အမေရိကန် နိုင်ငံ အနောက်တောင်ပိုင်းက ဒါးလတ်စ်မြို့မှာ ရဲအရာရှိ ငါးဦး အသတ်ခံရတဲ့ ဖြစ်ရပ်ကြောင့် ဥရောပမှာ မြောက်အတ္တလတိတ် စစ်စာချုပ်အဖွဲ့ (နေတိုး) အဖွဲ့ရဲ့ ညီလာခံ တက်နေတဲ့ သမ္မတ အိုဘားမားဟာ သူ့ရဲ့ ခရီးစဉ်ကနေ တစ်ရက် စောပြီး ပြန်ဖို့ ဖြစ်လာပါတယ်။
သမ္မတဟာ ရှေ့အပတ် အစောပိုင်းမှာ ဒါးလတ်စ်မြို့ကို သွားရောက်ဖို့ မြို့တော်ဝန် ရဲ့ ဖိတ်ကြားချက်ကို လက်ခံထားတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ Josh Earnest က စနေနေ့ အစောပိုင်းက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန် နိုင်ငံခေါင်းဆောင် ရဲ့ ဆုံးဖြတ်ချက်ဟာ စနေနေ့က ဝါဆောမြို့မှာ ပြီးဆုံးသွားတဲ့ နေတိုးညီလာခံအတွက် တော့ အစီအစဉ် အပြောင်းအလဲ မရှိပါဘူး။
နေတိုးညီလာခံမှာ အဖွဲ့ဝင် နိုင်ငံတွေဟာ မဟာမိတ် အဖွဲ့ကြီးရဲ့ အရှေ့ဘက်ခြမ်း က နိုင်ငံတွေအပေါ် ရုရှားရဲ့ ခြိမ်းခြောက်မှုတွေ တိုးလာတာကို တန်ပြန်ဖို့အတွက် ကြိုးပမ်းအားထုတ်မှု အသစ်တွေ လုပ်ဖို့ သဘောတူခဲ့ကြပါတယ်။
အိုဘားမားဟာ စနေနေ့ ညနေမှာ စီစဉ်ထားတဲ့အတိုင်း စပိန်နိုင်ငံကို ခရီးသွား ရောက်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Seville မြို့မှာ ခရီးတစ်ထောက် ရပ်နားပြီး ဘုရားကျောင်း၊ နဲ့ နန်းတော်တွေကို လည်ပတ်ဖို့ နဲ့ ဘုရင် Felipe VI နဲ့ တွေ့ဆုံဖို့ အစီအစဉ်ကိုတော့ ဖျက်လိုက်ရပါတယ်။
တနင်္ဂနွေနေ့မှာတော့ အိုဘားမားဟာ Rota ရေတပ်စခန်းမှာ အမေရိကန် တပ်ဖွဲ့တွေကို မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။