သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယား အိုလံပစ်ပွဲကနေ သံတမန်ရေးတံခါးပွင့်လာ


အိုလံပစ် ပွဲတော်မှာ မြောက်ကိုရီးယားရဲ့ အနုနည်းနဲ့ ချဉ်းကပ် ထိုးဖောက်မှုဟာဆိုရင် တောင်ကိုရီးယား ပြည်သူတွေကြား နိုင်ငံရဲ့ ပုံရိပ်ကို မြှင့်တင်နိုင်ခဲ့သလို အမေရိကန်ဘက်ကလည်း စေ့စပ်ဆွေးနွေးရေးကို လိုလားတဲ့ အရိပ်လက္ခဏာ ပြလာပါတယ်။

မြောက်ကိုရီးယား အိုလံပစ် ကိုယ်စားလှယ် အဖွဲ့ လာရောက်မှုဟာဆိုရင် ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်း မြောက်ကိုရီးယား အစိုးရရဲ့ နျူးကလီးယားနဲ့ ဒုံးကျည် စမ်းသပ်မှုတွေကြောင့် တင်းမာမှုတွေ ပေါ်ပေါက်နေတာကို ပြေလျော့စေရေး ပူးပေါင်းဆောင်ရွက်ရေးကို လမ်းဖွင့်လိုက်တာလို့ ဒီကနေ့ တနလာၤနေ့မှာဘဲ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောဆိုခဲ့တာပါ။ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက်လိုကြောင်း မြောက်ကိုရီးယားဘက်က ပြသလာတာ ဖြစ်ကြောင်း၊ လိုအပ်လာရင် မြောက်ကိုရီးယားဘက်က ထင်မှတ်မထားတဲ့ အလွန်အရေးပါတဲ့ ကိစ္စကိုပါ ဆောင်ရွက်နိုင်တယ်ဆိုတာကိုပါ ပြသလိုက်တာလို့ ယုံကြည်ထားတဲ့ အကြောင်း တောင်ကိုရီးယား ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောခွင့်ရ Baik Tae-Hyun က ပြောဆိုခဲ့ပါတယ်။ ဘယ်လိုကိစ္စမျိုးကို လုပ်လာမလဲ ဆိုတာကို ရှင်းလင်း ပြောဆိုတာ မရှိပေမယ်လို့ တောင်ကိုရီးယား အနေနဲ့တော့ နျူးကလီးယား ကင်းစင်ရေး အမေရိကန်နဲ့ မြောက်ကိုရီးယားကြား ဆွေးနွေးရေး စီစဉ်နိုင်ဖို့ ရည်မှန်းချက် အတွက် စတင်ကြိုးပမ်းနေတယ်လို့ ပြောဆိုခဲ့ပါတယ်။ နှစ်ဘက်စလုံးတို့ကတော့ စေ့စပ်ဆွေးနွေးရေး ဖြစ်လာဖို့ အလျှော့ပေးလိုစိတ် မရှိပါဘူး။ မြောက်ကိုရီးယား အစိုးရဘက်ကတော့ အမေရိကန် ဦးဆောင်တဲ့ ကျူးကျော်ဝင်ရောက်မှုကို ကာကွယ်ဖို့ နျူးကလီးယား အရံအတားတွေ လိုအပ်တယ်လို့ ပြောဆိုထားပြီး သူ့ရဲ့ နျူးကလီးယား အစီအစဉ်တွေကို စွန့်လွှတ်ရေး ဆွေးနွေးလိုစိတ် မရှိပါဘူး။ အမေရိကန် ပြည်ထောင်စု ဘက်ကတော့ စေ့စပ်ဆွေးနွေးမှု မတိုင်ခင်မှာ မြောက်ကိုရီးယား အစိုးရ အနေနဲ့ သူ့ရဲ့ နျူးကလီးယား ရည်မှန်းချက်ကို စွန့်လွှတ်ရမယ်လို့ တောင်းဆိုထားတာပါ။ ဒါပေမယ့်လို့လည်း မနေ့ တနင်္ဂနွေနေ့မှာတော့ အမေရိကန် အိုလံပစ် အဖွဲ့ ခေါင်းဆောင်အဖြစ်နဲ့ တောင်ကိုရီးယားကို ရောက်နေတဲ့ ဒုသမ္မတ Mike Pence က တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းနဲ့ တွေ့ဆုံပြီး မြောက်ကိုရီးယားနဲ့ ဆွေးနွေးရေး အတွက် အလာအလားရှိတဲ့ ပုံစံတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်းတွေက ဖော်ပြကြပါတယ်။

XS
SM
MD
LG