ့ ဆန္ဒရှိတာနဲ့အညီ နိုင်ငံတကာ အစိုးရက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတိုင်း ရိုဟင်ဂျာတွေအတွက် အကူအညီတွေ လျော့ချမပစ်လိုက်ဖို့ အစဥ်တစိုက် တိုက်တွန်း ပြောကြားပေးနေတယ်လို့ ဆိုပါတယ်။

NUG နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးကလည်း စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူ ဆောင်ရွက်မှုတွေအကြောင်းကို ရှင်းလင်း တင်ပြတာမှာ ဒဏ်ခတ် ပိတ်ဆို့မှုတွေ အတိုင်းအတာတခုအထိ အောင်မြင်မှုရှိပေမယ့် ရှေ့ဆက် လုပ်ဆောင်သင့်တာတွေ ရှိနေသေးတာနဲ့ပတ်သက်လို့ ပြောကြားခဲ့ပါတယ်။

“ဒီ ဥရောပသမဂ္ဂပေါ့၊ အီးယူအနေနဲ့ကတော့ ဒါ MOGE (မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း) ကို သူတို့ အရေးယူတဲ့အထဲမှာ ထည့်သွင်းထားပြီး ဖြစ်တယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုလိုမျိုးကျတော့ ဒီ MOGE ကို အရေးယူဖို့ကိစ္စက ကျန်ရှိသေးတယ်ပေါ့လေ။ စောစေစာက ပြောတဲ့ ဘဏ်တွေပေ့ါလေ၊ ဘဏ်တွေကို အရေးယူတဲ့ကိစ္စမှာဆိုရင်လည်း အမေရိကန်ပြည်ထောင်စုကတော့ ဘဏ်တွေကို အရေးယူတဲ့ကိစ္စကို ဆောင်ရွက်နေပြီ။ ဒါပေမယ့် တခြားနိုင်ငံတွေပေါ့လေ၊ အီးယူတို့၊ ယူကေတို့၊​ ကနေဒါ စတဲ့နိုင်ငံတွေ ဆိုလို့ရှိရင်လည်း နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ ၊ ရင်းနှီးမြုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တို့ကို အရေးယူဖို့ လိုအပ်တယ်လို့ သဘောထားပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ - သံတမန်ရေးနည်းလမ်းအရ NUG ရဲ့ စည်းရုံးလုပ်ဆောင်မှုတွေကို ရှင်းလင်းတင်ပြတာမှာ စစ်ကောင်စီဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို စစ်လက်နက်သဖွယ် အသုံးချနေတယ်လို့ ပြောပါတယ်။

“လူသားချင်းစာနာမှု အကူအညီပေးရေး ခွင့်ပြမှုတွေကို လူကိုသေစေနိုင်တဲ့ စစ်လက်နက်သဖွယ် စစ်တပ်ကနေ အသုံးပြုနေပါတယ်။ ဒီ လူသားချင်းစာနာမှု အကူအညီပေးသူတွေအနေနဲ့ အကူအညီတွေကို တကယ်လိုအပ်သူတွေ လက်ထဲကိုရောက်ဖို့ အခြေခံမူတွေနဲ့၊ လူသားချင်းစာနာမှု Principles တွေနဲ့အညီ ရရှိနိုင်အောင် ဆောင်ရွက်ရေးဟာ လွန်စွာ အရေးကြီးတယ်ဆိုတဲ့ဥစ္စာက ကျနော်တို့ ခံယူထားသလို လူတိုင်း လူတိုင်း ခံယူထားတဲ့အချက်ပဲ ဖြစ်ပါတယ်။”

စစ်ကောင်စီကတဆင့် အကူအညီတွေ ပေးနေတာဟာ အဆိပ်ပင်ကို ရေလောင်းသလို ဖြစ်နေတာကြောင့် အကူအညီလိုအပ်နေသူတွေထံ အကူအညီတွေရာက်နိုင်ရေးအတွက် သမားရိုးကျ နည်းလမ်းတွေအပြင် NUG ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မြေပြင်မှာ တကယ် ကူညီလုပ်ကိုင်ပေးနေသူတွေ အားလုံးပါဝင်တဲ့ ယန္တရားတခု တည်ထောင်ဖို့ လိုအပ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။ အကူအညီတွေကို ပို့ဆောင်တဲ့အခါမှာလည်း နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး နည်းလမ်းတွေကိုလည်း ထဲ့သွင်း စဥ်းစားကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံက ဒေသစုံမှာ ပြည်သူ ၁၈ သန်းဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေသလို၊ လူပေါင်း ၁၅ သန်းဟာလည်း စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရပြီး ၁.၉ သန်းဟာ နေရပ်စွန့်ခွာ ထွက်ပြေး နေကြရတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာ ဖွံ့ဖြိုးရေးအစီအစဥ် WFP ရဲ့ အဆိုအရ မြန်မာနိုင်ငံက ကလေးသူငယ် ၃ ဦးမှာ ၁ ဦးဟာ အဟာရ ချို့တဲ့မှုနဲ့ ကြုံနေရတယ် ဆိုတဲ့အချက်တွေကိုလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထည့်သွင်း ပြောကြားခဲ့ပါတယ်။​

NUG နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ၂ နှစ်ခွဲလောက်ကြာမှ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲ ကျင်းပတယ်ဆိုပေမယ့် နောင်မှာ ဒီထက်မက အကြိမ်ရေများများ၊ ခပ်စိပ်စိပ် ကျင်းပနိုင်အောင် ကြိုးစားသွားမယ်လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG