နယူးယောက်မြို့က (၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ သမ္မတအိုဘားမား မိန့်ခွန်းပြောကြားခဲ့သလိုပဲ၊ အထွေထွေညီလာခံကြီးရဲ့ ဘေးဘန်းမှာ ဒုက္ခသည်များဆိုင်ရာ အထူးထိပ်သီး ညီလာခံတရပ်ကိုလဲ သမ္မတအိုဘားမားက တာဝန်ယူကျင်းပခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြမှာပါ။
ဒုတိယကမ္ဘာစစ်ကြီးအပြီး အဆိုးရွားဆုံး ဒုက္ခသည်များ အခြေအနေကို ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာရဲ့ ဝိုင်းဝန်းထောက်ခံမှုကို ရရှိစေဖို့ရည်ရွယ်ပြီး အခုလို ဒုက္ခသည်များဆိုင်ရာညီလာခံကို ကုလသမဂ္ဂ အထွေထွေညီလာခံကြီးရဲ့ ဘေးပန်းမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ညီလာခံကျင်းပရခြင်း အကြောင်းနဲ့ ပတ်သက်လို့ သမ္မတအိုဘားမားက သူ့ရဲ့ရည်ရွယ်ချက်ကို ပြောခဲ့ပါတယ်။
“ကျနော် ဒီနေ့ ဒီညီလာခံကြီးကို ခေါ်ယူရခြင်းကတော့ ကျနော်တို့အခု ရင်ဆိုင်နေရတဲ့ ပဋိပက္ခကြီးဟာ မျက်မှောက်ခေတ်မှာ အဆိုးရွားဆုံး အခြေနေကို ရောက်နေလို့ပါပဲ၊ ဒီပြဿနာကြီးကို စုပေါင်းဖြေရှင်းကြရမှာဖြစ်ပါတယ်။ ဒီပဋိပက္ခကို အဆုံးသတ်စေဖို့အတွက် အကဲစမ်းမှုတွေကိုလဲ ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ပါတယ်၊ ကမ္ဘာမှာ စစ်ဘေးဒဏ်ကြောင့် ဒုက္ခသည် အများဆုံးရှိတဲ့ နိုင်ငံ၃ နိုင်ငံဟာ ဆီးရီးယား၊ အာဖဂန်နစ္စတန် နဲ့ ဆိုမားလီးယားတို့ ဖြစ်ပါတယ်။ ကျနော်ဒီနေ့ အထွေထွေညီလာခံကြီးမှာ ပြောကြားခဲ့တဲ့အတိုင်း အကြမ်းဖက်မှုကို အရေးယူခြင်း မရှိပဲ၊ လျှစ်လျူရှုနေတာဟာ ဘယ်လိုမှ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိပါဘူး”
၂၀၁၅ ခုအတွင်း စစ်ဘေးဒဏ်ကြောင့် ဘာသာရေး ပဋိပက္ခတွေကြောင့်နဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် ဒုက္ခသည်အရေအတွက်ဟာ ကမ္ဘာပေါ်မှာ ၆၅.၃ သန်းရှိခဲ့ပြီး ဒါဟာ ၂၀၀၅ ခုနှစ်ကထက်စာရင် ၃၇.၅ သန်းတိုးလာတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာ မင်ကြီးရုံးက ဖေါ်ပြထားပါတယ်။ ခုလို ဒုက္ခသည်တွေ အခြေအနေ ဆိုရွားနေတဲ့အတွက်ကြောင့်လည်း အင်္ဂါနေ့က သမ္မတအိုဘားမား ပြောကြားခဲ့တဲ့ ထိပ်သီးညီလာခံ မိန့်ခွန်းမှာ သူ့သမီးအရွယ် မိန်းကလေးငယ်တွေ ဒုက္ခရောက်နေတာကို သူ မလေးရှားမှာ မြန်မာအမျိုးသမီး ဒုက္ခသည်တဦး တွေ့ခဲ့ရကြောင်းကိုလဲ အခုလို ထောက်ပြသွားပါတယ်။
“ကျနော် မလေးရှားမှာ တွေ့ဆုံခဲ့တဲ့ ၁၆ နှစ်အရွယ် မြန်မာအမျိုးသမီးလေး လိုပါပဲ၊ သူက ပြောလို့တောင် မယုံနိုင်တဲ့ လူကုန်ကူးမှု ကျူးလွန်သူတွေရဲ့ နှိပ်စက်မှုကို ခံခဲ့ရတာပါ။ ခေတ်သစ်ရဲ့ကျေးကျွန်ပါပဲ၊ သူ့လို မိန်းကလေးငယ်တွေဟာ သူတို့ကို တယောက်ယောက်ကများ လာကယ် မလား ဆိုပြီးတော့ ညတိုင်းဆုတောင်းနေကြမှာ ဖြစ်ပါတယ်”
