ဂျပန်နိုင်ငံ ဟီရိုရှီးမားကို ဒီလကုန်ပိုင်းမှာ သွားရောက်မယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ဒီကနေ့ အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။
ဒုတိယ ကမ္ဘာစစ် ပြီးဆုံးခါနီး အချိန် ၁၉၄၅ ခုနှစ် အတွင်း ကမ္ဘာ့ ပထမဆုံး အနျုမြူဗုံးကို အမေရိကန် စစ်လေယာဉ်ကနေ ကျဲချခဲ့ပြီး လူပေါင်း သောင်းနဲ့ချီ သေဆုံးခဲ့ရတဲ့ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို အမေရိကန် သမ္မတ တဦး အနေနဲ့ ပထမဆုံး သွားရောက်မှာလည်း ဖြစ်ပါတယ်။
ဆယ်စုနှစ် ၇ ခု အတွင်း အမေရိကန် သမ္မတတွေ အနေနဲ့ ဂျပန်နိုင်ငံ ဟီရိုရှီးမားနဲ့ နာဂါဆာကီကိုသွားရောက်ဖို့ ရှောင်ရှားခဲ့ကြတာပါ။ သမ္မတ အိုဘားမားရဲ့ မေလ ၂၁ ရက်နေ့ကနေ ၂၈ နေ့ ဗီယက်နမ်နဲ့ ဂျပန် နိုင်ငံ ခရီးစဉ် အဆုံးသတ်မှာဂျပန် ဝန်ကြီးချုပ် Shinzo Abe နဲ့ အတူ ဟီရိုရှီးမားကို သွားရောက်မှာ ဖြစ်တယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။
ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့ကို ဗုံးကျဲခဲ့တဲ့ အပေါ် အမေရိကန် သမ္မတ အိုဘားမားက တောင်းပန်မလားဆိုတဲ့ အပေါ်မှာတော့ သမ္မတရဲ့ အကြံပေး Ben Rhodes က ပယ်ချပါတယ်။ သမ္မတ အနေနဲ့ ဒုတိယကမ္ဘာစစ် အပြီးသတ်ခါနီး အချိန်မှာ အနျုမြူဗုံး အသုံးပြုခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် ကောက်ယူမှာ မဟုတ်ဘူးလို့ အကြံပေး Ben Rhodes က ပြောပါတယ်။
အမေရိကန် ပြည်ထောင်စု အနေနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အခိုင်အမာ ဆက်လက် လုပ်ဆောင်သွားမယ်ဆိုတဲ့ ကတိကဝတ်ကို ထင်ဟပ်ပြသဖို့ ဟီရိုရှီးမားကို သွားရောက်မှာ ဖြစ်တယ်လို့လည်း အိမ်ဖြူတော်က ပြောဆိုပါတယ်။
ဟီရိုရှီးမားမြို့ပေါ်ကို ပထမဆုံး န ျူကလီးယားဗုံး ကျဲချခဲ့ပြီး နောက် သုံးရက် အကြာ နာဂါဆာကီ မြို့အပေါ်ကို နောက်ထပ် နျူးကလီးယားဗုံးတလုံး ထပ်မံ ကျဲချခဲ့တာ ဖြစ်ပါတယ်။