(Zawgyi/Unicode)
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ လှုပ်ရှားမှုကြီးကို တညီတညွတ်တည်းဖြစ်ဖို့ ရေရှည်ခိုင်မာတဲ့ ဒီမိုကရေစီစနစ် ရရှိဖို့ NUG အမျိုးသားညီညွတ်ရေးအစိုးရခေါင်းဆောင်တွေရဲ့ တာဝန်အရေးပါကြောင်း အမေရိကန် အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ရီပါပလင်ကန် ဝါရင့်လွှတ်တော်အမတ် Mitch McConnell ကပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် The heritage foundation က ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်တွေနဲ့ ဗွီဒီယိုကွန်ဖရင့်ဆွေးနွေးပွဲမှာ သူက ပြောဆိုခဲ့တာဖြစ်ပါတယ်။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။
NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ နိုင်ငံတကာအထူးကိုယ်စားလှယ် ဦးထင်လင်းအောင်တို့ပါဝင်တဲ့ အမေရိကန်လွှတ်တော်အမတ်တွေနဲ့ ဗွီဒီယိုကွန်ဖရင့်ဆွေးနွေးပွဲမှာ ရီပါပလင်ကန် အထက်လွှတ်တော်အမတ် Mitch McConnell က မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီစနစ်အပေါ် သန္နိဋ္ဌာန်ခိုင်မာမှုကို အခုလိုပြောဆိုသွားပါတယ်။
“ဒီကနေ့ ခေတ်မြန်မာပြည်မှာ ဖိနှိပ်နေတဲ့စစ်ဗိုလ်ချုပ်တွေဟာ သူ့နိုင်ငံသားတွေကြားရှိလာတဲ့ အားတက်ဖွယ်ကောင်းတဲ့ အင်အားသစ်တခုကို ရင်ဆိုင်နေရပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ မြန်မာပြည်သူတွေရဲ့ နောက်ကွယ်ကနေ တပေါင်းတစည်းတည်းဖြစ်ဖို့ နှေးကွေးနေတာတောင် သူတို့တွေဟာ တိုင်းပြည်ရဲ့ အနက်ရှိုင်းဆုံးတိုင်းရင်းသားကွဲပြားမှုတွေကို ကုစားနိုင်တဲ့ အလားအလာရှိကြောင်း ပြသခဲ့ကြပါတယ်။ စစ်ကောင်စီရဲ့ သူရဲဘောကြောင်မှု၊ လူကြီး လူငယ်မရွေး သတ်ဖြတ်မှုတွေနဲ့ ပြဒါးတလမ်း သံတလမ်းစီ သူတို့ရဲ့ ရဲစွမ်းသတ္တိနဲ့ လွတ်လပ်မှုအပေါ် သန္နိဋ္ဌာန်ခိုင်မာမှုကို မြန်မာပြည်သူတွေ ပြသခဲ့ပါတယ်။”
ဒါအပြင် NUG ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့လည်း သူက အခုလို သုံးသပ်ပါတယ်။
“ဒီလှုပ်ရှားမှု ဖြစ်ပေါ်လာတဲ့အခါမှာ NUG အမျိုးသားညီညွတ်ရေးအစိုးရခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ရှေ့မှောက် အရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်ရဖို့ရှိလာပါလိမ့်မယ်။ မြန်မာပြည်သူအားလုံးအတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဒီမိုကရေစီစနစ်ရဖို့ စစ်တပ်အာဏာသိမ်းမှုအပေါ် ကျယ်ကျယ်ပြန့်ပြန့်ဆန့်ကျင်မှုတွေကို တညီတညွတ်တည်းလှုပ်ရှားမှု အဖြစ် ပြောင်းလဲရမှာဖြစ်ပါတယ်။ မြန်မာ့စီးပွားရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်း စတဲ့ အချိန်ကြာမြင့်စွာကတည်းက ပြုပြင်ပြောင်းလဲဖို့ လိုနေတာတွေ အမြန်ဆုံးအကောင်အထည်ဖေါ်ရမှာဖြစ်ပါတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကသာ ဒီမိုကရေစီအနာဂတ်ကို ဦးတည်မယ့် တခုတည်းသောလမ်းကြောင်း အမှန်ဖြစ်တယ်ဆိုတာပြသရမှာဖြစ်ပါတယ်။”
မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်လို့ သမ္မတ ဘိုင်ဒန်အစိုးရအဖွဲ့နဲ့ အနီးကပ် ဆက်သွယ်ဆောင်ရွက်ခဲ့တယ်လို့လည်း အထက်လွှတ်တော်အမတ် Mitch McConnell ကပြောပါတယ်။
“ ကျနော်အနေနဲ့ မြန်မာနဲ့ ပတ်သက်လို့ ဘိုင်ဒန်အစိုးရနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတပါတယ်။ စစ်ခေါင်းဆောင်တွေအပေါ် ပစ်မှတ်ထားပိတ်ဆို့မှုအသစ်တွေ ချမှတ်နေချိန်မှာ သူတို့ကို ဘယ်လိုဆန့်ကျင်တဲ့နည်းလမ်းတွေ အကောင်းဆုံးဖြစ်မလဲ၊ အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ ဝင်ငွေတွေကို တိုက်ရိုက်ထိခိုက်နိုင်တဲ့ ပို့ကုန်လိုင်စင်တွေကို ပိတ်ပင်ဖို့ စတာတွေကို ဘိုင်ဒန်အစိုးရနဲ့ ဆွေးနွေးဖြစ်ပါတယ်။”
ဒါအပြင် ဘိုင်ဒန်အစိုးရအနေနဲ့ အလျင်အမြန်တုံ့ပြန်ဖို့ သူ့အနေနဲ့ အားပေးခဲ့တယ်လို့လည်း ပြောပါတယ်။ အခုဆိုရင် စစ်ကောင်စီဟာ China၊ Russia၊ Iran၊ North Korea၊ Venezuela၊ Cuba၊ Syria စတဲ့ အာဏာရှင်အစိုးရနိုင်ငံတွေစာရင်းမှာ ပါနေပြီး စစ်ရေးအရ အတင်းကျပ်ဆုံး ထိန်းချုပ်ရမယ့် နိုင်ငံတွေထဲမှာ ပါနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဒါအပြင် ထင်ရှားတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ စီးပွားရေး ကုမ္ပဏီတွေကိုလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ အရေးယူ ပိတ်ဆို့ထားကြောင်းလည်း Mitch McConnell ကဆိုပါတယ်။
တဖက်မှာလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ မြန်မာအပေါ် လက်နက်ရောင်းချမှုကို ပိတ်ပင်တဲ့ ထိရောက်ပြီး ပိုမိုပြင်းထန်တဲ့အရေးယူမှုတွေ ချမှတ်ဆောင်ရွက်ဖို့ မြန်မာပြည်သူတွေက စောင့်မျှော်နေတဲ့အကြောင်းလည်း သူကပြောသွားပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ ရုရှားက လုံခြုံရေးကောင်စီမှာ မြန်မာအပေါ် အရေးယူရေးကိစ္စကို တားဆီးနေတာ၊ တရုတ်က အီမန်ီးချင်းကောင်းမပီသတ စတာတွေဟာ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားရေးကိုပဲကြည့်နေတာဖြစ်တယ်လို့ Mitch McConnell က ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုသွားပါတယ်။
ဒီအတောအတွင်းမှာပဲ အမျိုးသား ညီညွတ်ရေး NUG အစိုးရရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်ကို ချက်သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ခံ အသိအမှတ်ပြု ဂုဏ်ယူကြောင်း မေလ ၂၄ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီလို အသိမှတ်ပြုတာဟာ အမျိုးသားညီညွှတ်ရေး အစိုးရ ရဲ့ ကိုယ်စားလှယ်ကို နိုင်ငံတကာက ပထမဆုံး အသိအမှတ်ပြုတာဖြစ်ပါတယ်။
..............
(Unicode)