သမ္မတက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို ရောက်ရှိစဉ် မြန်မာနိုင်ငံက လူကုန်ကူးသူများရဲ့ လက်ချက်ကြောင့် မလေးရှားကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တာကို သမ္မတက အခုလို ပြန်ပြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာ ဒုက္ခသည်များ အများဆုံးရှိနေတဲ့ နိုင်ငံ ၁၀ နိုင်ငံရှိပြီး၊ တူရကီ ပါကစ္စတန် လက်ဘနွန် အီရန် အီသီယိုပီးယား အစရှိတဲ့ နိုင်ငံ တွေဟာ အနည်းနဲ့အများ ဆင်းရဲကြတဲ့အပြင် အများအားဖြင့်ကလည်း ဒုက္ခသည်တွေအရေး ဖြေရှင်းရာမှာ အားနည်းနေကြကြောင်းလည်း သမ္မတက ထောက်ပြ ပြောကြားသွားပါတယ်။ ဒါကြောင့်လည်း ဒီနှစ်မှာ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဒုက္ခသည်အရေအတွက်ကို တိုးပြီး လက်ခံမှာ ဖြစ်တယ်လို့ သမ္မတကပြောခဲ့ပါတယ်။
“ကျနော်တို့အနေနဲ့ ကမ္ဘာပေါ်မှာ အခြားနိုင်ငံတွေထက် ဒုက္ခသည်တွေကို လာရောက်အခြေချခွင့် ပြုခဲ့တာ အများဆုံးဖြစ်ပါတယ်။ ခုလဲ သမ္မတ တဦးအနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ဒီနှစ်လာရောက် အခြေချ နေထိုင်မယ့် ဒုက္ခသည်ဦးရေကို ၈ သောင်းခွဲထိ တိုးခဲ့ပြီး ဒီထဲမှာ ဆီးရီးယားက ဒုက္ခသည် ၁ သောင်းပါဝင်ပါတယ်။ ဒုက္ခသည်တွေ လက်ခံရာမှာလည်း တင်းတင်းကြပ်ကြပ် စိစစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ညီလာခံကြီးကို ကျနော်ခေါ်ရတဲ့ အကြောင်းဟာ အားလုံးက ဝိုင်းဝန်းပြီး ဒီထက်ပိုလုပ်ဆောင်ကြဖို့ ဆော်သြလိုတဲ့အတွက် ဖြစ်ပါတယ်”
အမေရိကန်ပြည်ထောင်စုမှာ ဒီနှစ် လာရောက်အခြေချတဲ့ ဒုက္ခသည်တွေမှာ မြန်မာနိုင်ငံက အများဆုံးဖြစ်ပြီး၊ ကွန်ဂိုက ဒုတိယနဲ့ ဆီးရီးယားက တတိယ လိုက်တာဖြစ်ပါတယ်။ ၂၀၁၇ ခုမှာလည်း ဒီနှစ်ထက်ပိုပြီး ၃၀% တိုးပြီး ဒုက္ခသည် ၁ သိန်း ၁သောင်းကျော် လက်ခံဖို့ရှိတယ်လို့ အမေရိကန်က ကတိပြုထားတဲ့အပြင် အမေရိကန်စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ နိုင်ငံတကာ အလှုရှင်တွေထံကလည်း အလှူငွေ ဒေါ်လာပေါင်း သန်း ၆၅၀ ထည့်ဝင်ဖို့ ကတိတွေ ရရှိခဲ့ကြတယ်လို့လည်း သမ္မတက ပြောခဲ့ပါတယ်။ သမ္မတက အခုလို ဒုက္ခသည်တွေ အခြေနေ ဆိုးရွားနေချိန်မှာ အကူအညီပေးခဲ့တဲ့ ကုလသမဂ္ဂအပြင် ဆီးရီးယား ဒုက္ခသည်တွေကို လက်ခံခဲ့တဲ့ ဂျော်ဒန်၊ အမေရိက အလယ်ပိုင်း ဒုက္ခသည်တွေကို လက်ခံခဲ့တဲ့ မက္ကဆီကို၊ အနောက်နိုင်ငံတွေဖြစ်တဲ့ ဆွီဒင် ဂျာမနီနဲ့ ကနေဒါတို့ကို အထူးပဲ ကျေးဇူးတင်တဲ့ အကြောင်းလည်း သမ္မတက ပြောကြားခဲ့ပါတယ်။