ဗြိတိန်ကို ရောက်လာတဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကို ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် (Queen Elizabeth) က နိုင်ငံတော် အခမ်းအနားနဲ့ ဘက်ကင်ဟမ် နန်းတော်မှာ ကြိုဆိုခဲ့ပါတယ်။ သမ္မတ အိုဘားမားနဲ့ ဇနီး မစ်ရှဲလ် အိုဘားမား (Michelle Obama) တို့ကို အမြောက် ၄၁ ချက် ဖောက်ပြီး လန်ဒန်မှာ ဒီကနေ့ ဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။
သမ္မတ အိုဘားမားဟာ ဘက်ကင်ဟမ် နန်းတော်မှာ ဘုရင်မကြီး အဲလိဇဘက်၊ ကြင်ယာတော် မင်းသားကြီး ဖိလစ် (Prince Philip)၊ အိမ်ရှေ့မင်းသား ချားလ်စ် (Prince Charles) နဲ့ ကြင်ယာတော် ကယ်မီးလာ (Camilla) တို့ကို ဗြိတိန်စစ်သည်တွေက အမေရိကန် နိုင်ငံတော် သီချင်းကို တီးမှုတ်ပြီး အလေးပြုခဲ့ပါတယ်။
အဲဒါမတိုင်ခင်က မကြာခင်ကပဲ လက်ထပ်ခဲ့ကြတဲ့ ဗြိတိန်မင်းသား ဝီလျံ (Prince William) နဲ့ သူ့ရဲ့ကြင်ယာ ကက်သရင်း မစ်ဒလ်တန် (Catherine Middleton) တို့ကို သမ္မတ အိုဘားမားနဲ့ ဇနီးတို့က သီးသန့် တွေ့ဆုံခဲ့ပါတယ်။
ဒီနေ့ညပိုင်းမှာတော့ သမ္မတ အိုဘားမားတို့ကို ဗြိတိန်ဘုရင်မကြီးက နိုင်ငံတော် ညစာစားပွဲနဲ့ နန်းတော်မှာ ဧည့်ခံပါလိမ့်မယ်။ သမ္မတ အိုဘားမားဟာ သူ့ရဲ့ ၄ ရက်ကြာ ဥရောပခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံကို ၂ ရက်ကြာ အလည်အပတ် ရောက်နေတာပါ။
သမ္မတ အိုဘားမားဟာ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ သူတို့တွေ့ကြတဲ့အခါ လုံခြုံရေးနဲ့ စီးပွားရေး ကိစ္စတွေအပြင် ပြင်သစ်နိုင်ငံမှာ အခုအပတ်အတွင်း ကျင်းပမယ့် စက်မှုထိပ်သီး ၈ နိုင်ငံ ဆွေးနွေးပွဲ ပြင်ဆင်မှုတွေကိုပါ ပြောဆိုကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ဗြိတိန်နဲ့ အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေးဟာ အထူးဆက်ဆံရေး ဖြစ်ရုံတင်မက မရှိမဖြစ် လိုအပ်တဲ့ ဆက်ဆံရေးပါလို့ ၂ နိုင်ငံ ခေါင်းဆောင်တွေက ပြောကြတဲ့အကြောင်း ဒီကနေ့ထုတ် Times of London သတင်းစာမှာ ဖော်ပြထားပါတယ်။ သမ္မတ အိုဘားမားဟာ ဗြိတိန် နိုင်ငံရေး အတိုက်အခံခေါင်းဆောင် ဒေးဗစ် မီလီဘန်း (David Miliband) နဲ့လည်း တွေ့ဆုံပါလိမ့်မယ်။